Apr 21, 2010

ကလေးတယောက်ရဲ့ ဆန္ဒ

အမေ ဘယ်မှာလဲ
အဖေ ဘယ်မှာလဲ
ကျွန်တော်ဟာ ဘယ်သူလဲ။

ပြန်စရာနေရာ မရှိပါ
ဘယ်သူလာခေါ်မယ် မသိပါ
ဒီအသိုက်အမြုံလေးဟာ ကျွန်တော့်ရဲ့ ကမ္ဘာ။

တခါတခါလည်း အိပ်မက်တွေထဲမှာ
ဖေဖေမေမေက ကျွန်တော့်ရဲ့ဘေးမှာ
ဒါပေမယ့်လည်း ပုံရိပ်တွေက မပြတ်သားခဲ့ပါ။

ငိုချင်ပေမယ့်လည်း မျက်ရည်တွေက မရှိတော့ပါ
ခေါ်ချင်ပေမယ့် အဖေအမေဘယ်သူဆိုတာ ကျွန်တော်မသိပါ
ကျွန်တော်သိတာ ကျွန်တော်ဟာတယောက်တည်းမဟုတ်ပါ
ကျွန်တော့်မှာ ဘ၀တူသူငယ်ချင်းတွေများစွာ။

အိပ်ရာဝင်တဲ့ အခါတွေတိုင်းမှာ
နေ့သစ်တခုရဲ့ အစတွေတိုင်းမှာ
ကျွန်တော်အမြဲ ဆုတောင်းနေလျက်ပါ။

နောက်ထပ်တခါ ဒီလိုဘ၀မျိုးကို မရောက်ချင်တော့ပါ
နောက်ထပ်တခါ ဒီလိုဘ၀မျိုးတွေ မမွေးဖွားချင်ပါ
ဒီဘ၀မှာပဲ ဒီအကြွေးတွေကြေပါစေ ဘုရား...။ ။

ငှက်ငယ်သို့

ဝမ်းစာရှာတဲ့ ညည့်ငှက်ငယ်ရယ်
ဘယ်လိုအမှောင်မျိုးကိုမှ
ဘ၀မှာ မင်းကြောက်ရွံ့ပါသလဲကွယ်
မင်းပျော်ဝင်ကျင်လည်နေတဲ့
အမှောင်ထုရဲ့ ရက်စက်စွာ ၀ါးမျိုခြင်းကို
မင်းကိုယ်တိုင်မှ သိပါရဲ့လားကွယ်
ပေးလိုက်ရတာနဲ့ ပြန်ရလိုက်တာနှိုင်းရင်
ညမှာကျတဲ့ မျက်ရည်စက်တွေဟာ
အမှောင်ထဲမှာပဲ တိုးတိတ်ပျောက်ကွယ်သွားလေရဲ့
အိုငှက်ငယ်ရယ်
မင်းရင်ထဲမှာဖြင့် အလင်းတွေရှိရင်လေ
အချိန်တွေမနှောင်းသေးခင်
သာယာတဲ့ ဘ၀လေးတခုကိုတည်ဆောက်
နွေးထွေးတဲ့နေရောင်အောက်မှာပေါ့။ ။

Apr 17, 2010

အိမ်ပြောင်းမယ်

အရင်အိမ်ကဖွင့်ရတာခက်လွန်းလို့ အိမ်သစ်ရွေ့ပါတယ်။


လာခဲ့ကြပါလို့ဖိတ်ခေါ်ပါတယ်။ ။
နှစ်သစ်မှာ blog အသစ်နဲ့ပေါ့။ ။

Apr 13, 2010

မှတ်တမ်း

ယုံကြည်ချက်တခုအတွက်
အစဉ်အလာဂုဏ်သိက္ခာအတွက်
ထန်းတက်လက်မှတ်တွေ မလိုချင်ပါ
လူကိုသာသတ်ပါတော့
စိတ်ဓါတ်ကမသေ
ကျိုင်းအုပ်ကတစ်ရာနှစ်ရာ
စပါးခိုင် မာန်ကိုမလှဲ
သည်မြေမှာ အမြစ်တွယ်ဆဲ။ ။

Apr 3, 2010

ညနေ

ညနေ
ရွက်ကြွေတို့ လဲလျောင်းလျှက်
လေပြေ
ညင်သာစွာ ထိတို့ဆော့ကစား
ဆည်းဆာ
အမှောင်တွေက လက်တကမ်းမှာ
ဆိုညည်းကြပါ
နှုတ်ဆက်တဲ့အခါ ကြေကွဲသီချင်းတွေ
ငါက နားတွေခါးနေရတယ်
အလင်း
ငါ့ရင်ထဲက စူးရှဖောက်ထွက်သွား
နှုတ်ခမ်း
အညင်သာဆုံး နူးညံ့မှုတွေနဲ့
အနမ်း
ငါ့ဝိဥာဉ်တခုလုံး ပျက်ကြွေခဲ့တယ်
ဆန္ဒတွေ မတူညီကြတော့တဲ့အခါ
ကြိုးမျှင်တွေလို တစစီ(ငါတို့တွေလေ)
အနီးဆုံးဝေးခဲ့ရတယ်
(ပြီးတော့)အဝေးဆုံးဝေးသွားခဲ့ရ
ငါ့ရဲ့ရင်ဘတ်တခြမ်းက သေသွားပြီ
ညနေခင်းကို ကဗျာနဲ့မြည်းတယ်
မပီမသ သီချင်းတွေဆိုတယ်
ညအိပ်ရာဝင်တိုင်း အိပ်မက်မမက်ဖို့
ငါဆုတောင်းတယ်
ဖရိုဖရဲ ဖြစ်တည်မှုတွေနဲ့ ငါ
တော်တော်လေးတော့ ကျင့်သားရနေပြီ

တိတ်ဆိတ်၊နက်ရှိုင်း၊ခြောက်ခြား
အမှောင်မှာ ငါ့ကိုယ်ငါလင်းထားတယ်
ဘာကိုမှ မလိုတော့ဘူး။ ။

Mar 30, 2010

သံသရာ

တူဖြစ်လာတဲ့ဘ၀မှာ
ကောင်းကောင်းနှံတတ်ခဲ့မှတော့
ပေဖြစ်လာတဲ့ဘ၀မှာ
ဘယ်လိုငရဲမျိုးကိုတွေးကြောက်မှာလဲ
ဘာကိုမှစဉ်းစားမနေနဲ့။

အလှည့်ကျရင်တော့ မနွဲ့ကြစတမ်းပေါ့
မင်းရဲ့ဆန္ဒနဲ့ မင်းရဲ့ကိုယ်
ငါဘာကိုမှ မပြောလိုဘူး။

ကန်ပါ
မင်းစိတ်ကြိုက်ကန်နိုင်ပါတယ်
ဒါပေမယ့်...
မင်းကန်တဲ့ဘောလုံးဟာ
မင်းဂိုးပေါက်ထဲကိုတော့...မရောက်ပါစေနဲ့။ ။

Feb 24, 2010

"မေမေသို့..."(၃)

ပေါ့ပေါ့နေ ပေါ့ပေါ့စား ဘ၀ကို ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းချင်တော့တယ် မေမေ
ဘုရားရေ...ကျွန်တော်ဟာ လူ့တန်ဖိုးနဲ့ စံလွဲနေပြီလား
အဲ့ဒီအပေါစား အတွေးအခေါ်တွေ ဘာကြောင့်ခေါင်းထဲရောက်နေခဲ့ရတာလဲ
အမှန်အတိုင်းပြောရရင်တော့ ကျွန်တော်ဘာဝန်ကိုမှ မထမ်းချင်တော့ဘူး မေမေ
နိစ္စဓူဝ ကိစ္စတွေတောင်မှ ကျွန်တော်ငြီးငွေ့နေပြီ
ကြွေနေတဲ့သစ်ရွက်လို လေနှင်ရာကိုလွင့်မျော
စိတ်ရဲ့သယ်ဆောင်မှုနဲ့ပဲ ဘ၀ကို ကျွန်တော်ခရီးဆက်ချင်တယ်
ဘယ်လိုဘ၀မျိုးပါလဲ မေမေရယ်
ဘ၀ဟာနေလို့မကောင်းမှန်း သိလာတော့လည်း
ကျွန်တော်သွေးကြောင်တတ်လာတယ်
ထွက်ပြေးရင်းနဲ့ပဲ ဒီစက်ဝိုင်းထဲကျင်လည်
မေမေ့ရဲ့သားဟာလေ...
ကိုယ်ကျိန်စာ ကိုယ်ဆိုရင်းနဲ့မှ...ရူးနေရတဲ့ တစ္ဆေ။ ။

သားမိုက်တယောက်၏ နေရက်များ

"မေမေသို့ ..."(၂)

ရက်စက်ရတော့မယ်
ခွင့်လွှတ်ပါမေမေ
တကယ်ဆိုရင်ဒီလိုမဖြစ်သင့်မှန်း
ကျွန်တော်သေသေချာချာသိတယ်
ဒါပေမယ့်မေမေ
ကျွန်တော်အရာရာကိုငြီးငွေ့နေပြီ
အမှန်နဲ့အမှားကိုကျွန်တော်မတွေးချင်ဘူး
ကျွန်တော်လိုနေတာလွတ်လပ်မှုပါ
ဘ၀ကိုပေါ့ပေါ့ပါးပါးလေးပဲဖြတ်သန်းချင်တော့တယ်။ ။

သားမိုက်တယောက်၏ နေရက်များ

"မေမေသို့..."

ဒုက္ခမှန်းသိသိရက်နဲ့ပေါ့
ဘာကိုမှပြင်ဆင်မထားပဲ
ကျွန်တော်ရင်ဆိုင်လိုက်ပြီ
မေမေသိရင် ခွင့်လွှတ်မှာလား
ဒါမှမဟုတ် စိတ်ပျက်နေမလား။ ။

သားမိုက်တယောက်၏ နေရက်များ

"အရိုးရှင်းဆုံးပြဇာတ်"

ပြောမပြတတ်လောက်အောင် ကျွန်တော်သူ့ကိုချစ်ခဲ့ပေမယ့်
သူသိအောင် ကျွန်တော်မပြောပြတတ်ခဲ့ပါ
ကျွန်တော်နားလည်ထားသော အချစ်သည် ပေးဆပ်ခြင်းသက်သက်ဖြစ်သည်
သူနှင့်ကျွန်တော့်ကြားတွင် ပါးလှပ်ခိုင်မာသော အဖြူရောင်စည်းတခု ခြားထားသည်
ထိုစည်းကို ချနင်း၊ကျော်ဖြတ်ရန် ကျွန်တော့်မှာ အင်အားမရှိပါ
သူသည် ကျွန်တော်၏ သူငယ်ချင်းဖြစ်သည်
ထင်မှတ်မထားပဲ သူငြိုငြင်သွားမည်ကို ကျွန်တော်မလိုလားပါ
ထို့ကြောင့် ကျွန်တော်သည် မျိုသိပ်၊နှုတ်ဆိတ်တတ်ခဲ့သည်
သူ၏ခံစားချက်များကို ကျွန်တော် ကူးစက်ခံစားပေးတတ်ခဲ့သည်
အရိပ်ပမာအမြဲ သူ၏နံဘေးတွင် ကျွန်တော်ရှိနေပေးခဲ့သည်
သို့သော်...နောက်ဆုံးမတိုင်ခင် တနေ့ထိသာဖြစ်သည်
ကျွန်တော်မပြောပြတတ်ခဲ့သော ဘာသာစကားများကို
တစုံတဦးထံမှ သူနားလည်၊တတ်ကျွမ်းခဲ့ပါသည်
ထိုထိုခါက ကျွန်တော်၏အမြင်ကို သူတောင်းခံခဲ့ပါသည်
သူပျော်မည်ဆိုလျှင် ကျွန်တော်ကျေနပ်ကြောင်း ပြောပြဖြစ်ခဲ့သည်
ထိုစကားကြောင့် သူ့စိတ်တွင်အနာရသွားမှန်း
သူ့မျက်ဝန်းများမှတဆင့် ကျွန်တော်နားလည်လိုက်ချိန်တွင်
အရာရာနောက်ကျခဲ့ပြီး ဖြစ်တော့သည်
ထိုနေ့မှ စ၍ သူနှင့်ကျွန်တော် တစစ...ဝေးကွာခဲ့ရသည်
ကျွန်တော်ဝမ်းမနည်းတတ်ခဲ့ပါ
ဖြူစင်သော ကျွန်တော်၏ချစ်ခြင်းသည် ပေးဆပ်ခြင်းသာဖြစ်သည်
သူကျွန်တော့်ကို နားမလည်တတ်ခဲ့သော်လည်း
ကျွန်တော်သူ့အပေါ် နားလည်ပေးနိုင်ခဲ့သည်
အဘယ်မျှဝေးကွာနေသော်လည်း
ကျွန်တော့်ရင်ဘတ်တနေရာတွင် သူရှိသည်
ကျွန်တော့်ရင်နှလုံးသားသည် သူ၏ပြတိုက်ဖြစ်သည်
ကျွန်တော့်အခန်းနံရံတွင် သူ၏ဓါတ်ပုံများကို ချိတ်ဆွဲမထားသော်လည်း
ကျွန်တော့်နှလုံးသားပြတိုက်တွင် သူ၏ပုံရိပ်များကို ခင်းကျင်းထားသည်
အတူရှိခဲ့ဘူးသော နေရာများသည် ကျွန်တော့်ကို အမှတ်ရစေသည်
ထို့ထက်ပို၍ပြောရလျှင်မူ
သူနှင့်ပတ်သက်ခဲ့သမျှ အရာရာသည်
ကျွန်တော်၏ တသက်သာ အမှတ်တရများဖြစ်သည်
သို့သော်...သူမသိခဲ့ပါ
သူသိအောင်လည်း ကျွန်တော်က မပြောပြတတ်ခဲ့ပါ
အရာရာဟာ ပြီဆုံးခဲ့ပြီဖြစ်သည်။ ။