Oct 22, 2010

ကိုယ်ပြောချင်တာက ကိုယ်ဟာစံလွဲနေတယ် ဆိုတာပါပဲ

             ညနေက ဟိုတယောက်နဲ့တွေ့တယ်။''ဘယ်လိုလဲ တယောက်တည်းပဲလား။ဘာမှလည်း မပြောင်းလဲဘူးနော်။ဒီအတိုင်းပဲ နေသွားတော့မှာလား''တဲ့။သူမေးချင်ရာတွေမေး၊သူပြောချင်ရာတွေပြောပြီး သူနှုတ်ဆက်သွားတော့ ကိုယ်ပြုံးမိတယ်။အကြောင်းမသိတာလည်းမဟုတ်၊ကိုယ့်အကြောင်းကို သူကောင်းကောင်းသိတာပေါ့။သိလို့လည်း သူနဲ့ကိုယ် လမ်းခွဲခဲ့တာပဲ။ပြီးခဲ့တာတွေက ပြီးခဲ့ပြီလေ။ခုမှပြန်ပြီး လွမ်းဆွေးနေရလောက်အောင် ကိုယ်က၁၆နှစ်သား မဟုတ်တော့ဘူး။ပြောမယ့်သာပြောတာ သူလည်းအခုဆို နောက်တယောက်နဲ့ပါပဲ။ကြည့်ရတာတော့ အဆင်ပြေတဲ့ပုံပေါက်သား။ဒီတယောက်နဲ့ပဲ သူအိမ်ထောင်ပြုသင့်ပါတယ်။ အနည်းဆုံးတော့ ကိုယ့်လိုကောင်မျိုး မဟုတ်တဲ့အတွက် သူစိတ်ချမ်းသာရမှာပါ။ထင်တာပဲလေ။လက်တွေ့ကတော့ သူ့ကိစ္စပဲ။
            ဟိုတယောက်နဲ့တွေ့ပြီးတော့ဟိုကောင်နဲ့ထပ်တွေ့တယ်။''ဘယ်လိုလဲဟေ့ကောင်၊မင်းသတင်းတွေ ငါကြားတယ်၊ ဘယ်လိုတွေ ဖြစ်နေတာလဲ၊မင်းကွာ ငါတို့ထက်ပိုပြီး လေ့လာခဲ့၊သင်ယူခဲ့ပြီးတော့မှ''တဲ့။ ပြောတဲ့ပုံက စိတ်ထဲမသတီချင်စရာကောင်းလို့ ဘာမှမပြောပဲနေဦးမလို့။ တော်ကြာ ဒီကောင်ကြိတ်ပျော်နေမှာစိုးလို့'' ဒီလိုပါပဲ၊ဘဝက ဒီလိုပါပဲ''လို့ ပြန်ပြောလိုက်တယ်။''အေးကွာ မင်းကိုငါနားလည်ပါတယ်''တဲ့။ဘာကိုနားလည်တာလဲ လို့တော့ ကိုယ်မမေးလိုက်တော့ဘူး။မေးစရာလည်း မလိုပါဘူးလေ။ကိုယ့်ကိုနားလည်ကြပါတယ်ဆိုတာ တကယ်တော့ ကိုယ့်ကိုနားမလည်ကြဘူးမှန်း ကိုယ်ကောင်းကောင်းသိခဲ့တာ ကြာပြီ။ငါ့ကိုနားလည်မယ့်အစားကိုယ့်ကိုကိုယ်ပဲ နားလည်အောင် အရင်ကြိုးစားပါကွာလို့ စိတ်ထဲကနေပဲပြောလိုက်တယ်။အကြောင်းသိတွေပဲ။သူဘာကောင်လဲ ကိုယ်ဘာကောင်လဲဆိုတာ သူရောကိုယ်ပါ သိနေကြတာပဲ။ကိုယ့်စိတ်ကိုယ်လုံနေရင် ပြီးတာပဲလေ။
             ညက အိပ်မပျော်ဘူး။တွေးတယ်၊မရေရာဘူး။ကိုယ်ဘာဖြစ်နေလဲ ကိုယ်ဘာဖြစ်ချင်နေတာလဲ ကိုယ်မသိဘူး။သိလည်း မသိချင်ဘူး။လောလောဆယ် ကိုယ်ဟာလွတ်လပ်တယ်။အိမ်...အိမ်ကိုသတိရတော့  အိမ်ပြန်ရင်ကောင်းမလား တွေးမိတယ်။ ကိုယ်အိမ်မပြန်တာ ဘယ်လောက်ကြာပြီလဲ။အိမ်မှာမနေချင်အောင် ကိုယ့်စိတ်ကိုဘာက ခိုင်းစေခဲ့တာလဲ။ကိုယ်ဘာကြောင့် အိမ်ကနေ ခွဲထွက်ခဲ့တာလဲ။သေချာတယ်၊ဒီညတော့ ကိုယ်အိပ်ပျော်မှာမဟုတ်ဘူး။ကိုယ်ညမအိပ်တာ တော်တော်ကြာနေပြီ။ကိုယ်သတိရတာက အိမ်က ကိုယ့်ကိုဆရာဝန်နဲ့ဆွေးနွေးစေချင်တယ်။ကိုယ်က medical check up လုပ်ပြီး အိမ်ကနေ ထွက်လာခဲ့တယ်ဆိုတာပဲ။
            မနက်က လင်းခဲ့ပြန်ပြီ။ကမ္ဘာ့အရှေ့ခြမ်းမှာ နေ့ ကမ္ဘာ့အနောက်ခြမ်းမှာည။ကိုယ့်အတွက်ကတော့
တခုခုပဲ။ ဘာတခုခုလဲဆိုတာတော့ ကိုယ်ရှာဖွေနေဆဲပဲ။သေချာတာကတော့ ခုတလော ကိုယ်သိပ်နေမပျော်တော့ဘူးဆိုတာပဲ။လူတွေ အဓ္ဓိပ္ပါယ်အမျိုးမျိုးဖွင့်ကြတဲ့ ဘဝဆိုတာ ကိုယ့်အတွက်တော့ ငြီးငွေ့ဖွယ်ရာ။ဒီဘဝ ဒီခန္ဓာကြောင့် ဒီအကြောင်းအခြင်းအရာတွေ ခံစား၊ ဒါတွေကနေလွတ်မြောက်အောင် ကိုယ်ရပ်လိုက်မှရမယ်။ကိုယ်သိတယ် နောက်ဘဝ၊နောက်ခန္ဓာနဲ့ နောက်ထပ်ခံစားရဦးမယ့် နောက်ထပ် အကြောင်းအခြင်းအရာတွေ။ဆိုလိုတာက ကိုယ့်ကိုအကြောင်းပြချက်တွေ လာလာမပေးဖို့ပါပဲ။ ကိုယ်လိုချင်တာက လက်ရှိဘဝရဲ့ ဧရိယာပြင်ပ။ကိုယ်တွေးနေမိတာက ဟိုတဘက်ကမ်း၊ ဟိုတဘက်ကမ်းမှာ ဘာတွေရှိမလဲဆိုတာကိုယ်သိချင်နေတယ်။
            ကိုယ်ဟာ မငြိမ်သက်ဘူး။ပူလောင်တယ်။ကျေးဇူးပြုပြီး ကိုယ့်ကိုမနှောင်ဖွဲ့ကြပါနဲ့။   ။

No comments: