Sep 4, 2010

သူငယ်ချင်းများအမှတ်တရ



ဒီသီချင်းလေးက ပထမကတော့ကဗျာပါ။
ကျနော့်သူငယ်ချင်း ကျော်ဝေလင်းကကြိုက်၍
သီချင်းလုပ်ကြရအောင်ဆိုသောကြောင့် သူနဲ့ကျနော်ညှိနှိုင်းပြီး
လုပ်ဖြစ်ခဲ့တဲ့ တပုဒ်တည်းသော သီချင်းဖြစ်ပါတယ်။
ဒီသီချင်းကို သံစဉ်ရှာ၊တီးခတ်၊သီဆိုသူကတော့
ကျော်ဝေလင်းဖြစ်ပြီး စာသားပိုင်ရှင်ကတော့ ကျနော်နော်မန်ဖြစ်ပါတယ်။
မူရင်းကဗျာကတော့ ဒီလိုဖြစ်ပါတယ်။

မမျှော်လင့်ထားပဲ ငါတို့ဆုံဆည်းခဲ့ကြတယ်
အကြောင်းကြောင်းကြောင့် စကားတွေပြောမိကြတယ်
ထင်မှတ်မထားပဲ သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်
နီးလိုက်ဝေးလိုက်နဲ့ ငါတို့ဖြတ်သန်းကြတယ်
အဲ့ဒီနေ့ရက်တွေဟာ ပျော်ရွှင်ခြင်းအတိမပြီးပေမယ့်
နွေးထွေးမှုတွေဝေမျှ ခိုလှုံခဲ့ကြတယ်
ပခုံးတွေငှားခဲ့၊ရင်ဘတ်တွေဖွင့်ခဲ့ကြတယ်
ဘယ်လောက်အံ့သြစရာကောင်းခဲ့လဲ
တနယ်တရပ်စီက တမိပေါက်တယောက်တွေလေ
တယောက်ကိုတယောက်ရွေးချယ်ခဲ့တယ်
ဘယ်လိုပဋိပက္ခတွေရှိခဲ့လည်း လက်တွဲမဖြုတ်ခဲ့ကြဘူး
အကောင်းဆုံးသူငယ်ချင်း မဟုတ်ခဲ့ရင်တောင်မှ
ကောင်းသောသူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်
ဒီလိုနေ့ရက်တွေကို ငါတို့ပိုင်ဆိုင်ခဲ့ကြတယ်
ဒီလိုနေ့ရက်တွေကုန်ဆုံးသွားမှာကို ကြောက်ရွံခဲ့ကြတယ်
ဒါပေမယ့် ဘ၀ရဲ့လမ်းတွေက မတူညီကြဘူး
တယောက်ဟာတယောက်ရဲ့ တစိတ်တပိုင်းစီဖြစ်ခဲ့ကြပေမယ့်
ဘ၀ရဲ့လမ်းတွေပေါ်မှာ တပိုင်းတစစီ
ငါတို့ပြန့်ကျဲ ဝေးကွာခဲ့ရတယ်
ဘယ်လိုမှ ဘယ်တော့မှ မေ့မသွားပေမယ့်
အရင်လိုအချိန်တွေက ပြန်မရနိုင်တော့ဘူး
အိပ်မက်တခုလို၊ဒဏ္ဌာရီတပုဒ်လို
ကိုယ်စီရင်ဘတ်တွေထဲစွဲထင်နေခဲ့ပြီ။ ။

ဒီကဗျာကို ကျနော်ခေါင်းစဉ်ပေးမထားခဲ့ပါဘူး။သီချင်းလေးကိုတော့ ဒဏ္ဌာရီ လို့ပေးထားပါတယ်။
ဒီသီချင်းလေးနဲ့ ဒီကဗျာလေးကို ကြည့်/ဖတ်ရှု ခံစားပြီး ရင်ထဲမှာ တစုံတခုကျန်ခဲ့မယ်ဆိုရင်
ကျနော်တို့ ဖန်တီးခဲ့ရကျိုးနပ်ပါတယ်။

ပြောစရာရှိတာကတော့ ဟော်လိုဂစ်တာနဲ့တီးခတ်ပြီး လက်ကိုင်ဖုန်းဖြင့် အသံဖမ်းရသောကြောင့်အသံထွက်မကောင်းပါ။ဖြစ်နိုင်ရင် arrangement  ကောင်းကောင်းနှင့်
စတူဒီယိုမှာ အသံသွင်းချင်သော်လည်း ကျနော်တို့အတွက် အခြေအနေမပေးခဲ့ပါ။
ပို၍ဆိုးသည်မှာ ကျနော်တို့သူငယ်ချင်းများ တကွဲတပြားနှင့်
တယောက်တနေရာစီ ရောက်ရှိနေခြင်းပင်ဖြစ်သည်။

သူငယ်ချင်းများကို သတိတရနှင့် ဒီပို့စ်ကို ရေးဖြစ်ပါတယ်။   ။

No comments: