Jul 16, 2010

နောက်ဆုံးအလင်း

အနားမှာ ဘယ်သူမှမရှိတော့ဘူး
ရှိခဲ့တဲ့သူတွေကလည်း ငြိုငြင်ကြတယ်
တသက်လုံးကိုယ်ပေးဆပ်ခဲ့သမျှ
ကိုယ်ကဘာမှမတတ်နိုင်တော့တဲ့အခါ
ကိုယ်ဟာမလိုတော့တဲ့ အပိုလူ
လူတွေအတွက် ဝန်ထုပ်ဝန်ပိုးတခု
ငြီးငြူ၊ငြူစူကြပါရဲ့
လျစ်လျူရှုခံရပေါင်းများလာတဲ့ ဘဝမှာ
ပြောစရာစကားတွေလည်း နားထောင်မယ့်သူမရှိ
သိချင်၊ကြားချင်နေတာတွေလည်း ပြောမယ့်သူမရှိ
ကိုယ့်စိတ်ခံစားချက်ကိုလည်း နားလည်ပေးမယ့်သူမရှိ
လူကြားသူကြားထဲမှာ နေနေရင်းနဲ့ပဲ
ကိုယ်ဟာလူတွေနဲ့ ဝေးဝေးလာတယ်
တဘဝလုံး ကိုယ်ရုန်းခဲ့သမျှ
ကိုယ့်အတွက်ဘာမှမပါခဲ့ပါလား ဆိုတာ
ကိုယ်သိလာတဲ့အခါ
ကိုယ့်အတွက် အချိန်ကမရှိတော့ဘူး
အခွင့်အရေးက မပေးတော့ဘူး
တသက်လုံး လောင်ခဲ့တဲ့မီးတွေအတွက်
သံသရာမှာဘယ်အထိ ပူနေရမယ်မသိ
အနိစ္စ၊ဒုက္ခ၊အနတ္တ
ဘယ်အရာမှ အမြဲမရှိဘူးဆိုတာ နှလုံးသွင်းမိလာတဲ့အခါ
ကိုယ်ဟာ ဇရပ်အို အကြိုအကြားမှာ။   ။

No comments: