Jan 31, 2011

လှိုင်း

ဘဝကို...
မိုက်မိုက်မဲမဲ (ရောင့်ရဲ/ရိုးသား/သမားရိုးကျ/သာယာ) မိခဲ့တော့လည်း
ခက်ခက်ခဲခဲ (အားတင်း/ရုန်းကန်/ပေးဆပ်) ရတာပေါ့
တကယ်တမ်းပြောရရင်တော့
ဘဝဆိုတာ...(ဂငယ်ကွေ့) ကွေ့လို့မရတဲ့အရာ။  ။

Jan 30, 2011

ပင်နယံ

မင်္ဂလာပါ...
မင်္ဂလာနံနက်ခင်းပါ...
မင်္ဂလာနေ့လည်ခင်းပါ...
မင်္ဂလာညနေခင်းပါ...
မင်္ဂလာညချမ်းပါ...
နေထိုင်ကောင်းပါရဲ့လား...
ဒါကဒီလိုရှိပါတယ်...
ဟိုဟာကဟိုလိုရှိပါတယ်...
ကျေးဇူးတင်ပါတယ်...
နောင်လည်းလာခဲ့ပါ...
အာရုံလာလာမလာလာ
အကျင့်ပါသလိုဖြစ်နေတာက
အပြုံးမျက်နှာနဲ့ချိုသောစကား
ကြာလာတော့လည်း...
ငြီးငွေ့မိတယ်ဆိုတာ
ဘယ်သူ့ကိုရင်ဖွင့်ပြရမလဲ
အဆင်ပြေပြေမပြေပြေ
တလတခါအိမ်ကိုငွေပို့နိုင်ဖို့အတွက်
ခံစားချက်တွေကိုမျိုသိပ်
အောင့်အည်းကြိတ်မှိတ်ရလွန်းလို့
တခါတခါမှာ...
လူဆိုတာတောင် ကိုယ့်ကိုကိုယ်မေ့နေလေရဲ့
ဖြစ်သလိုနေ...
ဖြစ်သလိုစား...
ဖြစ်နေရတဲ့ဘဝကို...
နားလည်အောင်လည်းမပြောချင်တော့ပါဘူးလေ
ဖြစ်သမျှအကြောင်းအကောင်းလို့မှတ်
ရှေ့ဆက်...မနက်ဖန်များစွာကျန်သေးတယ်။   ။

Jan 29, 2011

နှောင်း

ရည်စူးပြီးခူးခဲ့ပေမယ့်
ချိန်ခါသင့်မပွင့်တတ်ခဲ့တော့
ပန်းဦးလည်း...လွဲခဲ့ရပြီမေ
ရင်တခုလုံးဝေနေအောင်
အလွမ်းတွေပွင့်ခဲ့ပေမယ့်
မေမသိခဲ့တော့လည်း
နွမ်းပါစေ...
ကြွေပါစေ...
ရှိပါစေတော့...မေ
ပွင့်ရာကကြွေ
ကြွေရာကနွမ်း
ဒါပေမယ့်လေ
တိုက်ဆိုင်တတ်တဲ့အခါတိုင်း
ဟိုးအရင်ကအကြောင်းတွေကိုတော့
ရိုးရိုးသားသား...လွမ်းပါရစေ
လွမ်းနေပါရစေ...မေ။   ။

အချစ်ဆိုတာ
တနေ့နေ့တချိန်ချိန်ကိုစောင့်စားရင်း
ရင်တခုလုံးဝေနေအောင်ပွင့်ခဲ့ရတဲ့အလွမ်း
ပြောဖို့သိမ်းထားခဲ့တဲ့စကားတွေ
ထင်မှတ်မထားတဲ့အချိုးအကွေ့တခုမှာ
ပြောခွင့်မရှိတော့တဲ့အခါ
မခြွေပေမယ့်ကြွေခဲ့တယ်။   ။

Jan 16, 2011

ချင်

ချင်
ချင်ကိုက်တယ်
ချင်တွေကိုက်တယ်
ငယ်ငယ်တုန်းကလည်း...ချင်တွေကိုက်တယ်
ဆယ်ကျော်သက်မှာလည်း...ချင်တွေကိုက်တယ်
အရွယ်ရောက်တော့လည်း...ချင်တွေကိုက်တယ်
မိဘအရိပ်မှာနေတုန်းကလည်း...ချင်တွေကိုက်တယ်
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တော့လည်း...ချင်တွေကိုက်တယ်
အရင်တုန်းကလည်း...ချင်တွေကိုက်တယ်
အခုလည်း...ချင်တွေကိုက်တယ်
နောင်လည်း...ချင်တွေကိုက်နေဦးမှာပဲ
သြော်...ချင်...ချင်...ချင်...
တဘဝလုံးစာကိုကိုက်တဲ့...ချင်။ ။

Jan 11, 2011

ကျနော်တို့ ပျော်ကြတယ်

အပျော်တမ်း ကဗျာရေးတယ်
အပျော်တမ်း သီချင်းဆိုတယ်
အပျော်တမ်း လက်ဝှေ့ထိုးတယ်
အပျော်တမ်း ဖဲကစားတယ်
အပျော်တမ်း တောင်တက်တယ်
အပျော်တမ်း ရုပ်ရှင်ရိုက်တယ်
အပျော်တမ်း ဘော်လုံးကန်တယ်
အပျော်တမ်း အရက်သောက်တယ်
အပျော်တမ်း နှင်းလျောစီးတယ်
အပျော်တမ်း ရည်းစားထားတယ်
အပျော်တမ်း ကားပြိုင်တယ်
အပျော်တမ်း နိုင်ငံရေးလုပ်တယ်
အပျော်တမ်း လိင်ဆက်ဆံတယ်
အပျော်တမ်း စစ်မှုထမ်းတယ်
အပျော်တမ်း နွားရိုင်းသတ်တယ်
အပျော်တမ်း ဂဏာန်းတွက်တယ်
အပျော်တမ်း မူးယစ်ဆေးသုံးတယ်
အပျော်တမ်း အမဲလိုက်တယ်
အပျော်တမ်း ပဟေဠိဖွက်တယ်
အပျော်တမ်း ပဉ္စလက်ပြတယ်
အပျော်တမ်း လူသတ်တယ်

ဟုတ်ကဲ့...ဟော့ဒီလောကကြီးထဲမှာ ကျနော်တို့ပျော်ကြပါတယ်။ ။

Jan 10, 2011

အလွမ်းအကြောင်းရေးတဲ့ကဗျာ

နေသာလို့လွမ်းတယ်
မိုးရွာလို့လွမ်းတယ်
နေ့မို့လို့လွမ်းတယ်
ညမှောင်လို့လွမ်းတယ်
ပူလို့လွမ်းတယ်
အေးလို့လွမ်းတယ်
သတိရလို့လွမ်းတယ်
ရိုးရိုးသားသားလွမ်းတယ်
လွမ်းချင်လို့ကိုလွမ်းတယ်။ ။