Jul 13, 2010

မြစ်

ခင်ဗျားနားလည်အောင် ကျနော်ဘယ်လိုပြောရမလဲ
ကျနော်နားလည်အောင်လည်း ခင်ဗျားရအောင်ရှင်းပါ
ခင်ဗျားနဲ့ကျနော် ဘာသာစကားမတူတဲ့အခါ
ခင်ဗျားရင်ဘတ်ကို ကျနော့်ကိုငှားပြီး
ကျနော့်ရဲ့ဖိနပ်ကို ခင်ဗျားစီးကြည့်ပါ
ရေတဝက်လျော့နေတာပဲဖြစ်ဖြစ်
ရေတဝက်ပြည့်နေတာပဲဖြစ်ဖြစ်
ရေရှိနေတာကိုတော့
ခင်ဗျားရောကျနော်ရော သေချာတယ်
ခင်ဗျားမှာ လွတ်လပ်ခွင့်တွေရှိသလို
ကျနော့်မှာ ရွေးချယ်မှုတွေရှိတယ်
ခင်ဗျားနည်း၊ခင်ဗျားဟန်နဲ့ ခင်ဗျားဘယ်လိုလျှောက်လျှောက်
ခင်ဗျားလျှောက်တဲ့လမ်းဟာ ခင်ဗျားကိုယ်တိုင်ဖြစ်တယ်
ကျနော်လည်း ထိုနည်းလည်းကောင်း ကျနော့်အခင်းအကျင်းနဲ့ ကျနော်
ကျနော်ဟာ ကျနော်ကိုယ်တိုင်ဖြစ်တယ်
ခင်ဗျားသည် ခင်ဗျားဖြစ်၍ ကျနော်သည် ကျနော်ဖြစ်သည်မှာ
ခင်ဗျားလည်းသိ၍ ကျနော်လည်းသိသည်
ထိုကြောင့် ထူးထူးထွေထွေ ဘာကိုမှပြောစရာမရှိပါ
ကိုယ့်ခရီးကိုယ်နှင်ကြရင်း
ကျနော်တို့ မိုင်တိုင်တွေ စိုက်ခဲ့ကြတာပေါ့။   ။

No comments: