May 20, 2009

အစိမ်းအတိုင်းကွဲ အရင်အတိုင်းပဲ

အရင်လိုပါပဲ။အနားမှာနင်မရှိတာကလွဲရင် အရာရာဟာအရင်လိုပါပဲ။ထိုင်နေကြ လက်ဘက်ရည်ဆိုင်လည်း အရင်လိုဆူညံနေဆဲပါ။နင်မကြိုက်တဲ့ ဆေးလိပ်သောက်ခြင်း
အပြုအမူမှာလည်း ငါပျော်ဝင်ခုံမင်ဆဲပါ။နင်အမြင်ကတ်တဲ့ ငါ့ရဲ့အပေါင်းအသင်းတွေလည်း
တေပေလေလွင့်နေတုန်းပဲ။အရည်မရအဖတ်မရစကားတွေပြောပြီး လက်ဘက်ရည်ဆိုင်မှာ
အချိန်ဖြုန်းနေကြဆဲပါ။လူတွေကလည်း ငါတို့ကို အထင်သေးတဲ့မျက်လုံးတွေနဲ့ကြည့်ဆဲ အမြင်
တွေစောင်းတေဆဲပါ။လူသိပ်မကြိုက်တဲ့စာအုပ်တွေဖတ်ပြီးငါ့ရဲ့ညတွေကုန်ဆုံးနေမြဲပါ။တခါ
တုန်းက နင်ကြိုက်တတ်ခဲ့တဲ့ ကဗျာတွေကိုလည်း ငါဖက်တွယ်ထားဆဲပါ။ဒါပေမယ့် နင်မယုံကြည်
ခဲ့ပါဘူးလေ။နင်တို့အိမ်နားက အုတ်ခုံလေးမှာ သီချင်းတွေဆိုဖြစ်နေတုန်းပဲ။ဟိုးတုန်းကလိုပဲ
နင်တို့အိမ်က တခါတလေ ရဲတိုင်နေတုန်းပဲလေ။အထူးသဖြင့်နင်မကြိုက်တဲ့အရက်တွေ
သောက်ပြီး အသည်းကွဲသီချင်းတွေ သွားသွားအော်တဲ့အခါမျိုးမှာပေါ့။ငါ့ကိုကြည့်မရတဲ့
နင့်ရဲ့အမကလည်း ငါ့ကိုတွေ့တာနဲ့ မဲ့ရွဲ့နေတုန်းပဲဟာ။ငါ့ပိုက်ဆံအိတ်ထဲမှာ တမြတ်တနိုး
သိမ်းထားတဲ့ နင့်ရဲ့ဓါတ်ပုံလေးကလည်း ခပ်တည်တည်ခပ်တင်းတင်း ကြည့်နေတုန်းပဲဟာ။
နင်ပေးထားတဲ့ လက်ကိုင်ပုဝါလေးက အရောင်တွေလွင့်သွားပေမယ့် ငါ့ရဲ့လက်မှာစည်းနှောင်
ထားဆဲပါ။နင်အမြဲပြောတတ်သလို ငါ့ရဲ့အိမ်ကလည်း ကျောင်းပြန်တက်ဖို့ တိုက်တွန်းဆဲပါ။
ငါဆိုတဲ့ နင်ချစ်ခဲ့တဲ့ကောင်ကလည်း အရင်တုန်းကလို စိတ်ထဲရှိတာတွေ လျှောက်လုပ်နေတုန်းပဲ။
နင်မကြိုက်တဲ့ အပြုအမူတွေကို လက်ခံကျင့်သုံးနေဆဲ၊သူငယ်ချင်းအပေါင်းအသင်းတွေနဲ့
ရန်ပွဲတွေမှာ ပါဝင်ဆင်နွဲနေဆဲ၊လူကြီးသူမတွေနဲ့ သဟဇာတဖြစ်အောင် မပေါင်းသင်းတတ် အနေ
အထိုင်မတတ်ဆဲပါ။နင်နဲ့ငါအတူရှိနေတုန်းက ဘာအခွင့်အရေးမှမယူတတ်ခဲ့သလို ငါ့အနားကနင်
ထွက်သွားတော့လည်း မတားမြစ်ရက်ခဲ့သူပါ။နင်တော့သိနိုင်မှာမဟုတ်ပါဘူးလေ။နင်ထွက်သွား
တဲ့အချိန်ကစပြီး အချိန်တိုင်းမှာ နင်ပြန်လာမယ့်နေ့ကို ငါမျှော်လင့်နေဆဲပါ။ငါ့ရင်ထဲမှာ နင့်ကိုချစ်
တဲ့အချစ်တွေက ရှင်သန်ပူနွေးဆဲပါ။ပြောင်းလဲတတ်တဲ့လောကကြီးထဲမှာ ငါဘာကိုမှ မပြောင်းလဲ
သေးဘူးဆိုတာ နင်မြင်နိုင်မလား။ငါ့အနားမှာ နင်မရှိတော့တာကလွဲရင် ငါ့အတွက်ကတော့
အရာရာဟာအရင်လိုပါပဲ။နင်ထားခဲ့တဲ့အတိုင်းပေါ့။ ။

No comments: