Dec 21, 2008

မမျှော်လင့်ထားပဲ ငါတို့ဆုံဆည်းခဲ့ကြတယ်
အကြောင်းကြောင်းကြောင့် စကားတွေပြောမိကြတယ်
ထင်မှတ်မထားပဲ သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်
နီးလိုက်ဝေးလိုက်နဲ့ ငါတို့ဖြတ်သန်းကြတယ်
အဲ့ဒီနေ့ရက်တွေဟာ ပျော်ရွှင်ခြင်းအတိမပြီးပေမယ့်
နွေးထွေးမှုတွေဝေမျှ ခိုလှုံခဲ့ကြတယ်
ပခုံးတွေငှားခဲ့၊ရင်ဘတ်တွေဖွင့်ခဲ့ကြတယ်
ဘယ်လောက်အံ့သြစရာကောင်းခဲ့လဲ
တနယ်တရပ်စီက တမိပေါက်တယောက်တွေလေ
တယောက်ကိုတယောက်ရွေးချယ်ခဲ့တယ်
ဘယ်လိုပဋိပက္ခတွေရှိခဲ့လည်း လက်တွဲမဖြုတ်ခဲ့ကြဘူး
အကောင်းဆုံးသူငယ်ချင်း မဟုတ်ခဲ့ရင်တောင်မှ
ကောင်းသောသူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်
ဒီလိုနေ့ရက်တွေကို ငါတို့ပိုင်ဆိုင်ခဲ့ကြတယ်
ဒီလိုနေ့ရက်တွေကုန်ဆုံးသွားမှာကို ကြောက်ရွံခဲ့ကြတယ်
ဒါပေမယ့် ဘ၀ရဲ့လမ်းတွေက မတူညီကြဘူး
တယောက်ဟာတယောက်ရဲ့ တစိတ်တပိုင်းစီဖြစ်ခဲ့ကြပေမယ့်
ဘ၀ရဲ့လမ်းတွေပေါ်မှာ တပိုင်းတစစီ
ငါတို့ပြန့်ကျဲ ဝေးကွာခဲ့ရတယ်
ဘယ်လိုမှ ဘယ်တော့မှ မေ့မသွားပေမယ့်
အရင်လိုအချိန်တွေက ပြန်မရနိုင်တော့ဘူး
အိပ်မက်တခုလို၊ဒဏ္ဌာရီတပုဒ်လို
ကိုယ်စီရင်ဘတ်တွေထဲစွဲထင်နေခဲ့ပြီ။ ။


ဒီကဗျာလေးကို ကျွန်တော်အမည်ပေးမထားပါဘူး၊ကိုယ့်ခံစားချက်နဲ့ကိုက်ညီမယ်ဆိုရင်
comment နေရာမှာ အမည်ပေးသွားစေလိုပါတယ်။

No comments: