ညနေက ဟိုတယောက်နဲ့တွေ့တယ်။''ဘယ်လိုလဲ တယောက်တည်းပဲလား။ဘာမှလည်း မပြောင်းလဲဘူးနော်။ဒီအတိုင်းပဲ နေသွားတော့မှာလား''တဲ့။သူမေးချင်ရာတွေမေး၊သူပြောချင်ရာတွေပြောပြီး သူနှုတ်ဆက်သွားတော့ ကိုယ်ပြုံးမိတယ်။အကြောင်းမသိတာလည်းမဟုတ်၊ကိုယ့်အကြောင်းကို သူကောင်းကောင်းသိတာပေါ့။သိလို့လည်း သူနဲ့ကိုယ် လမ်းခွဲခဲ့တာပဲ။ပြီးခဲ့တာတွေက ပြီးခဲ့ပြီလေ။ခုမှပြန်ပြီး လွမ်းဆွေးနေရလောက်အောင် ကိုယ်က၁၆နှစ်သား မဟုတ်တော့ဘူး။ပြောမယ့်သာပြောတာ သူလည်းအခုဆို နောက်တယောက်နဲ့ပါပဲ။ကြည့်ရတာတော့ အဆင်ပြေတဲ့ပုံပေါက်သား။ဒီတယောက်နဲ့ပဲ သူအိမ်ထောင်ပြုသင့်ပါတယ်။ အနည်းဆုံးတော့ ကိုယ့်လိုကောင်မျိုး မဟုတ်တဲ့အတွက် သူစိတ်ချမ်းသာရမှာပါ။ထင်တာပဲလေ။လက်တွေ့ကတော့ သူ့ကိစ္စပဲ။
ဟိုတယောက်နဲ့တွေ့ပြီးတော့ဟိုကောင်နဲ့ထပ်တွေ့တယ်။''ဘယ်လိုလဲဟေ့ကောင်၊မင်းသတင်းတွေ ငါကြားတယ်၊ ဘယ်လိုတွေ ဖြစ်နေတာလဲ၊မင်းကွာ ငါတို့ထက်ပိုပြီး လေ့လာခဲ့၊သင်ယူခဲ့ပြီးတော့မှ''တဲ့။ ပြောတဲ့ပုံက စိတ်ထဲမသတီချင်စရာကောင်းလို့ ဘာမှမပြောပဲနေဦးမလို့။ တော်ကြာ ဒီကောင်ကြိတ်ပျော်နေမှာစိုးလို့'' ဒီလိုပါပဲ၊ဘဝက ဒီလိုပါပဲ''လို့ ပြန်ပြောလိုက်တယ်။''အေးကွာ မင်းကိုငါနားလည်ပါတယ်''တဲ့။ဘာကိုနားလည်တာလဲ လို့တော့ ကိုယ်မမေးလိုက်တော့ဘူး။မေးစရာလည်း မလိုပါဘူးလေ။ကိုယ့်ကိုနားလည်ကြပါတယ်ဆိုတာ တကယ်တော့ ကိုယ့်ကိုနားမလည်ကြဘူးမှန်း ကိုယ်ကောင်းကောင်းသိခဲ့တာ ကြာပြီ။ငါ့ကိုနားလည်မယ့်အစားကိုယ့်ကိုကိုယ်ပဲ နားလည်အောင် အရင်ကြိုးစားပါကွာလို့ စိတ်ထဲကနေပဲပြောလိုက်တယ်။အကြောင်းသိတွေပဲ။သူဘာကောင်လဲ ကိုယ်ဘာကောင်လဲဆိုတာ သူရောကိုယ်ပါ သိနေကြတာပဲ။ကိုယ့်စိတ်ကိုယ်လုံနေရင် ပြီးတာပဲလေ။
ညက အိပ်မပျော်ဘူး။တွေးတယ်၊မရေရာဘူး။ကိုယ်ဘာဖြစ်နေလဲ ကိုယ်ဘာဖြစ်ချင်နေတာလဲ ကိုယ်မသိဘူး။သိလည်း မသိချင်ဘူး။လောလောဆယ် ကိုယ်ဟာလွတ်လပ်တယ်။အိမ်...အိမ်ကိုသတိရတော့ အိမ်ပြန်ရင်ကောင်းမလား တွေးမိတယ်။ ကိုယ်အိမ်မပြန်တာ ဘယ်လောက်ကြာပြီလဲ။အိမ်မှာမနေချင်အောင် ကိုယ့်စိတ်ကိုဘာက ခိုင်းစေခဲ့တာလဲ။ကိုယ်ဘာကြောင့် အိမ်ကနေ ခွဲထွက်ခဲ့တာလဲ။သေချာတယ်၊ဒီညတော့ ကိုယ်အိပ်ပျော်မှာမဟုတ်ဘူး။ကိုယ်ညမအိပ်တာ တော်တော်ကြာနေပြီ။ကိုယ်သတိရတာက အိမ်က ကိုယ့်ကိုဆရာဝန်နဲ့ဆွေးနွေးစေချင်တယ်။ကိုယ်က medical check up လုပ်ပြီး အိမ်ကနေ ထွက်လာခဲ့တယ်ဆိုတာပဲ။
မနက်က လင်းခဲ့ပြန်ပြီ။ကမ္ဘာ့အရှေ့ခြမ်းမှာ နေ့ ကမ္ဘာ့အနောက်ခြမ်းမှာည။ကိုယ့်အတွက်ကတော့
တခုခုပဲ။ ဘာတခုခုလဲဆိုတာတော့ ကိုယ်ရှာဖွေနေဆဲပဲ။သေချာတာကတော့ ခုတလော ကိုယ်သိပ်နေမပျော်တော့ဘူးဆိုတာပဲ။လူတွေ အဓ္ဓိပ္ပါယ်အမျိုးမျိုးဖွင့်ကြတဲ့ ဘဝဆိုတာ ကိုယ့်အတွက်တော့ ငြီးငွေ့ဖွယ်ရာ။ဒီဘဝ ဒီခန္ဓာကြောင့် ဒီအကြောင်းအခြင်းအရာတွေ ခံစား၊ ဒါတွေကနေလွတ်မြောက်အောင် ကိုယ်ရပ်လိုက်မှရမယ်။ကိုယ်သိတယ် နောက်ဘဝ၊နောက်ခန္ဓာနဲ့ နောက်ထပ်ခံစားရဦးမယ့် နောက်ထပ် အကြောင်းအခြင်းအရာတွေ။ဆိုလိုတာက ကိုယ့်ကိုအကြောင်းပြချက်တွေ လာလာမပေးဖို့ပါပဲ။ ကိုယ်လိုချင်တာက လက်ရှိဘဝရဲ့ ဧရိယာပြင်ပ။ကိုယ်တွေးနေမိတာက ဟိုတဘက်ကမ်း၊ ဟိုတဘက်ကမ်းမှာ ဘာတွေရှိမလဲဆိုတာကိုယ်သိချင်နေတယ်။
ကိုယ်ဟာ မငြိမ်သက်ဘူး။ပူလောင်တယ်။ကျေးဇူးပြုပြီး ကိုယ့်ကိုမနှောင်ဖွဲ့ကြပါနဲ့။ ။
Showing posts with label အတွေး. Show all posts

Oct 22, 2010
May 4, 2010
ချစ်ညီမလေးသို့
ချစ်ညီမလေးသို့
(1)ကျန်းမာရေးကိုအထူးဂရုစိုက်ပါ
(2)အအိပ်၊အစားမှန်ပါစေ
(3)ခြေစောင့်၊လက်စောင့်ငွေထားပါ
(4)မိမိရည်မှန်းချက်ကိုလမ်းမလွဲပါစေနှင့်
(5)မိတ်ဆွေသူငယ်ချင်းများများထားပါ
(6)မိမိကိုယ်ထက်သူတပါးအားမယုံကြည်ပါနှင့်
(7)စိတ်လှုပ်ရှားမှုများကိုသေသေချာချာပြန်ဆန်းစစ်ပါ
(8)တဒင်္ဂပျော်ရွှင်မှုများကြောင့်မိမိ၏တန်ဖိုးကိုမနိမ့်ကျပါစေနှင့်
(9)အမျိုး၊ဘာသာ၊သာသနာကိုစောင့်ထိန်းပါ
(10)နိုင်ငံရေးမလုပ်ပါနှင့်
(11)မိမိပတ်ဝန်းကျင်ကိုဆန်းစစ်ပါ
(12)မိမိကိုယ်ကိုဝေဖန်ပါ
(13)ကိုယ့်အားကိုယ်ကိုးပါ၊သူတပါးကိုအားမကိုးပါနှင့်
(14)ဆန့်ကျင်ဘက်လိင်များအားမယုံကြည်ပါနှင့်
(15)သူငယ်ချင်းကိုချစ်ပါ၊သို့သော်အလိုမလိုက်ပါနှင့်
(16)လောကကြီးကိုအကောင်းမြင်ပါ
(17)ခေတ်သစ် “အ”သုံးလုံးကျေပါစေ(အင်္ဂလိပ်စာ၊အင်တာနက်၊အိုင်တီ)
(18)စာများများဖတ်ပါ၊သို့သော်စိတ်ကူးမယဉ်ပါနှင့်
(19)စိတ်ကိုအလိုမလိုက်ပါနှင့်
(20)အိမ်ထောင်ရှိသောသူ၊ရှုပ်ပွေသောသူ၊ရည်းစားများသောသူတို့နှင့် အရောတ၀င်၊နီးကပ်စွာမနေပါနှင့်
(21)“GIVE N TAKE” ဟူသောစကားကို အမြဲသတိရ၊နားလည်နေပါ
(22)ချိုသာစွာပြောတတ်သော၊စိတ်ဝင်စားအောင်ပြုတတ်သောသူများကိုသတိထားပါ၊အန္တရာယ်ရှိတတ်သည်
(23)အတိတ်ကိုအခြေခံ၍ပစ္စုပန်ကောင်းအောင်ကြိုးစားပြီးအနာဂါတ်အတွက်ပြင်ဆင်ပါ
(24)အမှားအယွင်းကိုအကျင့်မဖြစ်ပါစေနှင့်
(25)အမှားကိုလက်ခံပါ၊ထိုအမှားမှသင်ခန်းစာယူပါ
(26)မိမိကြောင့်သူတပါးမထိခိုက်ပါစေနှင့်
(27)သူတပါးကြောင့် မိမိကိုယ်ကိုအထိခိုက်မခံပါနှင့်
(28)Dairyရေးပါ
(29)အနန္တော၊အနန္တငါးပါးကိုအမြဲဦးထိပ်ထားပါ
(30)စိတ်တည်ငြိမ်မှုရစေရန်တရားထိုင်ပါ
သိလို့၊တတ်လို့တော့မဟုတ်ပါဘူး။အတွေ့အကြုံလေးတွေကိုမျှဝေတာပါ။
အဟောင်းလေးပါပဲ။ပထမကတော့ သူငယ်ချင်းညီမလေးနိုင်ငံခြားထွက်တော့ ရေးပေးလိုက်တာ။
ခုတော့ကိုယ့်ညီမ၀မ်းကွဲ နိုင်ငံခြားထွက်အလုပ်လုပ်တော့မယ်ဆိုတော့ သတိတရနဲ့ထပ်တင်ဖြစ်တယ်လေ။

Labels:
အမှတ်တရ,
အတွေး,
အတွေ့အကြုံ
Apr 27, 2010
သားမိုက်တယောက်၏ နေ့ရက်များ
အရင်လိုမမိုက်တော့ပေမယ့်အမေ့ရဲ့သားဟာအရင်လိုခေါင်းမာနေတတ်ဆဲပါအမေ။ကျွန်တော်ဟာ အမေမျှော်လင့်ထားသမျှကျိုးကြေပျက်စေခဲ့သူပါ။အမေမှာတဲ့စကားမှန်သမျှခဏခဏချိုးဖောက်တတ်တဲ့ ကျွန်တော်ဟာအမေ့ရဲ့သားအလတ်ကောင်။တမိပေါက်တယောက် ဆိုတဲ့အတိုင်းပါပဲ။
အမေ့သားသုံးယောက်ထဲမှာ အလတ်ကောင်ကျွန်တော်ဟာအမြဲလိုလို ဂြိုဟ်မွှေတတ်တဲ့ကောင်ပါ။
ရောက်လေရာရာမှာပြဿနာရှာတတ်လွန်းလို့ အမေ့ရဲ့သားဟာ လူမုန်းများတယ်။
လိမ္မာဖို့၊ရင့်ကျက်ဖို့ ကြိုးစားနေရင်းနဲ့မှ စိတ်ကိုအလိုလိုက် တခါတခါထထမိုက်တတ်တဲ့ အမေ့ရဲ့သားပါ။
တအူတုံဆင်းချင်းတူပေမယ့် ဘ၀အကျိုးပေးမတူပုံများ ကျွန်တော်ဟာအမေနဲ့အမြဲအဝေးမှာ။
ဒါပေမယ့်အမေရယ် အဝေးရောက်သားဆိုးတယောက်ရဲ့ရင်ထဲမှာလည်းအမေဆိုတာရှိတယ်။
တောင့်တတတ်တယ်အမေ။သတိမရအောင်နေတတ်နေပေမယ့် မငိုပဲစိုတဲ့မျက်ရည်၊မခေါ်ပဲ
ကြားနေမိတဲ့အသံ၊အလိုလိုထင်တဲ့မြင်ကွင်း ဒီချစ်ခြင်းတရားတွေကဘယ်တော့မှ
ခြောက်ခမ်းမသွားဘူးအမေ။အမေ့ရဲ့အိမ်ဟာ ကျွန်တော့်အတွက်နားပူပေမယ့် အရာရာမှာ
လုံခြုံအေးမြတယ်အမေ။ကျောတခင်းစာနေရာချင်းတူပေမယ့် အမေ့ရဲ့အရိပ်အောက်မှာလောက်
ဘယ်နေရာမှာမှ ကျွန်တော်အိပ်ရေးမ၀ခဲ့ဘူးအမေ။ကျွန်တော့်အတွက်တော့ ဘ၀မှာ
တန်ဖိုးအကြီးဆုံးပေးလိုက်ရတဲ့ သင်္ခန်းစာတခုပါအမေ။ကိုငှက်ရဲ့သီချင်းလိုပေါ့။
ကိုယ့်ကိုကိုယ်ပြုပြင်ပြောင်းလဲရင်းနဲ့ အချိန်တန်တဲ့တနေ့ ကျွန်တော်အမေ့ရင်ခွင်မှာ
တခါခိုလှုံခွင့်ရချင်သေးတယ်အမေ။ချစ်သောမေမေ သာယာပျော်ရွှင်ပါစေ။ ။

"အားလုံးထက်ပိုပြီး နွေးထွေးလုံခြုံတဲ့နေရာက အမေ့အိမ်လေးပဲဆိုတာ သိလိုက်ရတဲ့အချိန်မှာ
ကျွန်တော်က...ဟိုးအဝေးကြီးကို ရောက်လို့နေခဲ့ပါပြီ"
အမေနဲ့ဝေးတော့မှ ကျွန်တော်ဟာအမေ့ရဲ့မေတ္တာတရားကို နားလည်တတ်ခဲ့ပြီ။ကိုယ့်ကိုကိုယ်ပြုပြင်ပြောင်းလဲရင်းနဲ့ အချိန်တန်တဲ့တနေ့ ကျွန်တော်အမေ့ရင်ခွင်မှာ
တခါခိုလှုံခွင့်ရချင်သေးတယ်အမေ။ချစ်သောမေမေ သာယာပျော်ရွှင်ပါစေ။ ။
Labels:
ရင်တွင်းဖွဲ့,
အမှတ်တရ,
အတွေး
Nov 6, 2009
လူကုန်ကူးမှုနှင့် အလုပ်ရှာဖွေရေးအေဂျင်စီ
ယေဘူယျအားဖြင့် ကျွန်တော်တို့ နားလည်ထားသော လူကုန်ကူးမှုဆိုသည်မှာ
အရွယ်မရောက်သေးသောသူများနှင့်အမျိုးသမီးများအား တဖက်နိုင်ငံတွင်
ဝင်ငွေကောင်းသောအလုပ်ရမည်ဟုဆိုကာ ဖျားယောင်းပြီး တဖက်နိုင်ငံသို့ပို့ဆောင်
ရောင်းချခြင်းဖြစ်သည်။တချို့ကားအခိုင်းအစေ၊တချို့ကား လိင်ကျေးကျွန်။
အလုပ်ရှင်၏ နှိပ်စက်မှုကြောင့် အသက်ဆုံးရသူကိုယ်အင်္ဂါ ချို့ယွင်းရသူများမှာ
မနည်းလှပေ။ထိုအလုပ်မှထွက်ပြေးသောသူများမှာလည်း တဖက်နိုင်ငံတွင်
တရားမ၀င်နေထိုင်မှုဖြင့် ဥပဒေအရ အရေးယူခံကြရသည်။
လူကိုလူချင်း ခေါင်းပုံဖြတ်အမြတ်ထုတ်သော ထိုလူမဆန်လှသည့်လူကုန်ကူးမှုကို
တိုက်ဖျက်ရမည်မှာ ကျွန်တော်တို့ လူသားတိုင်း၏တာဝန်ဖြစ်သည်။
နိုင်ငံရပ်ခြား အလုပ်အကိုင်ကြော်ငြာများကို သင်မြင်တွေ့ဖူးပေလိမ့်မည်။
မက်လောက်စရာလစာနှင့်ခံစားခွင့်များ၊ကောင်းမွန်သောလုပ်ငန်းခွင်များ
အစရှိသဖြင့် ဖော်ပြပြီး ၀န်ဆောင်ခယူကာ နိုင်ငံခြားသို့ ပို့ဆောင်ပေးနေသော
အေဂျင်စီများမှာတနေ့တခြားတိုးပွားလာသည်။အေဂျင်စီအချို့က
ကြော်ငြာထားသည့်အတိုင်း ၀န်ဆောင်မှုပေးသော်လည်း အများစုမှာ အပြောနှင့်
အလုပ် မတူညီတတ်ကြပေ။မည်သည့်အလုပ်လုပ်ရမည် လစာမည်မျှရမည်ဆိုသော်လည်း
လက်တွေ့တွင် ရသည့်လစာနှင့်အလုပ်မှာကောင်းမွန်ခြင်းမရှိပေ။ပို၍ဆိုးသည်မှာ
မည်ကဲ့သို့သောအလုပ်အမျိုးအစားဟု အေဂျင်စီကသိသော်လည်း ဟိုရောက်လျှင်တခြားသော
အလုပ်ပါဟုဆိုကာ( ပြည်တွင်းမှထွက်ခွာရလွယ်ကူသောအလုပ် သို့မဟုတ်
ဗီဇာအကျမြန်သောအလုပ်ဟုဆိုကာ)ထိုအလုပ်ကိုပင် လုပ်ကိုင်ရန်တိုက်တွန်းပြီး
စာချုပ်ချုပ်ထားလေ့ရှိကြသည်။အရေးပေါ်သော် သူတို့တာဝန်ကင်းစေရန်ဖြစ်သည်။
ဥပမာအားဖြင့်fast foodဆိုင် kitchenထဲတွင်လုပ်ရမည်ဖြစ်သော်လည်း
waiter,caisher အစရှိသောpost များလျှောက်သောသူများကို
ပြည်တွင်းမှထွက်ခွာရလွယ်ကူရန် သို့မဟုတ် ဗီဇာအကျမြန်ရန်ဟုဆိုကာ
ထိုappointmentနှင့်ပင် လက်မှတ်ထိုးခိုင်းပြီး စေလွှတ်ကြသည်။
ဟိုရောက်လျှင် မူရင်းpostရမည်ဟု လိမ်လည်ကြသည်။တကယ်တမ်းတွင် kitchenထဲတွင်လုပ်ရပြီး
မကျေနပ်လို့ပြောရာတွင်စာချုပ်ကိုပြ၍ အကျပ်ကိုင် ချိန်းခြောက်ကြသည်။
တနေ့၈နာရီသာ လုပ်ရမည်ဆိုသော်လည်း တကယ်တမ်းတွင် တနေ့၁၂နာရီလုပ်ရခြင်း၊
အချိန်ပိုလုပ်ခပေးမည်ဆိုသော်လည်း ILOမှသတ်မှတ်ထားသည့်
နှုန်းထားအတိုင်းမရပဲ မလုပ်မနေရလုပ်ကိုင်ရခြင်း၊နေရာထိုင်ခင်းစီစဉ်ပေးမည်ဆိုသော်လည်း
စီစဉ်ပေးသည်မှာ ကျန်းမာရေးနှင့်ညီညွတ်မှုမရှိခြင်း အစရှိသည်များအပြင်
အခြားအခက်အခဲများနှင့် ရင်ဆိုင်ရသည်။အလုပ်သမားမှ
မကျေနပ်၍ တိုင်တောသောအခါတွင် အလုပ်ရှင်မှ လူမိုက်ငှား၍ ရိုက်နှက်ခြင်း၊
ရဲခေါ်၍ဖမ်းဆီးခိုင်းခြင်း၊passport ပြန်မပေးပဲ
အလုပ်မှထုတ်ပစ်ခြင်းအစရှိသဖြင့် ပြုမူကြသည်။
လုပ်ချင်ချင် မလုပ်ချင်ချင် သက်တမ်းပြည့်သည့်အထိ လုပ်ကိုင်ပေးရသည်။
အေဂျင်စီများနှင့်ဆက်သွယ်သောအခါတွင်လည်း မည်သည့်အကူအညီမျှမရ
သူတို့နှင့်မဆိုင်သလို သဘောထားကြသည်။
တကယ်တမ်းတွင် ဤအလုပ်ကို လုပ်ကိုင်ရန် အမျိုးမျိုးသွေးဆောင်ပြီး
ဝန်ဆောင်ခယူထားသူများမှာ အေဂျင်စီများဖြစ်သည်။အလုပ်
သမားနှင့် အလုပ်ရှင်ကြားမပြေလည်မှုများ၊အလုပ်သမား၏လိုအပ်ချက်များကို
အေဂျင်စီများမှ တာဝန်ယူဖြေရှင်းပေးသင့်သည်။ယခု
တွင်မတော့ ပြောသည့်အလုပ်ကတမျိုး၊လုပ်ရသည်က တခြား၊ခံစားခွင့်ကတလွဲ။
ဤနေရာတွင် လူကုန်ကူးမှုဆိုသည်မှာ အဘယ်နည်းဟု ကျွန်တော်တို့ စဉ်းစားရမည်။
ယခုကဲ့သို့ ၀န်ဆောင်ခယူကာနိုင်ငံခြားတွင် ဖြစ်ချင်ရာဖြစ် သဘောထားသော
အေဂျင်စီများကိုလည်း လူကုန်ကူးသူများဟု ကျွန်တော်တို့မပြောနိုင်ပြီလော။
ထိုကိစ္စများကိုလည်း ကျွန်တော်တို့ ရှုတ်ချ၊အပြစ်မတင်သင့်ပြီလော။

Nov 3, 2009
စိတ်ဒဏ်ရာ
ကိုယ့်ကျင်းကိုယ်တူးရင်း
ဒုက္ခနဲ့လှလှရင်ဆိုင်
ကံဆိုးရှာသူလေးရဲ့
ရင်ဘတ်ငရဲပြခန်း
ဘယ်သူမျှဝေခံစားပေးမလဲ။ ။
ဒုက္ခနဲ့လှလှရင်ဆိုင်
ကံဆိုးရှာသူလေးရဲ့
ရင်ဘတ်ငရဲပြခန်း
ဘယ်သူမျှဝေခံစားပေးမလဲ။ ။
Labels:
ကဗျာ,
ရင်တွင်းဖွဲ့,
အတွေး
Jul 22, 2009
အတိုအစများ
အိပ်စက်လိုက်ရမှာ နှမျောပေမယ့် ညက ငါ့အလိုကျမလှပခဲ့ဘူး။
ဟိုးအဝေးကိုငေးပြီး အနာဂါတ်ကို လွမ်းချင်ပေမယ့် မှားနေတဲ့စိတ်ကူးဆိုတာ တွေးမိတော့ ကိုယ့်ကိုကိုယ်စိတ်ပျက်တယ်။ဝင်သက်ထွက်သက်မှတ်လည်း ပျံ့လွင့်နေတဲ့စိတ်ကို မစုစည်းနိုင်ဘူး။ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတော့တဲ့ အဆိပ်ငွေ့တွေ ငါရှုရှိုက်ရင်း ငါ့ရင်ဘတ်က အောင့်တတ်လာပြီ။ငါဟာဘာလို့ မိုက်လို့ကောင်းနေတာလဲ။ အချိန်အလေအလွင့်များစွာ၊ဒဏ်ရာဒဏ်ချက်များစွာ၊လေထဲမှာတည်ဆောက်ခဲ့တဲ့ စိတ်ကူးအိပ်မက်များစွာ၊ဟောဒီအသုံးမ၀င်တဲ့ငါ။ခဏခဏပြန်စရပေါင်းများနေတဲ့ဘ၀မှာ၊
အနေအထိုင်မတတ်လို့ ပျက်ခဲ့ရတဲ့ဘ၀မှာ၊နားလည်သိတတ်ပြီလို့ ထင်မိနေတဲ့ဘ၀မှာ ဘယ်မှာလဲ စိတ်ရဲ့ငြိမ်းချမ်းမှုတွေ။အတ္တ၊ရမ္မက်၊သာယာပျော်ရွှင်မှု၊အတိုအစတွေနဲ့ တည်ဆောက်ထားတဲ့ဘ၀ ဘယ်မှာလဲ အနှစ်သာရတွေ။ဖြုန်းတီးနေခဲ့ရင်းနဲ့ပဲ ဘ၀ကဒုတိယ အရွယ်၊သေပါမယ်ဆိုရင်တောင်မှ ဘ၀ကလောက်လောက်လားလား သေလို့မရသေးဘူး။
ကိုယ့်အကြောင်းကိုယ်သိတော့ သေဖို့တောင်ကြောက်နေရတဲ့ ဘ၀ တွေးမိတိုင်း ရှက်နေရတယ်။
အမှားကိုမြင်ပေမယ့် အမှန်မရောက်သေးတဲ့ ဘ၀ အသုံးမကျတဲ့ အတိုအစ ဒီလိုနဲ့ ပြီးသွားရမှာလား။မေးခွန်းပေါင်းများစွာ၊အတွေးပေါင်းများစွာ၊အိပ်မရတဲ့ညပေါင်းများစွာ၊အတိုအစ
ပေါင်းများစွာ၊လိုအပ်မှုများစွာ၊ခါးသီးမှုများစွာ၊မုန်းတီးမှုများစွာ၊ကြီးစွာသောနောင်တပေါင်းများစွာ၊
မနက်ဖန်ပေါင်းများစွာ၊.......................................................။
ညကမလှပပေမယ့် ငါကအိပ်စက်လို့ မရဘူး။

Mar 5, 2009
တိုင်ပတ်နေသောကျွန်တော်
၂ရက်နေ့မနက်မြန်မာနိုင်ငံကိုကျွန်တော်ပြန်ရောက်တယ်။ရောက်ရောက်ခြင်းshockရိုက်သွားတယ်။။
လူတွေတော့တော်တော်များသား။ဖုန်ထူထူနေပူပူလူရှုပ်ရှုပ်နဲ့တော်တော်ကိုစိတ်ပျက်သွားပါတယ်။
ဈေးတွေကလည်းကြီးလိုက်တာတအားပါပဲ။ပိုက်ဆံတွေကတော့ကိုင်တောင်မကိုင်ရက်စရာလေးတွေ။
အိမ်ကျတော့လည်းခိုအိမ်လေးတွေ။မီးကပျက်နေသေးတယ်။စိတ်ဓါတ်ကဘုံးကနဲကျသွားတယ်။ဒုက္ခပါပဲငါဘယ်လိုနေရမလဲပေါ့။ကိုယ်ကပိုက်ဆံရှိတဲ့ကောင်မဟုတ်တော့လည်းခက်တယ်။အင်တာနက်သုံးတော့လည်းဘာမှဖွင့်မရ။ဖွင့်လို့ရတော့ရေးချင်စိတ်ကပျောက်။ခက်တယ်။လောလောဆယ်တော့အိပ်စားလုပ်နေတယ်။ပျင်းတော့ပျင်းလာပြီ။အိမ်ကတော့ကျောင်းပြန်တက်ခိုင်းတယ်။၅နှစ်လောက်အဆက်အသွယ်ပြတ်နေတော့ဘယ်ကစပြီးကျောင်းပြန်အပ်ရမယ်ဆိုတာမသိတော့ဘူး။သူငယ်ချင်းတွေလည်းသိပ်မရှိ။ရျိတဲ့ကောင်တွေကလည်းအိမ်ထောင်တဖက်အလုပ်တဖက်နဲ့ကိုယ့်နောက်ဘယ်သူမှမလိုက်ပေးနိုင်ကြဘူး။စိတ်တော်တော်ပိန်နေပြီ။အလုပ်ပဲလုပ်ချင်တယ်။အလုပ်တဖက်နဲ့သင်တန်းတက်ရင်းကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ချင်တယ်။အသက်ကလဲတဖြည်းဖြည်းကြီးလာပြီလေ။လုပ်ချင်တာတွေလုပ်မရတော့နည်းနည်းတော့ညစ်မိတယ်။ဘယ်လိုလုပ်ရမလဲမသိဘူးလောလောဆယ်တော့ကျွန်တော်အရာရာမှာတိုင်ပတ်နေတယ်။စာလည်းမရေးဖြစ်ဘူး။

Feb 2, 2009
ငါမုန်းတဲ့ငါ
ကိုယ့်ကိုကိုယ်နာကျင်စေရင်းနဲ့
ကိုယ့်ကိုကိုယ်ငြီးငွေ့နေရတယ်
ငါဘာကောင်လဲဆိုတာ
ငါ့ကိုယ်ငါကွဲကွဲပြားပြားသိဖို့လိုနေပြီ
ရိုးရိုးလေးတွေးပြီးရှင်းရှင်းလေးမြင်ဖို့
ငါ့ကိုယ်ငါဘယ်လိုပြန်ကြည့်ရမလဲ
တကယ်လို့ဖြစ်နိုင်ခဲ့ရင်ခဏလောက်ဖြစ်ဖြစ်
လောကကြီးထဲကနေငါနှုတ်ထွက်သွားချင်တယ်
ငါဘာတွေကိုလုပ်ရမလဲ
ငါကိုယ်ငါဘယ်လိုပြန်ပိုင်ဆိုင်နိုင်မလဲ
ငါဟာငါပြန်ဖြစ်ဖို့အတွက်
ငါဘာတွေကိုပေးဆပ်ရဦးမှာလည်း
တကယ်ပဲငါ့ကိုယ်ငါမုန်းတီးလှပြီ။ ။

Jan 4, 2009
ချစ်ညီမလေးသို့
(1)ကျန်းမာရေးကိုအထူးဂရုစိုက်ပါ
(2)အအိပ်၊အစားမှန်ပါစေ
(3)ခြေစောင့်၊လက်စောင့်ငွေထားပါ
(4)မိမိရည်မှန်းချက်ကိုလမ်းမလွဲပါစေနှင်
(5)မိတ်ဆွေသူငယ်ချင်းများများထားပါ
(6)မိမိကိုယ်ကိုထက်သူတပါးအားမယုံကြည်ပါနှင့်
(7)စိတ်လှုပ်ရှားမှုများကိုသေသေချာချာပြန်ဆန်းစစ်ပါ
(8)တဒင်္ဂပျော်ရွှင်မှုများကြောင့်မိမိ၏တန်ဖိုးကိုမနိမ့်ကျပါစေနှင့်
(9)အမျိုး၊ဘာသာ၊သာသနာကိုစောင့်ထိန်းပါ
(10)နိုင်ငံရေးမလုပ်ပါနှင့်
(11)မိမိပတ်ဝန်းကျင်ကိုဆန်းစစ်ပါ
(12)မိမိကိုယ်ကိုဝေဖန်ပါ
(13)ကိုယ့်အားကိုယ်ကိုးပါ၊သူတပါးကိုအားမကိုးပါနှင့်
(14)ဆန့်ကျင်ဘက်လိင်များအားမယုံကြည်ပါနှင့်
(15)သူငယ်ချင်းကိုချစ်ပါ၊သို့သော်အလိုမလိုက်ပါနှင့်
(16)လောကကြီးကိုအကောင်းမြင်ပါ
(17)ခေတ်သစ် “အ”သုံးလုံးကျေပါစေ(အင်္ဂလိပ်စာ၊အင်တာနက်၊အိုင်တီ)
(18)စာများများဖတ်ပါ၊သို့သော်စိတ်ကူးမယဉ်ပါနှင့်
(19)စိတ်ကိုအလိုမလိုက်ပါနှင့်
(20)အိမ်ထောင်ရှိသောသူ၊ရှုပ်ပွေသောသူ၊ရည်းစားများသောသူတို့နှင့် အရောတ၀င်၊နီးကပ်စွာမနေပါနှင့်
(21)“GIVE N TAKE” ဟူသောစကားကို အမြဲသတိရ၊နားလည်နေပါ
(22)ချိုသာစွာပြောတတ်သော၊စိတ်ဝင်စားအောင်ပြုတတ်သောသူများကိုသတိထားပါ၊အန္တရာယ်ရှိတတ်သည်
(23)အတိတ်ကိုအခြေခံ၍ပစ္စုပန်ကောင်းအောင်ကြိုးစားပြီးအနာဂါတ်အတွက်ပြင်ဆင်ပါ
(24)အမှုားအယွင်းကိုအကျင့်မဖြစ်ပါစေနှင့်
(25)အမှားကိုလက်ခံပါ၊ထိုအမှားမှသင်ခန်းစာယူပါ
(26)မိမိကြောင့်သူတပါးမထိခိုက်ပါစေနှင့်
(27)သူတပါးကြောင့် မိမိကိုယ်ကိုအထိခိုက်မခံပါနှင့်
(28)Dairyရေးပါ
(29)အနန္တော၊အနန္တငါးပါးကိုအမြဲဦးထိပ်ထားပါ
(30)စိတ်တည်ငြိမ်မှုရစေရန်တရားထိုင်ပါ
သိလို့၊တတ်လို့တော့မဟုတ်ပါဘူး။အတွေ့အကြုံလေးတွေကိုမျှဝေတာပါ။လိုအပ်သည်များကို ညွှန်ပြပေးကြပါ။

Jan 1, 2009
စိတ်ထဲရှိတာ
ကျွန်တော် ကိုယ့်ကိုကိုယ်စိတ်ပျက်နေတယ်။အကြောင်းရင်းကတော့ ကိုယ့်စိတ်ကိုယ်မနိုင်လို့ပါပဲ။
ကိုယ့်ကိုကိုယ်ထိန်းနေရင်းနဲ့မှ အပြစ်တွေလုပ်မိနေတယ်။အမှန်အတိုင်းပြောရရင်ကျွန်တော်သေချင်တယ်။
မိသားစုဆိုတဲ့သံယောစဉ်လေးကြောင့်ရယ် မပြီးပြတ်သေးတဲ့ဆန္ဒတွေကြောင့်ရယ်သာ ဆက်ရှင်သန်
နေဖြစ်တာ။တခါတလေ ကျွန်တော်တွေးမိတယ်။ငါသေသွားရင်ဘာဖြစ်မလဲပေါ့။ဘယ်သူတွေကငိုမှာလဲ။
ဘယ်သူတွေဝမ်းသာကြမလဲ။ဘယ်သူတွေဝမ်းနည်းကြမလဲပေါ့။သေဖို့အတွက် ဘာမှတော့ကျွန်တော်
မပြင်ဆင်ရသေးဘူး။လတ်တလောနေဖို့အတွက် ပြင်ဆင်နေရတာနဲ့ အချိန်တွေကုန်နေရတယ်။ကျွန်တော်
ငြီးငွေ့တာ အဲ့တာပဲ။တကယ်လို့ ကျွန်တော်သေသွားရင် ဘယ်ဘ၀ရောက်မယ်မသိပေမယ့် ဒီဘ၀ကနေတော့
လွတ်မြောက်သွားမှာ အမှန်ပဲ။ဒီဘ၀ကြီးကို ကျွန်တော်ငြီးငွေ့နေပြီ။အထူးသဖြင့် ကိုယ့်ကိုကိုယ်ပေါ့။ဘာကြောင့်
လဲဆိုတော့ အဓိပ္ပါယ်မရှိတဲ့ အလုပ်တွေလုပ်မိနေလို့ပဲ။ဘ၀ကို အဓိပ္ပါယ်ရှိအောင် မနေတတ်သေးသရွေ့
ကျွန်တော်ဒီလိုခံစားနေရဦးမှာပဲ။ဘ၀ရဲ့အဓိပ္ပါယ်ဆိုတာ ဘာလဲ။အခုထက်ထိ ကျွန်တော်မသိသေးဘူး။သိဖို့
တော့ကြိုးစားနေပါတယ်။တကယ်သေချာသိလာတဲ့တနေ့မှာ ကျွန်တော်သေချင်ပါဦးမလားတော့ မသိဘူး။
လောလောဆယ်တော့ သေချင်တဲ့စိတ်ကို ခဏချိုးနှိမ်ထားရတယ်။လုပ်စရာရှိတာလေးတွေ၊လုပ်သင့်တာလေး
တွေ၊လုပ်လို့ရမယ့်ဟာလေးတွေ၊လုပ်ပေးရမယ့်ဟာလေးတွေ လုပ်ရင်း ဘ၀ဆိုတဲ့အရာကို ဆုံးအောင်လျှောက်
မယ်။ကျွန်တော့်အတွက်တော့ ဘ၀ဆိုတဲ့ဟာက သေသေချာချာမြည်းကြည့်လိုက်တော့ နည်းနည်းခါးတယ်။
တခုလုံးဆိုရင်တော့ မပြောတတ်သေးပါဘူး။အရသာစုံမှာတော့ အမှန်ပဲထင်တယ်။ပြောရရင်တော့ သေချင်တာ
တောင် သေလို့မရသေးတဲ့ဘ၀ ဘယ်လောက်တောင် စိတ်ပျက်ဖို့ကောင်းသလဲ။အင်းလေ တနေ့နေ့တော့
မသေချင်ပါဘူးဆိုလည်းသေရမှာပါ။အဲ့ဒီနေ့ကျရင်သာ ပြင်ဆင်ပြီးဖြစ်ပါစေလေ။

Subscribe to:
Posts (Atom)