Dec 29, 2012

ငါ...နဲ့...ငါ့ရဲ့...အကြောင်း

ပြီး...ခဲ့တာတွေက


ငါ့အတွက်တော့...ပြီး...သွားခဲ့ပြီလေ။



တန်ဖိုး...နဲ့...သစ္စာ...ဆိုတာ

ငါ့အတွက်တော့...မှန်တချပ်ပေါ့

မင်း...ဖေါက်ထွင်းမြင်နိုင်သလို

မင်း...ကိုယ်မင်းလည်း...ပြန်မြင်မှာပါ။



အချစ်မှာ...အကြောင်းပြချက်...မရှိဘူးကလေးရေ

ခေါင်းစဉ်တွေ...လာလာ..မတပ်ပါနဲ့

ငါသိတဲ့...အချစ်...ဆိုတာ

နားလည်မှု...နဲ့...တည်ဆောက်...ယူရမယ့်အရာ

တချို့တွေ...အတွက်ကတော့

အချစ်...ဆိုတာကိုက...အကြောင်းပြချက်

ဖြစ်ချင်...ဖြစ်မှာပေါ့။



ငါဟာ...လူ...ထဲက...လူ...တယောက်ပါပဲ

ယောကျာ်း...တယောက်မှာလည်း

သ၀န်တိုခွင့်...တော့ရှိတယ်မလား။



မချုပ်...ချယ်ရက်ပါဘူး

မင်း...စိတ်နဲ့...မင်း...ကိုယ်

မင်း...ဆန္ဒအတိုင်းပါ

မြင်...နေတာတွေကို

ငါ...သတိ...ပေးချင်တာပါ။



ကိုယ့်ဘက်က...ရိုးသားပေမယ့်

တခြားတဘက်က...မရိုးသားတဲ့အခါ

နားလည်မှုဆိုတာ...အတိုင်းအတာ...ရှိလာလိမ့်မယ်။



တည်...ဆောက်ခဲ့သမျှ

ချည်...နှောင်ခဲ့သမျှ

ရစ်...ပတ်နွယ်ခဲ့သမျှ

မနာ...ကျင်ပါရစေနဲ့...ကွယ်။



ငါဟာ...မှန်..တချပ်ပါ

မင်း...ဖေါက်ထွင်းမြင်နိုင်သလို

မင်း...ကိုယ်မင်းလည်း...ပြန်မြင်မှာပါ။ ။

Aug 8, 2012

ရုတ်တရက်…ပြီးနောက်…ဆက်လက်ဖြစ်တည်မှု


သတိတွေ…ထား…နေခဲ့ရင်းနဲ့..မှ
အသိက…နောက်ကျပြန်လွန်းတယ်
မဟုတ်သေးဘူး
ဒါ…နောက်ကျောကို…ဒါး…နဲ့…ထိုးခဲ့တာ
သွေး…မထွက်ဘူး…လူ…မသေဘူး
ဒါပေမယ့်…ခံစားချက်…သေ…သွား…တယ်
လွယ်ပါတယ်…သိပ်ကို…လွယ်…ခဲ့…တယ်
သိပ်ကိုလွယ်ခဲ့လွန်းတော့လည်း
ပြန်…တွေးရင်…လွမ်းရတာပေါ့
ပြန်…ပြောရင်…အမှတ်ရတာပေါ့
မနာကျင်ပါဘူး
မထင်နဲ့…ငါက…ဟန်ဆောင်တတ်တယ်
ဘာမှ…မဖြစ်ဘူး/မဖြစ်ခဲ့ဘူး
အဲ့ဒီလို…နေတယ်/တွေးတယ်
ဒါပေမယ့်…ငါ့…ရင်ထဲမှာ
ဗလာ…..
ဗလာထည်ခံစားမှု…အကြောင်း….
သိစေချင်တယ်…ဆိုတာ
ကိုယ်တိုင်…ခံစားပြီးမှ
ဥပေက္ခာ…ဆိုတာကို…နားလည်တယ်/နားလည်လိမ့်မယ် ။  

Jan 26, 2012

အလွမ်းပင်

ပန်မည်ဆို၍
ပွင့်ခဲ့ဖူးသည်
သို့သော်ပန်းဦး
နွမ်းခဲ့ဖူးသည်။

ကြွေပါဆို၍
ခြွေခဲ့သော်လည်း
တွေတတ်သူမှာ
ဝေခဲ့ပါသည်။

ရေမျှမလောင်း
ပေါင်းမသင်လည်း
သစ်အိုပင်သည်
သက်ငင်ရှာသည်။

သို့သော်ငြားလည်း
ပန်းကားမပွင့်
ပွင့်လေသည်မှာ
အလွမ်းများသာ။

သြော်...
နွမ်းပါးသူမှာ
အလွမ်းများစွာနဲ့
အလွမ်းများသာ...။   ။

မီးခဲ

အလင်းမဖြစ်မယ့်အတူတူ
ပြာဖုံးပြီး တငွေ့ငွေ့လောင်နေရမှာထက်စာရင်
ကိုယ့်ကိုယ်ကိုယ် ငြှိမ်းလိုက်တာကမှ
အားလုံးအေးသွားဦးမယ်
ကျေးဇူးပြုပြီး
လာလာမဆွကြပါနဲ့။   ။

အတ္တ

ပျော်သလိုနေထိုင်ခဲ့ပေမယ့်
ဘဝက   ထင်စလိုမပျော်ခဲ့ရဘူး
လူမှုဒုက္ခတွေက   သိပ်ကြီးလွန်းတယ်။

ကံကိုက   ဆိုးလွန်းတာလား
ကိုယ်ကိုယ်တိုင်ကပဲ   ညံဖျင်းလွန်းတာလား
ဘဝက   ပူလောင်လှလွန်းတယ်။

ဣသာ။
မုဒိတာ။
ဥပေက္ခာ။


သူရဲဘောနည်းလိုက်တာပဲ ကောင်းတယ်။   ။

Nov 18, 2011

လောင်စာများ

နေရိပ်ခိုဖို့ နေပူကစောင့်ရင်း
မိုးစိုလွတ်အောင် မိုးရွာထဲလျှောက်ရင်း
ဆောင်းကိုရှောင်ဖို့ ဆောင်းလေကိုရှုရှိုက်ရင်း
စိတ်နဲ့ခန္ဓာများစွာ လောင်ကျွမ်းရင်း...
လောင်ကျွမ်းရင်း...လောင်ကျွမ်းရင်း...
ဘဝတွေလည်း...ပြာဖြစ်ခဲ့ရပေါ့...။ ။

Oct 10, 2011

မျိုးဖျက်@တမဆမဝ

    အလင်္ကာကျော်စွာဘွဲ့ရ ပြည်သူချစ်သော နိုင်ငံကျော်ရွှေမင်းသားကြီးတဦး၏မြေး၊ အကယ်ဒမီများရှင် မင်းသားကြီးတဦး၏တူ၊နာမည်ကျော်ဇာတ်အဖွဲ့ကြီး၏မျိုးဆက်၊ နာမည်ကျော်ဇာတ်မင်းသားတဦး၏သား၊ ယနေ့ဇာတ်သဘင်လောကတွင် နာမည်ရမင်းသားတဦးသည် အမေရိကန်နိုင်ငံတွင် ဖျော်ဖြေခဲ့သော အငြိမ့်ခွင်တခုတွင် ၂၀၁၀ကမ္ဘာ့ဖလားတေးသီချင်း ဝါကာ၊ဝါကာအား မြန်မာမှုပြုပြီး အဖွင့်မိတ်ဆက်သီချင်းအဖြစ် သီဆိုကာ အဆိုပါတေးသီချင်း၏ကဟန်ကို (ရိုးရာ)မင်းသားဝတ်စုံဝတ်ဆင်၍ ရိုးရာအကနှင့်ရောစပ်ကာ ကပြသွားခဲ့သည်။
    ခေတ်နှင့်လျော်ညီအောင် ဆန်းသစ်နိုင်သူဟူ၍ ဂုဏ်ယူရမည်လား...၊သို့တည်းမဟုတ်...၊ ရိုးရာယဉ်ကျေးမှုကိုဖျက်သူ အမျိုးဖျက်တယောက်ဟူ၍ပင် အပြစ်ဆိုရမည်လား။ကာယကံရှင်အနေနှင့်မည်သည့်ခံစားချက်ရှိမည်မသိသော်လည်း ကြည့်မိသူမြန်မာလူမျိုးတယောက်အနေနှင့်တော့ ရှက်မိပါသည်။
    တောဘုရားပွဲများတွင် ဇာတ်ကရာ စတိတ်ရှိုးသီဆိုခြင်း၊ခေတ်ပေါ်အကများ ကခုန်ခြင်းသည် မပြောပလောက်သောအကြောင်းဖြစ်ပေမင့် နိုင်ငံရပ်ခြားတွင် ယခုကဲ့သို့ သရုပ်ပျက်မျိုးဖျက်အကမျိုးအား မကသင့်ပေ။နိုင်ငံခြားသားတယောက်ယောက် ကြည့်ရှုမိသောအခါ မြန်မာ့ယဉ်ကျေးမှုသည် သည်လိုပါလားဟု ကောက်ချက်ချသွားနိုင်သည်ကို ထိုမင်းသားမသိနားမလည်လေပါရော့သလား။ သွားလေသူ သူ့အဘိုးသာသိရင်ဖြင့် ရှက်စိတ်နှင့်တခါပြန်သေရပေဦးမည်။အဘိုးနှင့်အမျိုးအား အားနာသော်ငြားလည်း.....

Sep 29, 2011

ကြိုး

ပြန်မဆုံမယ့်အတူတော့

ဘာလို့ဆုတောင်းနေရမှာလဲ။


နှောင်ခဲ့သမျှ

ဘဝက နာခဲ့ရတယ်။


မညီမျှခြင်းတွေအတွက်

မျှော်လင့်ချက်တွေကန်းကုန်ကြပြီပဲ။


လမ်းမတူမှတော့ကွယ်

ရင်ဘတ်ချင်းလည်း လွဲပါစေတော့။


ငါကတော့ လွမ်းရဲတယ်။

Aug 28, 2011

"ရွေ့လျားခြင်းနဲ့အတူဟသွားခဲ့တယ်"

ပုတ်သင်ညိုလိုမနေနိုင်သရွေ့တော့
သင်းကွဲနေဦးမှာပဲ
ဘာသာစကားချင်းမတူညီကြတဲ့နောက်
ရင်ဘတ်ချင်းလည်းမညှိချင်တော့ဘူး
မလိုလားအပ်ပဲအစတွေဆွဲထုတ်နေရမှာထက်စာရင်
ကိုယ့်အမြှီးပဲကိုယ်ပြန်မျိုတော့မယ်
လမ်းကြုံရင်တော့
တခါပြန်ဆုံကြတာပေါ့။   ။

ဖြတ်သန်းခြင်း

"ဖြတ်သန်းခြင်း"
တချက်ချက်မြည်နေသော နာရီသံနှင့်အတူ
ညသည် တဖြည်းဖြည်းကုန်ဆုံးလာခဲ့သည်
ဖတ်စရာစာအုပ်များ မကျန်တော့သောအခါ
ညသည်မလှပတော့ပါ
အိပ်၍မပျော်သောသူတယောက်အတွက်
စီးကရက်များသည် အကောင်းဆုံးအဖေါ်ဖြစ်သည်
ဝရန်တာမှလှမ်းကြည့်လိုက်သောအခါ
ကောင်းကင်တွင် တိမ်များကိုသာတွေ့ပါသည်
မိုးရွာလေမလားဟု မျှော်မိသည်
မိုးကားမရွာပါ
လေလည်းမတိုက်ပါ
မကြာခဏကြားနေရသော ခွေးဟောင်သံများသည်
စိတ်ပျက်၊ငြီးငွေ့ဖွယ်ဖြစ်သည်
ညသည်မလှပါ
ထိုမလှသောညမှာမှ
အိပ်မရခြင်းသည် ကြီးစွာသောဒုက္ခဖြစ်သည်
.....
ရုပ်ရှင်တခုခုထိုင်ကြည့်နေလျှင်သော်လည်းကောင်း
တစုံတခုတွေးတောနေလျှင်သော်လည်းကောင်း
ကဗျာတပုဒ်မျှရေးခြစ်နိုင်လျှင်သော်လည်းကောင်း
အချိန်လည်းကုန်၍ စိတ်လည်းသက်သာမည်ဖြစ်သော်လည်း
အာရုံစုစည်း၍မရပါ
......
ပျံ့လွင့်နေသာစိတ်နှင့်အတူ
အလင်းတန်းများလည်း ရောက်ရှိခဲ့ပါပြီ
သိပ်မကြာမီလေးမှာပဲ
မနက်ခင်းကဖြင့် လင်းပါတော့မည်
.....
အသံများသည်လည်း စုံလင်လာပါပြီ
အလင်းများသည်လည်း စူးရှလာပါသည်
မနက်ခင်းသည် တဖြည်းဖြည်းနှင့် အသက်ဝင်လာပါတော့သည်။   ။