Jul 4, 2010

တံတား

တံတားဟာမြစ်ကမ်းနဖူးတွေပေါ်ကိုမေးတင်ထားတယ်
သူ့ရဲခြေဆံလက်ဆံတွေကမြေသားတနေရာဆီကိုအခန်သားကုပ်တွယ်ထားတယ်
စီးနေတဲ့ရေအလျဉ်ကသူ့ကိုပွတ်တိုက်ရင်းကျီစယ်သွားတယ် များသောအားဖြင့်သူမသိချင်ယောင်ဆောင်နေတတ်တယ်
သူ့အပေါ်မှာဝန်အပြည့်နဲ့ယာဉ်တွေ/အကြောင်းကြောင်းနဲ့လူတွေဥဒဟို
ခါးနာလှချည်ရဲ့လို့သူမငြီးငြူမငြူစူခဲ့ပါဘူး
စည်းကမ်းမဲ့တဲ့လူတွေရဲ့ကွမ်းတံတွေးတွေ
အငွေ့မသေသေးတဲ့ဆေးလိပ်တိုတွေနဲ့
ကြွပ်ကြွပ်အိပ်တွေကိုသာသူစိတ်ပျက်တာပါ
သူဟာအဆင့်အတန်းမခွဲခြားတတ်ဘူး
ငါးအစခွေးအလယ်ငှက်အဆုံးသူထိတွေ့တယ်
သဘာဝတရားကြီးကိုသူကောင်းကောင်းလက်ခံတယ်
သူ့မှာငြင်းဆန်ပိုင်ခွင့်/ရွေးချယ်ပိုင်ခွင့်မရှိသလို
အများထင်သလိုလည်းသူဟာမာနမကြီးတတ်ဘူး
နွေဆိုခြောက်သွေ့ မိုးဆိုရွဲစို ဆောင်းတွေမှာခိုက်ခိုက်တုန်ခဲ့ဘူးတယ်
အချိန်တွေကကြာလှပြီပေါ့
သည်ဘက်ကမ်းကသွားရင်ဟိုဘက်ကမ်းရောက်တယ်
ဟိုဘက်ကမ်းကသွားရင်သည်ဘက်ကမ်းရောက်တယ်
တံတားကတော့ဘယ်မှမရောက်ဘူး
တခါကကျီစယ်သွားတဲ့ရေတွေတောင်
မိုးတွေအဖြစ်နဲ့သူ့ကိုထပ်ကျီစယ်တယ်
မှောက်လျက်လားပက်လက်လားတော့မသိ
သူကတော့မြစ်အပေါ်မှာကန့်လန့်ကြီး
ဘယ်ကိုမှသူမသွားဘူး
သူကဒီဇာတိဖွား
သူရှင်သန်ရာဒီရေမြေကိုပဲသူချစ်တယ်တဲ့
ခင်ဗျားတို့ကြားတတ်ရင် ရင်ဘတ်တွေဖွင့်ထားလိုက်ပါ။   ။

ကဗျာအဟောင်းလေးပဲ ဆိုပါတော့။
အသစ်တွေရေးရမှာ ငြီးငွေ့နေတာနဲ့ အဟောင်းလေးတွေပဲ ပြန်တင်မလားလို့။

No comments: