Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Sep 16, 2021

 

အလိုလိုနေရင်းနဲ့မှပဲ ငြီးငွေ့လာတယ်
အရာရာဟာ ခဏတာပဲ
စိတ်ဓါတ်ကျနေတာလား ဆိုတော့လည်း
မဟုတ်ဘူး
မပျော်ရွှင်နိုင်တာ
မွန်းကျပ်နေတာ
ထိလွယ်၊ ရှလွယ်
စိတ်တိုနေတတ်တာ
တိတ်ဆိတ်နေတတ်တာ
အာရုံစိုက်လို့ မရတော့တာ
မတွေးချင်တော့တာ
မပြောချင်တော့တာ
မလုပ်ချင်တော့တာ
………
…….
…..
.

 

ဘယ်လိပ်ပြာ တောင်ပံခတ်မှားခဲ့ပါလိမ့်
ငါတို့ရဲ့ ကစင့်ကလျားဘဝတွေ

မပျော်ရွှင်မှုတွေရဲ့အကြောင်း

 အနိဌာရုံတွေချည်းပဲ မြင်နေရ၊ ကြားနေရမှတော့

ပျော်ပါတယ်လို့ ပြောဖို့လိုသေးလို့လား
ကံမကောင်းခဲ့တာ ၅လကျော်ပြီ။
တချို့ အသက်တွေ ပေးခဲ့ရတယ်
တချို့ ဘဝတွေ စတေးခဲ့ရတယ်
တချို့ စိတ်နဲ့ကိုယ် ဝေးခဲ့ရတယ်
ဒါကို ပျော်နိုင်တယ်လို့ ထင်နေဦးမှာလား။
ပျော်ရွှင်မှုဆိုတာ
နာကျင်ခဲ့ရသမျှကို သင်ပုန်းချေလိုက်ရတာလား
တဒဂ္ ခဏတွေမှာ စိတ်ချမ်းသာအောင်နေရတာလား
ဥပေက္ခာတရားကို နားလည်ကျင့်သုံးလိုက်ရတာလား။
မတွေးတတ်တော့ဘူး။

 ခုန်ချသွားတာ ..... မဟုတ်ဘူး

လွတ်မြောက်သွားတာ ..... မဟုတ်ဘူး
ရင်ဘတ်ခြင်း ဂျက်ပင်ထိုးသွားတာ
အလင်းတွေ ဝေမျှသွားတာ
ဒီမိုကရေစီသစ်ပင်အတွက် ဝတ်မှုန်ကူးသွားတာ

Dec 29, 2012

ငါ...နဲ့...ငါ့ရဲ့...အကြောင်း

ပြီး...ခဲ့တာတွေက


ငါ့အတွက်တော့...ပြီး...သွားခဲ့ပြီလေ။



တန်ဖိုး...နဲ့...သစ္စာ...ဆိုတာ

ငါ့အတွက်တော့...မှန်တချပ်ပေါ့

မင်း...ဖေါက်ထွင်းမြင်နိုင်သလို

မင်း...ကိုယ်မင်းလည်း...ပြန်မြင်မှာပါ။



အချစ်မှာ...အကြောင်းပြချက်...မရှိဘူးကလေးရေ

ခေါင်းစဉ်တွေ...လာလာ..မတပ်ပါနဲ့

ငါသိတဲ့...အချစ်...ဆိုတာ

နားလည်မှု...နဲ့...တည်ဆောက်...ယူရမယ့်အရာ

တချို့တွေ...အတွက်ကတော့

အချစ်...ဆိုတာကိုက...အကြောင်းပြချက်

ဖြစ်ချင်...ဖြစ်မှာပေါ့။



ငါဟာ...လူ...ထဲက...လူ...တယောက်ပါပဲ

ယောကျာ်း...တယောက်မှာလည်း

သ၀န်တိုခွင့်...တော့ရှိတယ်မလား။



မချုပ်...ချယ်ရက်ပါဘူး

မင်း...စိတ်နဲ့...မင်း...ကိုယ်

မင်း...ဆန္ဒအတိုင်းပါ

မြင်...နေတာတွေကို

ငါ...သတိ...ပေးချင်တာပါ။



ကိုယ့်ဘက်က...ရိုးသားပေမယ့်

တခြားတဘက်က...မရိုးသားတဲ့အခါ

နားလည်မှုဆိုတာ...အတိုင်းအတာ...ရှိလာလိမ့်မယ်။



တည်...ဆောက်ခဲ့သမျှ

ချည်...နှောင်ခဲ့သမျှ

ရစ်...ပတ်နွယ်ခဲ့သမျှ

မနာ...ကျင်ပါရစေနဲ့...ကွယ်။



ငါဟာ...မှန်..တချပ်ပါ

မင်း...ဖေါက်ထွင်းမြင်နိုင်သလို

မင်း...ကိုယ်မင်းလည်း...ပြန်မြင်မှာပါ။ ။

Aug 8, 2012

ရုတ်တရက်…ပြီးနောက်…ဆက်လက်ဖြစ်တည်မှု


သတိတွေ…ထား…နေခဲ့ရင်းနဲ့..မှ
အသိက…နောက်ကျပြန်လွန်းတယ်
မဟုတ်သေးဘူး
ဒါ…နောက်ကျောကို…ဒါး…နဲ့…ထိုးခဲ့တာ
သွေး…မထွက်ဘူး…လူ…မသေဘူး
ဒါပေမယ့်…ခံစားချက်…သေ…သွား…တယ်
လွယ်ပါတယ်…သိပ်ကို…လွယ်…ခဲ့…တယ်
သိပ်ကိုလွယ်ခဲ့လွန်းတော့လည်း
ပြန်…တွေးရင်…လွမ်းရတာပေါ့
ပြန်…ပြောရင်…အမှတ်ရတာပေါ့
မနာကျင်ပါဘူး
မထင်နဲ့…ငါက…ဟန်ဆောင်တတ်တယ်
ဘာမှ…မဖြစ်ဘူး/မဖြစ်ခဲ့ဘူး
အဲ့ဒီလို…နေတယ်/တွေးတယ်
ဒါပေမယ့်…ငါ့…ရင်ထဲမှာ
ဗလာ…..
ဗလာထည်ခံစားမှု…အကြောင်း….
သိစေချင်တယ်…ဆိုတာ
ကိုယ်တိုင်…ခံစားပြီးမှ
ဥပေက္ခာ…ဆိုတာကို…နားလည်တယ်/နားလည်လိမ့်မယ် ။  

Aug 28, 2011

"ရွေ့လျားခြင်းနဲ့အတူဟသွားခဲ့တယ်"

ပုတ်သင်ညိုလိုမနေနိုင်သရွေ့တော့
သင်းကွဲနေဦးမှာပဲ
ဘာသာစကားချင်းမတူညီကြတဲ့နောက်
ရင်ဘတ်ချင်းလည်းမညှိချင်တော့ဘူး
မလိုလားအပ်ပဲအစတွေဆွဲထုတ်နေရမှာထက်စာရင်
ကိုယ့်အမြှီးပဲကိုယ်ပြန်မျိုတော့မယ်
လမ်းကြုံရင်တော့
တခါပြန်ဆုံကြတာပေါ့။   ။

ဖြတ်သန်းခြင်း

"ဖြတ်သန်းခြင်း"
တချက်ချက်မြည်နေသော နာရီသံနှင့်အတူ
ညသည် တဖြည်းဖြည်းကုန်ဆုံးလာခဲ့သည်
ဖတ်စရာစာအုပ်များ မကျန်တော့သောအခါ
ညသည်မလှပတော့ပါ
အိပ်၍မပျော်သောသူတယောက်အတွက်
စီးကရက်များသည် အကောင်းဆုံးအဖေါ်ဖြစ်သည်
ဝရန်တာမှလှမ်းကြည့်လိုက်သောအခါ
ကောင်းကင်တွင် တိမ်များကိုသာတွေ့ပါသည်
မိုးရွာလေမလားဟု မျှော်မိသည်
မိုးကားမရွာပါ
လေလည်းမတိုက်ပါ
မကြာခဏကြားနေရသော ခွေးဟောင်သံများသည်
စိတ်ပျက်၊ငြီးငွေ့ဖွယ်ဖြစ်သည်
ညသည်မလှပါ
ထိုမလှသောညမှာမှ
အိပ်မရခြင်းသည် ကြီးစွာသောဒုက္ခဖြစ်သည်
.....
ရုပ်ရှင်တခုခုထိုင်ကြည့်နေလျှင်သော်လည်းကောင်း
တစုံတခုတွေးတောနေလျှင်သော်လည်းကောင်း
ကဗျာတပုဒ်မျှရေးခြစ်နိုင်လျှင်သော်လည်းကောင်း
အချိန်လည်းကုန်၍ စိတ်လည်းသက်သာမည်ဖြစ်သော်လည်း
အာရုံစုစည်း၍မရပါ
......
ပျံ့လွင့်နေသာစိတ်နှင့်အတူ
အလင်းတန်းများလည်း ရောက်ရှိခဲ့ပါပြီ
သိပ်မကြာမီလေးမှာပဲ
မနက်ခင်းကဖြင့် လင်းပါတော့မည်
.....
အသံများသည်လည်း စုံလင်လာပါပြီ
အလင်းများသည်လည်း စူးရှလာပါသည်
မနက်ခင်းသည် တဖြည်းဖြည်းနှင့် အသက်ဝင်လာပါတော့သည်။   ။

Aug 24, 2011

"ဒေါင်းမ"

ခင်ရယ်
သိပ်ကိုရက်ရောနေတော့လည်း
မရဲတရဲကြည့်
မသိမသာကြည့်
ခဏခဏကြည့်
ကြည့်တိုင်းလည်း
သာဓုခေါ်မိပါတယ်ခင်။

ရင်သားလှလှ
ပေါင်သားလှလှ
အလှအပဆိုတာ
ဖေါ်ကျူးနိုင်လေလေ
ခံစားလို့ကောင်းလေလေပေါ့ခင်။

ဒါပေမယ့်ခင်
လွတ်လပ်လုံခြုံမှုနဲ့
ဖျော်ဖြေမှု
တမူခြားနားတယ်ဆိုတာ
မြင်စမ်းစေချင်တယ်ခင်။ ။

Jun 19, 2011

နွံ

ဒီလိုနဲ့ပဲ ကျနော်တို့ဝေးခဲ့ကြပေါ့။

ပျိုရွယ်မှုနဲ့အတူ ပေးဆပ်လိုက်ရတဲ့
ကျနော်တို့ရဲ့ လွတ်လပ်ပျော်ရွှင်မှုများ
ကျနော်တို့ဟာ ဘဝအမောတွေကြားမှာ
ရုန်းကန်ရင်းနဲ့
မနက်ဖန်ကိုပဲ မျှော်နေမိကြ
မျှော်နေမိရတယ်။

အရင်လိုနွေးထွေးမှုတွေ
အရင်လိုဖြူစင်မှုတွေ
တစစမှုန်ဝါးပျောက်ကွယ်
ကျနော်တို့ ဟက်ဟက်ပက်ပက်မရယ်ခဲ့ရတာ
ဘယ်လောက်များကြာခဲ့ပြီလဲ။

ကျနော်တို့ မိုက်မဲခဲ့ကြတယ်
ကျနော်တို့ မှားယွင်းခဲ့ကြတယ်
ကျနော်တို့ ရူးသွပ်ခဲ့ကြတယ်
အခုတော့  အရာရာချင့်ချိန်နေရတဲ့ ဘဝမှာ
စိတ်သွားတိုင်းလည်း ကိုယ်မပါနိုင်တော့ဘူး။

ဒီလိုနဲ့ပဲ
မျိုသိပ်ရင်း၊ကြိတ်မှိတ်ရင်းနဲ့
ငြီးငွေ့မှုနဲ့အတူ
ငြီးတွားတတ်၊အဆိုးမြင်တတ်
သံသယတွေနဲ့ ဘောင်ခတ်ပြီး ကြည့်တတ်ခဲ့ပြီ
ရင်ထဲကမပါလည်း စကားကိုချိုအောင်ပြောတတ်ခဲ့ပြီ
ဒုတိယမျက်နှာနဲ့လည်း အသားကျတတ်ခဲ့ပြီ။

လောကဓံကိုခုခံ
လောကဓံကိုတွန်းလှန်ရင်း
ဘဝဝင်္ကပါထဲမှာ
ကျနော်တို့ဟာ ကျနော်တို့ကိုပြန်ရှာရင်း
ကျနော်တို့ဟာ ကျနော်တို့နဲ့ ဝေးခဲ့ရပေါ့။   ။

Jun 18, 2011

သို့ မစံပါယ် (မပြောဖြစ်ခဲ့တဲ့ ပြောဖြစ်မှာမဟုတ်တဲ့ တကိုယ်ရည်ခံစားမှု)

ရိုးရိုးလေးပါပဲ မစံပါယ်
ဆန်းကျယ်တဲ့ ကိစ္စမဟုတ်ပါဘူး
ပန်းတွေပွင့်လာကြတယ်
ပန်းတွေကြွေသွားကြတယ်
ကျနော်မစံပါယ်ကိုချစ်တယ်
သဘာဝရဲ့အလိုအလျောက်ဖြစ်တည်မှုမှာ
တုံ့ပြန်မှုတစုံတရာအတွက်
ဘယ်အရာက မျှော်လင့်ချက်ရှိခဲ့လို့လဲ
လူတွေအသိအမှတ်ပြုဖို့အတွက် ပန်းတွေပွင့်လာတာမဟုတ်သလို
မစံပါယ်သိဖို့အတွက်လည်း ကျနော်ချစ်ခဲ့တာမဟုတ်ဘူး
ဒါပေမယ့် ပန်းတွေပွင့်ကြတယ်
ကျနော် မစံပါယ်ကိုချစ်တယ်
ရိုးရိုးလေးပါပဲ မစံပါယ်
ကျနော်မစံပါယ်ကို ချစ်တယ်ဆိုတာ
တကယ့်ကို ရိုးရိုးသားသားပါ။   ။

Jun 17, 2011

အချစ်ဆိုတာ

အချစ်ဆိုတာ လမ်းပေါ်ကဝေါဟာရဖြစ်တယ်
အချစ်ဆိုတာ ကျောင်းအိမ်သာနံရံပေါ်ကစကားလုံးဖြစ်တယ်
အချစ်ဆိုတာ ကန်းစေတတ်တဲ့အရာတခုဖြစ်တယ်
အချစ်ဆိုတာ ငတ်မပြေတဲ့ပင်လယ်ရေဖြစ်တယ်
အချစ်ဆိုတာ မူးယစ်ဆေးတမျိုးဖြစ်တယ်
အချစ်ဆိုတာ လူသတ်လက်နက်တခုဖြစ်တယ်
အချစ်ဆိုတာ တရားဝင်ကာမဆက်ဆံခွင့်လိုင်စင်ဖြစ်တယ်
အချစ်ဆိုတာ ကံ၅ပါးကိုချိုးဖေါက်စေနိုင်သောအရာဖြစ်တယ်
အချစ်ဆိုတာ ကိုယ့်လည်ပင်းကိုကိုယ်ချည်တဲ့ကြိုးဖြစ်တယ်
အဲ့ဒီအချစ်ဆိုတာနဲ့ပဲ...
ခင်ဗျားရဲ့စိတ်ကို ကျနော်ထောင်ဖမ်းခဲ့တာ
တကယ်တော့ဒါဟာ အပျင်းပြေရေးမိတဲ့ ကဗျာပါ
အထက်ပါအကြောင်းအရာများနဲ့ ခင်ဗျားငြိသွားခဲ့ရင်တော့
ကိုယ့်ဒေါသနဲ့ကိုယ်ပဲကိုယ့်လူ။   ။

Jun 16, 2011

ကြေးစား

ဒုတိယဘုရားခင်ရဲ့ ထိန်းချုပ်မှုမှာ
ပျော်ရွှင်မှုအတုတွေနဲ့ ဖျားယောင်း
ခံစားချက်အတုတွေနဲ့ စိတ်ဖြေ
ဘာသာတရားအတုကို ကိုးကွယ်
ယဉ်ကျေးမှုအတုမှာ စီးမျော
နိုင်ငံရေးအတုမှာ မိန်းမော
အနုပညာအတုမှာ ယစ်မူး
ဘဝက စက်ဆန်လာခဲ့ပြီ။   ။

Jun 15, 2011

ကျောမွဲ

နောက်မှာကျောပဲရှိတဲ့ဘဝမှာ
ကျနော်တို့ရင်းနှီးခဲ့သမျှဟာလည်း
လူမှုဒုက္ခတွေကြားမှာ
ကျနော်တို့မျှော်လင့်ခဲ့သမျှဟာလည်း
နှစ်ကာလတွေကြားမှာ
လက်ဖဝါး၊ခြေဖဝါးနဲ့တင်
ဘဝဟာ ခရီးအတော်ပေါက်ခဲ့ပြီ။   ။

Jun 14, 2011

ယေဘူယျများ

ည၊အမှောင်၊အိပ်မက်၊အသံ၊
ဆေးလိပ်၊မီးခိုး၊အချစ်၊
လိင်ကိစ္စ၊သေဆုံးခြင်း၊အလွမ်း၊
ဖဲချပ်၊ကံကြမ္မာ၊
မူးယစ်ဆေး၊စိတ်ရောဂါ၊
အဆင်မပြေမှု၊ဆင်းရဲခြင်း၊
သစ်ရွက်၊တိမ်တိုက်၊လေပြေ၊
ပန်း၊ရနံ့၊ဆံပင်၊သနပ်ခါး၊
နိုင်ငံရေး၊ဘာသာတရား၊သဘာဝ၊
မျက်ရည်၊အပြုံး၊အမှိုက်၊
မသိခြင်း၊မသေချာမှု၊အချိန်၊
လျှို့ဝှက်ခြင်း၊ပျောက်ဆုံးခြင်း၊ကူးစက်ခြင်း၊
ဘာသာစကား၊သဒ္ဒါအထားအသို၊ပုံစံ၊...။   ။

အသံတွေ ကြား ကြား နေရတာက စတာပဲ

အသံတွေ ကြား ကြား နေရတာက စတာပဲ
အလိုလိုနေရင်းနဲ့မှ အသံတွေ ကြား ကြား နေရတယ်
နှလုံးခုန်သံ
သွေးခုန်သံ
အသက်ရှုသံ
လေလည်တဲ့ အသံ
နားရွက်ခတ်တဲ့ အသံ
ချောင်းဟန့်တဲ့ အသံ
ဟိုဘက်ခန်းက သီချင်းသံ
သီချင်းထဲက bassသံ
အပြင်က စကားသံ
air conက အသံ
ရေခဲသေတ္တာ စက်သံ
မီးဖိုခန်းက အသံ
စိတ်ထဲက အသံ
အသံတွေကြား ကြားနေရတော့
ကြားနေရတဲ့ အသံတွေနောက်ကို
စိတ်ကလိုက်
လိုက်နေတဲ့စိတ်ကို သတိနဲ့ထိန်းတုန်းမှာ
အသံတွေ ပြန်ကြားတော့တာပဲ။   ။

May 22, 2011

တာဝန်

မိသားစုအတွက်
ကျနော့်ဘဝကို ပေးခဲ့ပြီးပြီမေမေ
အချိန်ကျလာတဲ့တနေ့
နိုင်ငံနဲ့လူမျိုးအတွက်
ကျနော့်ဘဝကို စတေးချင်သေးတယ်။   ။

Apr 17, 2011

ဆန်တီယာဂို

မွေးရာပါချို့တဲ့မှုနဲ့
ဘဝကအသားသေပြီးသား
ခရီးမပေါက်တဲ့လမ်းတွေပေါ်မှာ
ဖေါင်အခါခါဖျက်ရင်း
အသက်ရှုပိုပိုကျပ်လာတယ်
ကျနော်ဟာနွားပါ။   ။

Apr 15, 2011

အကျဉ်းချုပ်

အသက်(ပိုပို)ကြီးလာတာရယ်
ခါး(ပိုပို)ကိုင်းလာတာရယ်
မျက်စိ(ပိုပို)မှုန်လာတာရယ်
အစွန်းအထင်း(ပိုပို)များလာတာရယ်ကလွဲလို့
ကျနော်ဟာ မိမွေးတိုင်း၊ဖမွေးတိုင်းပါပဲ။   ။

Mar 2, 2011

သစ္စာလမ်း

သစ္စာလမ်းဟာအရင်လိုမဟုတ်တော့ဘူး
သစ္စာလမ်းမှာအရိပ်ခိုစရာမရှိတော့ဘူး
သစ္စာလမ်းမှာမွေးပြီး
သစ္စာလမ်းမှာကြီးခဲ့ပေမယ့်
သစ္စာလမ်းကငါကိုမသိတော့ဘူး
သစ္စာလမ်းဟာသူစိမ်းဆန်သွားပြီ
သစ္စာလမ်းဟာအရင်ကထက်ကြမ်းလာတယ်
သစ္စာလမ်းမှာဘောလုံးကန်လို့မကောင်းတော့ဘူး
သစ္စာလမ်းမှာအထပ်မြင့်တိုက်တွေတိုးလာတယ်
သစ္စာလမ်းမှာမျက်နှာစိမ်းတွေများလာတယ်
သစ္စာလမ်းရဲ့အရင်နာမည်ဘယ်သူသိသေးလဲ
သစ္စာလမ်းမှာလူဟောင်းတွေဘယ်သူရှိသေးလဲ
သစ္စာလမ်းရဲ့ဇတွေဘယ်ရောက်ကုန်ပြီလဲ
သစ္စာလမ်းရဲ့ညတွေဘယ်သူစိုးမိုးထားသလဲ
သစ္စာလမ်းမှာဂစ်တာတီးပြီးသီချင်းဆိုချင်သေးတယ်
သစ္စာလမ်းရဲ့လမ်းဘေးခုံတွေမှာထိုင်ချင်သေးတယ်
သစ္စာလမ်းဟာတချိန်ကတော့ဘာဆိုလားပဲ
သစ္စာလမ်းကိုပြန်ရောက်တိုင်း
သစ္စာလမ်းဟာသစ္စာလမ်းနဲ့မတူတော့လို့
သစ္စာလမ်းကိုလွမ်းရတယ်
သစ္စာလမ်းမှာသစ္စာလမ်းကိုပြန်ရှာရင်းနဲ့
သစ္စာလမ်းပေါ်လျှောက်ရင်း
သစ္စာလမ်းကိုငေးရင်း
စိတ်ကအတိတ်ကိုခဏခဏကျွံကျွံကျတယ်။   ။