Oct 24, 2010

ဒီလိုနဲ့ ဖြစ်ခဲ့၊ပျက်ခဲ့ ဒီလိုနဲ့ ဖြစ်နေ၊ပျက်နေ

ငယ်ငယ်ကအကြောင်းတွေပြန်တွေးမိတော့ စိတ်ထဲကြည်နူးမိတယ်။ကြာခဲ့ပြီဆိုပေမယ့်ရင်ထဲမှာရှိနေတုန်းပဲ။
ခုတလောအိပ်မက်တွေခဏခဏမက်တယ်။မက်တဲ့အိပ်မက်တိုင်းမှာသူမပါပေမယ့်သူပါတဲ့အိပ်မက်တွေကများ
များလာတယ်။ဘာကြောင့်လဲလို့တော့ ကိုယ်အဖြေမရှာတော့ဘူး။

          အဲ့ဒီတုန်းက တော်တော်ငယ်သေးတာပေါ့။ဆယ်ကျော်တဲ့အသက် ရင်ခုန်တတ်စအရွယ် ဆိုရမှာပေါ့။
ကိုယ်မညာပါဘူး။ကိုယ်သူ့ကိုအဲ့ကတည်းကရင်ခုန်မိခဲ့တယ်။မသိတဲ့သူရှိသလို၊သိတဲ့လူလည်းသိကြလိမ့်မယ်။
သူသိမသိတော့ ကိုယ်မသိဘူး။သူသိအောင်လည်း ကိုယ်မကြိုးစားခဲ့ဘူး။

     ဒီလိုနဲ့...အချိန်တွေကုန်ခဲ့တယ်။ဒီလိုနဲ့...အသက်တွေကြီးခဲ့တယ်။ဒီလိုနဲ့...အချစ်ကိုကိုယ်ထိတွေ့ခဲ့တယ်။ ဒီလိုနဲ့...အသည်းကွဲတယ်ဆိုတာ ကိုယ်ခံစားခဲ့ဘူးတယ်။ဒီလိုနဲ့...ဖြစ်ခဲ့တယ်၊ပျက်ခဲ့တယ်။ဒီလိုနဲ့...ဖြစ်နေ၊ပျက်
နေတယ်။ဒီလိုနဲ့...သူနဲ့ကိုယ်မတွေ့တာ ဆယ်စုနှစ်တခုနဲ့တဝက်မက။အမြဲလိုလိုမဟုတ်ပေမယ့်လည်း ကိုယ်သူ့ကိုသတိရ ရနေမိတယ်။သူကိုယ့်ကို သတိရတယ်၊မရဘူးဆိုတာတော့ သူကိုယ်တိုင်ပဲ သိလိမ့်မယ်။

   သူဘယ်မှာရှိမယ် ကိုယ်မသိဘူး။သူဘာတွေလုပ်ပြီး ဘာတွေဖြစ်နေတယ် ကိုယ်မသိဘူး။သူ့အကြောင်း ကိုယ်ဘာမှကောင်းကောင်းမသိဘူး။ကိုယ်သိတာတခုပဲရှိတယ်။သူကိုယ့်ရဲ့အိပ်မက်တွေကို လာလာသိမ်းပိုက်
တယ်။ပြန်ဆုံဖြစ်ဖို့ ကိုယ်မမျှော်ချင်လင့်ပေမယ့်၊သူနဲ့တွေ့ခဲ့ရင်ဆိုပြီး ကိုယ်စိတ်ကူးယဉ်မိ နေတတ်ပြီ။

   ဟုတ်တယ်။ကိုယ်ရူးနေပြီ။ဒါပေမယ့် ကိုယ့်ရဲ့ရူးသွပ်ခြင်းတွေဟာ ဖြူစင်ပါတယ်။ရိုးသားပါတယ်။ကိုယ်ဟာ
လျှို့ဝှက်တတ်သူတယောက် မဟုတ်ပေမယ့်၊မျိုသိပ်နိုင်တဲ့သူတယောက်ပါ။မပြောဖြစ်ခဲ့တဲ့စကားကိုလည်း ဒီအတိုင်းရှိနေစေလိုက်ပါမယ်။

သူဟာ ကိုယ့်အနားရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ ကိုယ့်ရင်ထဲမှာသူရှိနေပြီ။အရာရာဟာ ကြာခဲ့ပါပြီ။ကြာခဲ့ပြီ
ဆိုပေမယ့်လည်း...ရှေးဟောင်းပစ္စည်းများလိုပေါ့.....။   ။

No comments: