Jul 15, 2010

ငါဟာ ငါမဟုတ်တော့တဲ့အခါ

မှန်နံရံတွေပေါ်မှာ ငါဟာငါမဟုတ်တော့ပါ
နေ့စဉ်လူမှုဘဝထဲမှာ ငါဟာငါမဟုတ်တော့ပါ
လိုင်စင်ဓါတ်ပုံထဲမှာ ငါဟာငါမဟုတ်တော့ပါ
မင်းတို့ရဲ့အသိတွေထဲမှာ ငါဟာငါမဟုတ်တော့ပါ
ငါ့ရဲ့အသိစိတ်ထဲမှာလည်း ငါဟာငါမဟုတ်တော့ပါ
ငါဟာငါမဟုတ်တော့တဲ့အခါ ငါဟာဘယ်သူဘယ်ဝါ
ဘယ်တုန်းကတည်းက ငါဟာငါမဟုတ်တော့တာလဲ
ဘာကြောင့် ငါဟာငါမဟုတ်တော့တာလဲ
ငါဟာငါမဟုတ်ခင်က ငါ ဘယ်ရောက်သွားလဲ
ငါကငါ့ကို တခါပြန်ပိုင်ဆိုင်နိုင်ဦးမလား
ငါဟာငါဖြစ်ဖို့ ငါတွေဘယ်လောက်ရင်းနှီးရဦးမလဲ
ငါဟာငါမဟုတ်တော့တဲ့အတွက် ငါ့ကိုငါပြန်လွမ်းနေရတယ်
ငါဟာငါမဟုတ်တော့တဲ့အတွက် ငါ့ကိုငါတမ်းတနေရတယ်
ငါဟာငါမဟုတ်တော့တဲ့အတွက် ငါ့ကိုငါသွေးပျက်နေရတယ်
ငါဟာငါမဟုတ်တော့တဲ့အတွက် ငါ့ကိုငါငြီးငွေ့မိတယ်
ငါဟာငါမဟုတ်တော့တဲ့အတွက် ငါ့ကိုငါအဆုံးသတ်ချင်နေတယ်
ငါဟာငါမဟုတ်တော့တဲ့အတွက် ငါ့ကိုငါပြန်ပေးကြပါ
ငါ...ငါ...ငါ...ငါ...ငါ...
အမှောင်ထဲမှာ/အလင်းထဲမှာ/ငါဟာငါ့ကိုယ်တွင်းမှာ/
မရှိခြင်းတရားတွေထဲမှာ/ပညတ်ချက်တွေထဲမှာ/
ငါမဟုတ်တော့တဲ့ငါက ငါ့ကိုရှာနေတဲ့အကြောင်း
ငါမဟုတ်တော့တဲ့ငါက ငါပြန်ဖြစ်ချင်နေတဲ့အကြောင်း
ငါသိစေဖို့ ငါမဟုတ်တော့တဲ့ငါကတဆင့်
လှိုင်းတို/လှိုင်းရှည်/လှိုင်းပျောက်/
အာရုံနံပါတ်ခြောက်/နံပါတ်၃မျက်လုံး/
ဖဲချပ်/ဖန်လုံး/နက္ခတ်/လက္ခဏာ/
ဖရောင်းတိုင်/ကြိမ်လုံး/ရွာစာချ/
မေတ္တာပို့/အမျှဝေ လိုအပ်လာရင် ရေစက်ပါချမည်
ငါ့ကိုငါ ပြန်လိုချင်ပါသည်။   ။

No comments: