Nov 27, 2010

အမှတ်တရ ဟာသ/အစအန

ဆယ်တန်းအောင်ကာစမှာ အလှကုန်ကုမ္ပဏီတခုမှာ သူအလုပ်ဝင်လုပ်တယ်။
အလုပ်ထဲမှာ ကောင်မလေးတယောက်ကို သူသတိထားမိတယ်။
ထိုကောင်မလေးကို ရင်းရင်းနှီးနှီး မြင်ဘူးတယ်လို့ သူထင်တယ်။
တနေ့မှာ ကောင်မလေးက သူ့ကိုမေးလာခဲ့တယ်။
"နင်ဗိုလ်တထောင်(၅)ကမလား နင့်ကိုငါမြင်ဘူးတယ်"
"ဟုတ်တယ် ကျနော် ဗိုလ်တထောင်(၅)ကပါ၊ဘာဖြစ်လို့လဲ"
"နင် နေခြည်မေကို သိလား"
"သိတယ်၊သူက နာမည်ကြီးပဲ"
"ဘယ်လို နာမည်ကြီးတာလဲ"
"ချောတယ်၊ရည်းစားများတယ် လို့ပဲ သိတယ်"
"နင်သူ့ကိုတွေ့ရင် မှတ်မိလား"
"မှတ်တော့မမှတ်မိပါဘူး၊သိတယ်မဟုတ်လား၊ကျနော်က အေးတယ်လေ၊ကျောင်းမှာ အေးဆေးပဲနေတာဆိုတော့ လူသိပ်မသိဘူးဗျ"
"ဘာ နင်လားအေးတာ၊နင်အကြောင်း ငါသိပါတယ်၊ကျောင်းထဲမှာ လျှောက်လျှောက်သွားနေတဲ့ကောင်ကများ၊ဟိုလူ့နောက်လိုက်၊ဒီလူ့နောက်လိုက်နဲ့၊တကယ့်ဗရုတ်"
"ဟီးဟီး အဲ့လောက်မဟုတ်ပါဘူး"
"ဘာမဟုတ်တာလဲ၊ထားပါလေ။နင်နေခြည်မေကို တကယ်မသိဘူးလား"
"မမှတ်မိတော့ဘူး၊အခန်းချင်းမှမတူတာ"
"နင် ငါ့ကိုရော သိလား"
"ကျောင်းကပဲမလား၊မြင်ဘူးတယ်"
"မြင်ဘူးရုံပဲလား၊နာမည်ကော မသိဘူးလား"
"မသိပါဘူးဗျာ"
"နေခြည်မေဆိုတာ ငါပဲဟဲ့ အကောင်ရဲ့၊ဘယ်လိုလေးလဲမသိပါဘူး၊အူကြောင်ကြောင်နဲ့"
ကောင်မလေးပေါက်ကွဲပြီး ထွက်သွားတယ်။
သူလည်းကြောင်ပြီးကျန်ခဲ့တယ်။နောက်မှ နာမည်နဲ့လူနဲ့ ပြန်တွဲမိတယ်။ဖြစ်မှဖြစ်ရတတ်ပလေတယ်။
ကာယကံရှင်ရှေ့မှာမှ သူ့ကျော်ဇောသတင်းတွေ သွားပြောမိတာကိုး။
ကောင်မလေးက ဘာသဘောနဲ့ မေးတယ်ဆိုတာတော့ သူမသိဘူး။
သူကတော့ အားနာတာရော၊ရှက်တာရော၊လန့်တာပါပေါင်းပြီး ကောင်မလေးအနားက ဖြတ်မသွားမိဖို့ တော်တော်ရှောင်မိတယ်။
သိပ်တော့မကြာလိုက်ပါဘူး။ရက်ပိုင်းအတွင်းမှာပဲ သူအဲ့ဒီအလုပ်ကနေ ထွက်ခဲ့တယ်။
ကောင်မလေးနဲ့တော့ မဆိုင်ပါဘူး။အကြောင်းပြချက်က ပင်ပန်းလို့တဲ့။
ကုမ္ပဏီက ပြန်ခေါ်ပေမယ့် သူမသွားတော့ဘူး။သူမှ မပျော်တာ။


ငယ်ငယ်ကအကြောင်လေးတွေ သတိရလို့ ပြန်ရေးလိုက်တယ်။
အဲ့တုန်းက ကျနော့်အသက်က ၁၆နှစ်ပြည့်ကာစလေးပဲ ရှိသေးတယ်။
အလုပ်ဝင်လုပ်လိုက်၊ပြန်ထွက်လိုက်နဲ့ အချိန်ပေါ့။
သက္ကရာဇ်၂၀၀၀ ဒီဇင်ဘာလမှာ အလုပ်ဝင်တယ်။
၂၀၀၁ ဇန်နဝါရီ ပထမအပါတ်အကုန်မှာ အလုပ်ကထွက်ခဲ့တယ်။
company က tafa trading company ။follow me,secret,v5,pepsodent အစရှိတဲ့ အလှကုန်တွေ ဖြန့်/ထုတ်တဲ့ company ပေါ့။
ကျနော်လုပ်ရတဲ့အလုပ်ကတော့ ဘယ်လိုခေါ်ရမှန်းတောင်မသိပါဘူး။sale man လို့ ခေါ်ရမလားပဲ။
v5 shampooတွေနဲ့ pepsodent သွားတိုက်ဆေးတွေကို အိတ်ကြီးနဲ့လွယ်ပြီး ရပ်ကွက်တွေထဲက အိမ်ဆိုင်တွေကို လိုက်ရောင်းရတာ။
ပင်ပန်းတယ်။ဈေးကြီးတွေကို ဝင်ရောင်းခွင့်မရှိဘူး။ဈေးကြီးတွေကို company ကကားနဲ့ လာဖြန့်တယ်။
ကျနော်တို့က တယောက်တမြို့နယ်စီ လျှောက်ရောင်းရတာ။အလုပ်က နေ့စားလရှင်း။ခရီးစရိတ် ပြန်ပေးတယ်။
တပါတ်ကို တနင်္ဂနွေတရက် ပိတ်တယ်။ကျန်တဲ့ရက်တွေ မပိတ်ဘူး။
အလုပ်ရဖို့ အသိအမတယောက်ပြောပေးတာ၊သူ့မောင်လေးဆိုပြီး။ပြန်ထွက်တော့ သူတောင်မသိလိုက်ဘူး။
သူ့ကိုအလုပ်က ဖုန်းဆက်ပြီး မောင်လေးကို ပြန်လာဆင်းခိုင်းပါတဲ့။အဲ့အမက အိမ်လာပြောတယ်။
ကျနော်က မလုပ်တော့ဘူး။အရမ်းပင်ပန်းတယ်လို့ ပြောလိုက်တယ်။
အဲ့အမကလည်း အဲ့လိုပြန်ပြောလိုက်တော့ အလုပ်ကဘာပြန်ပြောလည်းဆိုတော့ ပြန်လာလုပ်ပါ၊ကားပေါ်တင်ပေးပါမယ်တဲ့။
၂ခါ၊၃ခါလောက် ဖုန်းဆက်ခေါ်တယ်။ကျနော်ကတော့ နိုးပဲ။ပြန်ကိုမသွားတော့တာ။ဟုတ်တယ်။
အဲ့အချိန်တုန်းက အလုပ်ထက် လူငယ်သဘာဝ လွတ်လပ်မှုကို ပိုမက်မောခဲ့တယ်။

အပေါ်ကအကြောင်းလေးကို ခုထိမှတ်မိနေတုန်းပဲ။ဘာလို့မှန်းတော့မသိဘူး။
နေခြည်မေကို အခုနေပြန်တွေ့ရင်လည်း မှတ်မိမှာ မဟုတ်ဘူး။
သူကလည်း သူ့ကိုသူ နေခြည်မေပါလို့ ပြောလိုက်ရင်ပြီးတာကို ဘာလို့အဲ့လိုမေးလဲဆိုတာ အခုထိစဉ်းစားမရဘူး။
သူပြောတာလည်း မှန်ပါတယ်။ကျောင်းတုန်းက ကျနော်က လူဆိုးထဲမှာ မပါပေမယ့် လူအေးထဲမှာလည်း မပါဘူး။
ဆရာမတွေက ကျနော်တို့ကို လူကြည့်ရင် အေးတိအေးစက်နဲ့ စီကနဲဆို သူတို့နေရာကပဲ၊ကုပ်ကမြင်းတွေတဲ့။
စကားတအားများတယ်။ပေါက်ကရလုပ်တယ်။ဆော့တယ်။လျှောက်သွားတယ်။နောက်တယ်။ပြောင်တယ်။
ဒါပေမယ့် မကောင်းတာ ဘာမှမလုပ်ဘူး။စာမကြိုးစားခဲ့တာတခုပဲ နောင်တရမိတယ်။
ဆယ်နှစ်တောင်မှ ရှိခဲ့ပြီ။ကျနော်ကတော့ ခုချိန်ထိ ဘာကောင်မှကို မဖြစ်ခဲ့သေးပါ။

No comments: