Showing posts with label ရင်တွင်းဖွဲ့. Show all posts
Showing posts with label ရင်တွင်းဖွဲ့. Show all posts

Nov 28, 2010

ငယ်အိမ်မက်ကလေး

ငယ်အိမ်မက်ကလေးကို သူအိမ်မက်အမြဲမက်တယ်။
ငယ်အိမ်မက်ကလေးကို သူရှာနေခဲ့တာ ကြာပြီ။
ငယ်အိမ်မက်ကလေးလို့ ထင်ရတာတွေ သူတွေ့မိတယ်။
ငယ်အိမ်မက်ကလေးကို သူတွေ့ပြီ။
သူကြည်နူးမိတယ်။
ငယ်အိမ်မက်ကလေးကို သူနှုတ်ဆက်လိုက်တယ်။
ငယ်အိမ်မက်ကလေးက ပြောတယ်။
ငယ်ငယ်တုန်းက ကျောင်းမှာ သူ့လိုနာမည်နဲ့ သူငယ်ချင်းတယောက် ရှိခဲ့တယ်တဲ့။
အဲ့ဒါ သူပါပဲလို့ ငယ်အိမ်မက်ကလေးကို ပြောလိုက်တယ်။
ငယ်အိမ်မက်ကလေး အံ့သြသွားတယ်။
ပြန်တွေ့ရတာ ဝမ်းသာပါတယ်တဲ့ ငယ်အိမ်မက်ကလေးကပြောတယ်။
ငယ်အိမ်မက်ကလေးနဲ့ သူ ကျောင်းတုန်းက သူငယ်ချင်းတွေအကြောင်း မေးမိပြောမိတယ်။
အဲ့နောက်တော့ ငယ်အိမ်မက်ကလေးနဲ့ သူနဲ့ မဆုံဖြစ်ဘူး။
ငယ်အိမ်မက်ကလေးကို သူအမြဲစောင့်ကြည့်တယ်။
ငယ်အိမ်မက်ကလေးရဲ့ ဓါတ်ပုံတွေကို ကြည့်ပြီး ငယ်ငယ်တုန်းကအကြောင်းတွေကို သူသတိရတယ်။
ငယ်အိမ်မက်ကလေး ရုပ်မပြောင်းဘူး။
ငယ်အိမ်မက်ကလေးက ငယ်ငယ်တုန်းကအတိုင်းပဲ။
ငယ်အိမ်မက်ကလေးမှာ ရည်ရွယ်ထားသူရှိတယ်။
သူ ကြေကွဲမိတယ်။
ဒါပေမယ့် သူဝမ်းသာပါတယ်။
ငယ်အိမ်မက်ကလေးနဲ့ သူနဲ့က အနေအထားချင်းမတူဘူး။
ဝေးဝေးကနေ သူ လွမ်းတယ်။
သူ့ကြောင့် ငယ်အိမ်မက်ကလေး စိတ်အနှောင့်အယှက်ဖြစ်မှာ သူမလိုလားဘူး။
သူ့အိမ်မက်ထဲရောက်ရောက်လာတဲ့ ငယ်အိမ်မက်ကလေးကိုပဲ သူမျှော်နေမိတယ်။
ငယ်အိမ်မက်ကလေးရဲ့သတင်းတွေကို သူအမြဲနားစွင့်တယ်။
သူ့အိမ်မက်ထဲမှာပဲ ငယ်အိမ်မက်ကလေးကို သူကသူ့ရင်သူဖွင့်ပြချင်တယ်။
လားရာလမ်းချင်းမတူတဲ့အလျှောက် ရောက်တဲ့ခရီးချင်းကမတူဘူး။
ငယ်ငယ်ကမက်ခဲ့တဲ့ အိမ်မက်ကို ငယ်ဘဝမှာ မထားခဲ့နိုင်သူ။
ကိုယ့်ဒါဏ်ရာကိုယ်ပြန်ရှာရင်း တိတ်တိတ်ကလေးနဲ့ ရူးနေရတဲ့သူ။
ငယ်အိမ်မက်လေးကတော့ ဘာကိုမှ သိမှာမဟုတ်ပါဘူး။
ငယ်အိမ်မက်ကလေးရယ် မတူတာတွေကို မတုချင်ပါဘူး။
ဝေးဝေးက ကြည့်
ဝေးဝေးက လွမ်း
ဝေးဝေးကနေပဲ တမ်းတနေပါရစေ။
ငယ်အိမ်မက်ကလေးရေ...
ဟော့ဒီကမ္ဘာကြီးရဲ့တနေရာမှာ
မင်းနဲ့သာသက်ဆိုင်တဲ့
အရောင်မပါတဲ့အချစ်တခု ရှိခဲ့တယ်ဆိုတာ
မင်းသိခဲ့မယ်ဆို ကျေနပ်ပေးပါ။
နားလည်ပေးပါ။
ငယ်အိမ်မက်ကလေးရေ...
ဟောဒီသံသရာစက်ဝန်းတနေရာရာမှာ
အခွင့်သာရှိခဲ့မယ်ဆိုရင်
အသစ်တခါပြန်ဆုံချင်သေးတယ်။
ငါ့ညတွေထဲ
အရိုးသားဆုံးမျှော်လင့်လိုက်ပါရဲ့
ငယ်အိမ်မက်ကလေးရယ်...။   ။

Apr 27, 2010

သားမိုက်တယောက်၏ နေ့ရက်များ

အရင်လိုမမိုက်တော့ပေမယ့်အမေ့ရဲ့သားဟာအရင်လိုခေါင်းမာနေတတ်ဆဲပါအမေ။ကျွန်တော်ဟာ အမေမျှော်လင့်ထားသမျှကျိုးကြေပျက်စေခဲ့သူပါ။အမေမှာတဲ့စကားမှန်သမျှခဏခဏချိုးဖောက်တတ်တဲ့ ကျွန်တော်ဟာအမေ့ရဲ့သားအလတ်ကောင်။တမိပေါက်တယောက် ဆိုတဲ့အတိုင်းပါပဲ။
အမေ့သားသုံးယောက်ထဲမှာ အလတ်ကောင်ကျွန်တော်ဟာအမြဲလိုလို ဂြိုဟ်မွှေတတ်တဲ့ကောင်ပါ။
ရောက်လေရာရာမှာပြဿနာရှာတတ်လွန်းလို့ အမေ့ရဲ့သားဟာ လူမုန်းများတယ်။
လိမ္မာဖို့၊ရင့်ကျက်ဖို့ ကြိုးစားနေရင်းနဲ့မှ စိတ်ကိုအလိုလိုက် တခါတခါထထမိုက်တတ်တဲ့ အမေ့ရဲ့သားပါ။
တအူတုံဆင်းချင်းတူပေမယ့် ဘ၀အကျိုးပေးမတူပုံများ ကျွန်တော်ဟာအမေနဲ့အမြဲအဝေးမှာ။
ဒါပေမယ့်အမေရယ် အဝေးရောက်သားဆိုးတယောက်ရဲ့ရင်ထဲမှာလည်းအမေဆိုတာရှိတယ်။
တောင့်တတတ်တယ်အမေ။သတိမရအောင်နေတတ်နေပေမယ့် မငိုပဲစိုတဲ့မျက်ရည်၊မခေါ်ပဲ
ကြားနေမိတဲ့အသံ၊အလိုလိုထင်တဲ့မြင်ကွင်း ဒီချစ်ခြင်းတရားတွေကဘယ်တော့မှ
ခြောက်ခမ်းမသွားဘူးအမေ။အမေ့ရဲ့အိမ်ဟာ ကျွန်တော့်အတွက်နားပူပေမယ့် အရာရာမှာ
လုံခြုံအေးမြတယ်အမေ။ကျောတခင်းစာနေရာချင်းတူပေမယ့် အမေ့ရဲ့အရိပ်အောက်မှာလောက်
ဘယ်နေရာမှာမှ ကျွန်တော်အိပ်ရေးမ၀ခဲ့ဘူးအမေ။ကျွန်တော့်အတွက်တော့ ဘ၀မှာ
တန်ဖိုးအကြီးဆုံးပေးလိုက်ရတဲ့ သင်္ခန်းစာတခုပါအမေ။ကိုငှက်ရဲ့သီချင်းလိုပေါ့။

"အားလုံးထက်ပိုပြီး နွေးထွေးလုံခြုံတဲ့နေရာက အမေ့အိမ်လေးပဲဆိုတာ သိလိုက်ရတဲ့အချိန်မှာ
ကျွန်တော်က...ဟိုးအဝေးကြီးကို ရောက်လို့နေခဲ့ပါပြီ"
အမေနဲ့ဝေးတော့မှ ကျွန်တော်ဟာအမေ့ရဲ့မေတ္တာတရားကို နားလည်တတ်ခဲ့ပြီ။
ကိုယ့်ကိုကိုယ်ပြုပြင်ပြောင်းလဲရင်းနဲ့ အချိန်တန်တဲ့တနေ့ ကျွန်တော်အမေ့ရင်ခွင်မှာ
တခါခိုလှုံခွင့်ရချင်သေးတယ်အမေ။ချစ်သောမေမေ သာယာပျော်ရွှင်ပါစေ။ ။

Nov 6, 2009

လူကုန်ကူးမှုနှင့် အလုပ်ရှာဖွေရေးအေဂျင်စီ

ယေဘူယျအားဖြင့် ကျွန်တော်တို့ နားလည်ထားသော လူကုန်ကူးမှုဆိုသည်မှာ
အရွယ်မရောက်သေးသောသူများနှင့်အမျိုးသမီးများအား တဖက်နိုင်ငံတွင်
ဝင်ငွေကောင်းသောအလုပ်ရမည်ဟုဆိုကာ ဖျားယောင်းပြီး တဖက်နိုင်ငံသို့ပို့ဆောင်
ရောင်းချခြင်းဖြစ်သည်။တချို့ကားအခိုင်းအစေ၊တချို့ကား လိင်ကျေးကျွန်။
အလုပ်ရှင်၏ နှိပ်စက်မှုကြောင့် အသက်ဆုံးရသူကိုယ်အင်္ဂါ ချို့ယွင်းရသူများမှာ
မနည်းလှပေ။ထိုအလုပ်မှထွက်ပြေးသောသူများမှာလည်း တဖက်နိုင်ငံတွင်
တရားမ၀င်နေထိုင်မှုဖြင့် ဥပဒေအရ အရေးယူခံကြရသည်။
လူကိုလူချင်း ခေါင်းပုံဖြတ်အမြတ်ထုတ်သော ထိုလူမဆန်လှသည့်လူကုန်ကူးမှုကို
တိုက်ဖျက်ရမည်မှာ ကျွန်တော်တို့ လူသားတိုင်း၏တာဝန်ဖြစ်သည်။
နိုင်ငံရပ်ခြား အလုပ်အကိုင်ကြော်ငြာများကို သင်မြင်တွေ့ဖူးပေလိမ့်မည်။
မက်လောက်စရာလစာနှင့်ခံစားခွင့်များ၊ကောင်းမွန်သောလုပ်ငန်းခွင်များ
အစရှိသဖြင့် ဖော်ပြပြီး ၀န်ဆောင်ခယူကာ နိုင်ငံခြားသို့ ပို့ဆောင်ပေးနေသော
အေဂျင်စီများမှာတနေ့တခြားတိုးပွားလာသည်။အေဂျင်စီအချို့က
ကြော်ငြာထားသည့်အတိုင်း ၀န်ဆောင်မှုပေးသော်လည်း အများစုမှာ အပြောနှင့်
အလုပ် မတူညီတတ်ကြပေ။မည်သည့်အလုပ်လုပ်ရမည် လစာမည်မျှရမည်ဆိုသော်လည်း
လက်တွေ့တွင် ရသည့်လစာနှင့်အလုပ်မှာကောင်းမွန်ခြင်းမရှိပေ။ပို၍ဆိုးသည်မှာ
မည်ကဲ့သို့သောအလုပ်အမျိုးအစားဟု အေဂျင်စီကသိသော်လည်း ဟိုရောက်လျှင်တခြားသော
အလုပ်ပါဟုဆိုကာ( ပြည်တွင်းမှထွက်ခွာရလွယ်ကူသောအလုပ် သို့မဟုတ်
ဗီဇာအကျမြန်သောအလုပ်ဟုဆိုကာ)ထိုအလုပ်ကိုပင် လုပ်ကိုင်ရန်တိုက်တွန်းပြီး
စာချုပ်ချုပ်ထားလေ့ရှိကြသည်။အရေးပေါ်သော် သူတို့တာဝန်ကင်းစေရန်ဖြစ်သည်။
ဥပမာအားဖြင့်fast foodဆိုင် kitchenထဲတွင်လုပ်ရမည်ဖြစ်သော်လည်း
waiter,caisher အစရှိသောpost များလျှောက်သောသူများကို
ပြည်တွင်းမှထွက်ခွာရလွယ်ကူရန် သို့မဟုတ် ဗီဇာအကျမြန်ရန်ဟုဆိုကာ
ထိုappointmentနှင့်ပင် လက်မှတ်ထိုးခိုင်းပြီး စေလွှတ်ကြသည်။
ဟိုရောက်လျှင် မူရင်းpostရမည်ဟု လိမ်လည်ကြသည်။တကယ်တမ်းတွင် kitchenထဲတွင်လုပ်ရပြီး
မကျေနပ်လို့ပြောရာတွင်စာချုပ်ကိုပြ၍ အကျပ်ကိုင် ချိန်းခြောက်ကြသည်။
တနေ့၈နာရီသာ လုပ်ရမည်ဆိုသော်လည်း တကယ်တမ်းတွင် တနေ့၁၂နာရီလုပ်ရခြင်း၊
အချိန်ပိုလုပ်ခပေးမည်ဆိုသော်လည်း ILOမှသတ်မှတ်ထားသည့်
နှုန်းထားအတိုင်းမရပဲ မလုပ်မနေရလုပ်ကိုင်ရခြင်း၊နေရာထိုင်ခင်းစီစဉ်ပေးမည်ဆိုသော်လည်း
စီစဉ်ပေးသည်မှာ ကျန်းမာရေးနှင့်ညီညွတ်မှုမရှိခြင်း အစရှိသည်များအပြင်
အခြားအခက်အခဲများနှင့် ရင်ဆိုင်ရသည်။အလုပ်သမားမှ
မကျေနပ်၍ တိုင်တောသောအခါတွင် အလုပ်ရှင်မှ လူမိုက်ငှား၍ ရိုက်နှက်ခြင်း၊
ရဲခေါ်၍ဖမ်းဆီးခိုင်းခြင်း၊passport ပြန်မပေးပဲ
အလုပ်မှထုတ်ပစ်ခြင်းအစရှိသဖြင့် ပြုမူကြသည်။
လုပ်ချင်ချင် မလုပ်ချင်ချင် သက်တမ်းပြည့်သည့်အထိ လုပ်ကိုင်ပေးရသည်။
အေဂျင်စီများနှင့်ဆက်သွယ်သောအခါတွင်လည်း မည်သည့်အကူအညီမျှမရ
သူတို့နှင့်မဆိုင်သလို သဘောထားကြသည်။
တကယ်တမ်းတွင် ဤအလုပ်ကို လုပ်ကိုင်ရန် အမျိုးမျိုးသွေးဆောင်ပြီး
ဝန်ဆောင်ခယူထားသူများမှာ အေဂျင်စီများဖြစ်သည်။အလုပ်
သမားနှင့် အလုပ်ရှင်ကြားမပြေလည်မှုများ၊အလုပ်သမား၏လိုအပ်ချက်များကို
အေဂျင်စီများမှ တာဝန်ယူဖြေရှင်းပေးသင့်သည်။ယခု
တွင်မတော့ ပြောသည့်အလုပ်ကတမျိုး၊လုပ်ရသည်က တခြား၊ခံစားခွင့်ကတလွဲ။
ဤနေရာတွင် လူကုန်ကူးမှုဆိုသည်မှာ အဘယ်နည်းဟု ကျွန်တော်တို့ စဉ်းစားရမည်။
ယခုကဲ့သို့ ၀န်ဆောင်ခယူကာနိုင်ငံခြားတွင် ဖြစ်ချင်ရာဖြစ် သဘောထားသော
အေဂျင်စီများကိုလည်း လူကုန်ကူးသူများဟု ကျွန်တော်တို့မပြောနိုင်ပြီလော။
ထိုကိစ္စများကိုလည်း ကျွန်တော်တို့ ရှုတ်ချ၊အပြစ်မတင်သင့်ပြီလော။

Nov 3, 2009

စိတ်ဒဏ်ရာ

ကိုယ့်ကျင်းကိုယ်တူးရင်း

ဒုက္ခနဲ့လှလှရင်ဆိုင်

ကံဆိုးရှာသူလေးရဲ့

ရင်ဘတ်ငရဲပြခန်း

ဘယ်သူမျှဝေခံစားပေးမလဲ။ ။

May 26, 2009

မင်းသိပါတယ်

ဒီလိုပါပဲ။မင်းဘ၀နဲ့မင်း ငါ့ဘ၀နဲ့ငါပေါ့။ဘယ်လိုလုပ်ပြီးတူညီနိုင်မှာလဲ။ငါ့အကြောင်း မင်းသိသ
လောက် မင်းအကြောင်းလည်း ငါသိနေတာပဲ။အရေးမကြီးပါဘူးကွာ။ကိုယ့်အကြောင်း ကိုယ်
သိရင် ပြီးတာပါပဲ။ငါဘာကိုဆိုလိုလဲ မင်းသိပါတယ်။လူဆိုတာကိုယ့်ကိုကိုယ် နားလည်ရတယ်။
ဗလာဗလာစကားတွေပြောပြီး မင်းငါ့ကိုဆက်ဆံနေလည်း မင်းရဲ့စိတ်ထဲမှာ အကန့်အကန့်လေး
တွေ ရှိတယ်ဆိုတာ ငါသိနေတယ်။ခနဲ့တဲ့တဲ့ ရိထေ့ထေ့ စကားလုံးတွေက ငါ့ကိုဗုံးမှန်စေတယ်
ဆိုတာ မင်းသိပါတယ်။ဒါပေမယ့်ကိုယ့်လူ ငါဆိုတဲ့ကောင်က မျိုချထားတတ်တယ်ဆိုတာ မင်း
ထပ်ပြီးသိထားဖို့လိုတယ်။ညောင်မြစ်တွေတူးတဲ့အခါ ပုတ်သင်ဥတွေပေါ်ကြတယ် ဆိုတာသိမှာ
ပေါ့။no 1 perfect တဲ့ကိုယ့်လူ။ဘယ်သူကဘာကောင်ဆိုတာ ကိုယ့်ကိုကိုယ်သိကြတာပဲ။ဘဝ
ဆိုတာက ရပ်တန့်နေတာမှမဟုတ်တာ၊အချိန်အတိုင်းအတာတခုအတွင်းမှာ တချို့အရာတွေကို
ပြောင်းလဲလို့ရတယ်။ဆိုပါစို့ ငါတို့တယောက်ဆီမှာ ဖွံဖြိုးတိုးတက်မှုတွေရှိတယ်။ဒါပေမယ့် တူညီကြမှာတော့ မဟုတ်ဘူး။တချို့တချို့သောအရာတွေ ငါမစွမ်းဆောင်နိုင်သလို မင်းလည်း
ဒီလိုပါပဲ။ဘ၀ကိုတည်ဆောက်ကြရာမှာ ပြီးခဲ့တဲ့အကြောင်းအရာတွေ ငါပြန်မပြောလိုဘူး။ကိုယ့်
ခြေထောက်ပေါ်ကိုယ်ရပ် ကိုယ့်နှာခေါင်းနဲ့ကိုယ်အသက်ရှု။ဆိုလိုရင်းတွေက ရှင်းပါတယ်။အပေါ
စားဆန်တဲ့ အကြောင်းအရာတွေ၊အရိပ်လိုတစ္ဆေခြောက်နေမယ့်အကြောင်းအရာတွေ။ငါမေး
ကြည့်မယ်ကိုယ့်လူ မင်းရဲ့စိတ်ဟာလုံခြုံပြီလား။ရှက်တတ်ရင်သေလို့ရတယ်တဲ့။တချို့တွေက
ပြောကြတာပဲ။ရှင်းချက်ထုတ်ရန်အကြောင်းပြချက်တွေ ရှိရင်ပြောပါ။စော်ကားတိုက်ခိုက်သလို
ဖြစ်သွားရင်တော့ စိတ်မကောင်းပါဘူး။ငါဆိုတဲ့ကောင်က ဒီအတိုင်းပဲ။ပြောချင်ရာပြော လုပ်ချင်ရာ
လုပ်တတ်တာ မင်းအသိ။မတူညီတဲ့အရာတွေကို တန်းမညှိချင်စမ်းပါနဲ့။ကျော်တက်လို့ရရင် ကျော်
တက်သွားပေါ့ကွာ။အကြောင်းတိုက်ဆိုင်လာတဲ့တနေ့ ကြိုးဝိုင်းထဲမှာ ငါတို့ပြန်တွေ့ကြနိုင်တယ်။
မဟုတ်ရင်လည်း ၀ိုင်းအပြင်မှာပေါ့ကွာ။ ။

May 20, 2009

အစိမ်းအတိုင်းကွဲ အရင်အတိုင်းပဲ

အရင်လိုပါပဲ။အနားမှာနင်မရှိတာကလွဲရင် အရာရာဟာအရင်လိုပါပဲ။ထိုင်နေကြ လက်ဘက်ရည်ဆိုင်လည်း အရင်လိုဆူညံနေဆဲပါ။နင်မကြိုက်တဲ့ ဆေးလိပ်သောက်ခြင်း
အပြုအမူမှာလည်း ငါပျော်ဝင်ခုံမင်ဆဲပါ။နင်အမြင်ကတ်တဲ့ ငါ့ရဲ့အပေါင်းအသင်းတွေလည်း
တေပေလေလွင့်နေတုန်းပဲ။အရည်မရအဖတ်မရစကားတွေပြောပြီး လက်ဘက်ရည်ဆိုင်မှာ
အချိန်ဖြုန်းနေကြဆဲပါ။လူတွေကလည်း ငါတို့ကို အထင်သေးတဲ့မျက်လုံးတွေနဲ့ကြည့်ဆဲ အမြင်
တွေစောင်းတေဆဲပါ။လူသိပ်မကြိုက်တဲ့စာအုပ်တွေဖတ်ပြီးငါ့ရဲ့ညတွေကုန်ဆုံးနေမြဲပါ။တခါ
တုန်းက နင်ကြိုက်တတ်ခဲ့တဲ့ ကဗျာတွေကိုလည်း ငါဖက်တွယ်ထားဆဲပါ။ဒါပေမယ့် နင်မယုံကြည်
ခဲ့ပါဘူးလေ။နင်တို့အိမ်နားက အုတ်ခုံလေးမှာ သီချင်းတွေဆိုဖြစ်နေတုန်းပဲ။ဟိုးတုန်းကလိုပဲ
နင်တို့အိမ်က တခါတလေ ရဲတိုင်နေတုန်းပဲလေ။အထူးသဖြင့်နင်မကြိုက်တဲ့အရက်တွေ
သောက်ပြီး အသည်းကွဲသီချင်းတွေ သွားသွားအော်တဲ့အခါမျိုးမှာပေါ့။ငါ့ကိုကြည့်မရတဲ့
နင့်ရဲ့အမကလည်း ငါ့ကိုတွေ့တာနဲ့ မဲ့ရွဲ့နေတုန်းပဲဟာ။ငါ့ပိုက်ဆံအိတ်ထဲမှာ တမြတ်တနိုး
သိမ်းထားတဲ့ နင့်ရဲ့ဓါတ်ပုံလေးကလည်း ခပ်တည်တည်ခပ်တင်းတင်း ကြည့်နေတုန်းပဲဟာ။
နင်ပေးထားတဲ့ လက်ကိုင်ပုဝါလေးက အရောင်တွေလွင့်သွားပေမယ့် ငါ့ရဲ့လက်မှာစည်းနှောင်
ထားဆဲပါ။နင်အမြဲပြောတတ်သလို ငါ့ရဲ့အိမ်ကလည်း ကျောင်းပြန်တက်ဖို့ တိုက်တွန်းဆဲပါ။
ငါဆိုတဲ့ နင်ချစ်ခဲ့တဲ့ကောင်ကလည်း အရင်တုန်းကလို စိတ်ထဲရှိတာတွေ လျှောက်လုပ်နေတုန်းပဲ။
နင်မကြိုက်တဲ့ အပြုအမူတွေကို လက်ခံကျင့်သုံးနေဆဲ၊သူငယ်ချင်းအပေါင်းအသင်းတွေနဲ့
ရန်ပွဲတွေမှာ ပါဝင်ဆင်နွဲနေဆဲ၊လူကြီးသူမတွေနဲ့ သဟဇာတဖြစ်အောင် မပေါင်းသင်းတတ် အနေ
အထိုင်မတတ်ဆဲပါ။နင်နဲ့ငါအတူရှိနေတုန်းက ဘာအခွင့်အရေးမှမယူတတ်ခဲ့သလို ငါ့အနားကနင်
ထွက်သွားတော့လည်း မတားမြစ်ရက်ခဲ့သူပါ။နင်တော့သိနိုင်မှာမဟုတ်ပါဘူးလေ။နင်ထွက်သွား
တဲ့အချိန်ကစပြီး အချိန်တိုင်းမှာ နင်ပြန်လာမယ့်နေ့ကို ငါမျှော်လင့်နေဆဲပါ။ငါ့ရင်ထဲမှာ နင့်ကိုချစ်
တဲ့အချစ်တွေက ရှင်သန်ပူနွေးဆဲပါ။ပြောင်းလဲတတ်တဲ့လောကကြီးထဲမှာ ငါဘာကိုမှ မပြောင်းလဲ
သေးဘူးဆိုတာ နင်မြင်နိုင်မလား။ငါ့အနားမှာ နင်မရှိတော့တာကလွဲရင် ငါ့အတွက်ကတော့
အရာရာဟာအရင်လိုပါပဲ။နင်ထားခဲ့တဲ့အတိုင်းပေါ့။ ။