Mar 4, 2011

ကာတာရောက်မြန်မာ

ကာတာနိုင်ငံရောက် မြန်မာများအနေဖြင့် မလွဲမသွေကြုံတွေ့ရမည့် အခက်အခဲ တချို့ရှိသည်။
(၁)ရာသီဥတုပြင်းထန်ခြင်း
(၂)ငွေလွှဲအာမခံမရှိခြင်း
(၃)နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမလွယ်ခြင်း
(၄)ဘာသာစကားကွာခြားခြင်း

ရာသီဥတုပြင်းထန်ခြင်း
ကန္တာရနိုင်ငံဖြစ်သည့်အလျောက် အပူအအေးပြင်းထန်သည်။ ရေသည် နွေအခါတွင် အရေပြားလောင်သည်အထိ ပူပြင်းပြီး၊ ဆောင်းတွင် ရေမခဲသည့်တိုင် ကျင်စက်နေအောင်အေးသည်။ နွေ(၈)လ၊ ဆောင်း(၄)လ ပျမ်းမျှရှိသည်။

ငွေလွှဲအာမခံမရှိခြင်း
ကာတာရောက်မြန်မာများအနေဖြင့် ငွေလွှဲရာတွင် အခြားသောနိုင်ငံများကဲ့သို့ တရားဝင်ငွေလွှဲအေဂျင်စီများမရှိပါ။ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူ အနည်းအကျဉ်းရှိသော်လည်း ငွေလွှဲနှုန်းကြီးမြင့်ခြင်း၊ အချိန်ကြာမြင့်ခြင်းနှင့် အိမ်ပို့ခတောင်းခြင်း(မြန်မာနိုင်ငံတွင်လည်း လမ်းစားရိတ်တောင်းပြန်ပါသည်) တို့အပြင် လိမ်လည်မှုများလည်း ဖြစ်ပွားလေ့ရှိသည်။ ငွေလွှဲရာတွင်လည်း ရုံးခန်း/ဆိုင်ခန်းမရှိပဲ သောကြာနေ့တိုင်းတွင် လူစုံလေ့ရှိသော (ငွေလွှဲလုပ်ငန်းလုပ်သူများအခေါ် စုရပ်ဟုဆိုသော) ကားဝင်းအနီး မြက်ခင်းပြင်တနေရာပေါ်တွင် ငွေလွှဲရခြင်းဖြစ်သည်။ မြန်မာအများစု ရှိသောနေရာများ၊ဟိုတယ်များကိုတော့ ငွေလွှဲလုပ်သူများက ပိုက်ဆံလာကောက်လေ့ရှိသည်။

နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမလွယ်ခြင်း
ကာတာနိုင်ငံတွင် မြန်မာသံရုံးမရှိသဖြင့် သက်တမ်းတိုးရာတွင် အခက်အခဲများရှိသည်။ လူရည်လည်သော/ အဆက်အသွယ်ကောင်းသော/ အတွေ့အကြုံရှိသော/ အချိန်ပေးနိုင်သော သူတချို့က အီဂျစ်/ကူဝိတ်နိုင်ငံရှိ မြန်မာသံရုံးသို့ ဆက်သွယ်ပြီး စာအုပ်နှင့်ငွေပို့ကာ သက်တမ်းတိုးကြသည်။ တချို့အနေဖြင့် မြန်မာနိုင်ငံသို့ပြန်၍ သက်တမ်းတိုးကြသည်။ အချိန်မပေးနိုင်သော/ ခွင့်အခက်အခဲရှိသောသူများအနေဖြင့် ပွဲစားများမှတဆင့် သက်တမ်းတိုးရသည်။ ပွဲစားများမှဆင့် သက်တမ်းတိုးရာတွင် အချိန်ကြာမြင့်ခြင်း၊ ငွေကုန်ကြေးကျပိုများခြင်းနှင့်အတူ လိမ်လည်မှုများလည်း ခံရတတ်သည်။ စာအုပ်လည်းပေး၊ ပိုက်ဆံလည်းပေး၍ ရင်တထိတ်ထိတ်ဖြင့် စောင့်မျှော်ရသည်။ ကံအကြောင်းမလှ၍ လိမ်ခံထိပါက အဖြေအရှင်းမတတ်လျှင် မိမိပင် ထောင်နန်းစံရဦးမည်။

ဘာသာစကားကွာခြားခြင်း
အာရပ်ကမ္ဘာမို့ အာရဗီစကားကိုသာ အဓိကထားပြောပါသည်။ အင်္ဂလိပ်လိုကျယ်ပြန့်စွာသုံးနိုင်ပါသော်လည်း အသံထွက်မတူခြင်း၊ အသုံးအနှုန်းကွဲခြင်းများကို ကြုံတွေ့ရမည်။

အခြားအခက်အခဲများ
ကာတာနိုင်ငံတွင် မြန်မာအစားအစာ၊ မြန်မာအသုံးအဆောင်ပစ္စည်းများ မရပါ။ ခန့်မှန်းခြေအရ ကာတာနိုင်ငံတွင် မြန်မာလူမျိုး ၃၀၀ ဝန်းကျင်ခန့်ရှိမည် ဖြစ်သော်လည်း မြန်မာအချင်းချင်း ဆုံတွေ့နိုင်ရန် မလွယ်ကူပါ။ မြန်မာနိုင်ငံသို့ ဖုန်းခေါ်ဆိုခ ဈေးကြီးသည်။ လေယာဉ်ခ ဈေးကြီးသည်။ အရက်၊မူးယစ်ဆေးဝါး (ဈေးကြီးပြီး အရည်အသွေးမကောင်းသော်လည်း) လွယ်ကူစွာမရနိုင်ပါ။

မှတ်ချက်။   ။တနှစ်ကျော်ဖြတ်သန်းလာသော အတွေ့အကြုံပေါ်မူတည်၍ ရေးခြင်းဖြစ်ပါသည်။ စနစ်တကျ လေ့လာ၊ စုံစမ်းထားခြင်းမျိုး မဟုတ်ပါဘဲ ယေဘူယျသဘောသာ ဖြစ်ပါသည်။ လူတယောက်နှင့် အခြားလူတယောက် ဖြတ်သန်းပုံ၊ လေ့လာပုံ၊ အမြင်များ မတူညီနိုင်ပါ။ မည်သူတဦးတယောက်ကိုမျှ ထိခိုက်အောင်မရည်ရွယ်ပါ။ အတွေ့အကြုံ ဝေမျှခြင်းသာဖြစ်သည်။

Mar 2, 2011

သစ္စာလမ်း

သစ္စာလမ်းဟာအရင်လိုမဟုတ်တော့ဘူး
သစ္စာလမ်းမှာအရိပ်ခိုစရာမရှိတော့ဘူး
သစ္စာလမ်းမှာမွေးပြီး
သစ္စာလမ်းမှာကြီးခဲ့ပေမယ့်
သစ္စာလမ်းကငါကိုမသိတော့ဘူး
သစ္စာလမ်းဟာသူစိမ်းဆန်သွားပြီ
သစ္စာလမ်းဟာအရင်ကထက်ကြမ်းလာတယ်
သစ္စာလမ်းမှာဘောလုံးကန်လို့မကောင်းတော့ဘူး
သစ္စာလမ်းမှာအထပ်မြင့်တိုက်တွေတိုးလာတယ်
သစ္စာလမ်းမှာမျက်နှာစိမ်းတွေများလာတယ်
သစ္စာလမ်းရဲ့အရင်နာမည်ဘယ်သူသိသေးလဲ
သစ္စာလမ်းမှာလူဟောင်းတွေဘယ်သူရှိသေးလဲ
သစ္စာလမ်းရဲ့ဇတွေဘယ်ရောက်ကုန်ပြီလဲ
သစ္စာလမ်းရဲ့ညတွေဘယ်သူစိုးမိုးထားသလဲ
သစ္စာလမ်းမှာဂစ်တာတီးပြီးသီချင်းဆိုချင်သေးတယ်
သစ္စာလမ်းရဲ့လမ်းဘေးခုံတွေမှာထိုင်ချင်သေးတယ်
သစ္စာလမ်းဟာတချိန်ကတော့ဘာဆိုလားပဲ
သစ္စာလမ်းကိုပြန်ရောက်တိုင်း
သစ္စာလမ်းဟာသစ္စာလမ်းနဲ့မတူတော့လို့
သစ္စာလမ်းကိုလွမ်းရတယ်
သစ္စာလမ်းမှာသစ္စာလမ်းကိုပြန်ရှာရင်းနဲ့
သစ္စာလမ်းပေါ်လျှောက်ရင်း
သစ္စာလမ်းကိုငေးရင်း
စိတ်ကအတိတ်ကိုခဏခဏကျွံကျွံကျတယ်။   ။


Feb 26, 2011

အိမ်ပြန်ချိန်

အိမ်ပြန်ချိန်ဟာ...ဒီရက်ပိုင်းထဲမှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...ဒီလပိုင်းထဲမှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...ဒီနှစ်ထဲမှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...မနက်ခင်းလေးမှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...ညနေပိုင်းမှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...ညချမ်းချိန်မှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...တနင်္လာနေ့...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...မိုးရာသီထဲမှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...မိုးရွာတဲ့နေ့...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...မိုးမရွာတဲ့နေ့...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...မိုးရာသီထဲက မိုးရွာတဲ့ တနင်္လာနေ့...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...မိုးရာသီထဲက မိုးမရွာတဲ့ တနင်္လာနေ့...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...လူသိရှင်ကြား...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...လူမသိသူမသိ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...အိမ်ကိုပြန်တဲ့အချိန်...ဖြစ်တယ်
အိမ်ပြန်ချိန်ဟာ...စိတ်ကူးယဉ်လို့...ကောင်းတယ်။   ။

Feb 24, 2011

ဒီဇာတ်လမ်းဟာ စိတ်ကူးယဉ်ဝတ္ထုဖြစ်တယ်

အစ။   ။ အချစ်နဲ့စစ်မှာ
           မတရားတာမရှိဘူးသီတာ
           ပိုင်ဆိုင်မှုအတွက်
           သိမ်းပိုက်ခြင်းပဲရှိတယ်။

အလယ်။   ။ငိုနေတဲ့မျက်လုံးတွေမှာ
               အမုန်းတွေကိုတွေ့တယ်
               ပြုံးပါဦးလား သီတာရယ်
               တဘဝလုံးစာမုန်းရလောက်အောင်
               ငါ့အချစ်တွေက အပြစ်ဖြစ်ခဲ့ပြီလား။

               မုန်းပါသီတာ
               ရှုံးသူမှမဟုတ်ပါဘူး
               နိုင်တယ်ထင်မိရသူရဲ့ရင်ထဲမှာလည်း
               မျက်ရည်စတွေနဲ့ပါ။


အဆုံး။   ။ကိုယ်ကချစ်မိသူပါသီတာ
            အချစ်တခုတည်းသိခဲ့သူမို့
            အပြစ်ရှိခဲ့တယ်ဆိုလည်း
            သီတာရယ်...
            မင်းလက်နဲ့ငါ့ကိုသတ်
            ပြီးမှ ငါ့ရင်ကနေထွက်ပါ။

            ချစ်သူရဲ့အမုန်း
            အေးစက်တဲ့အပြုံးတွေနဲ့
            တလောကလုံးကို
            ကိုယ်အရှုံပေးလိုက်တယ်
            မင်းပျော်ပါစေ သီတာ။

နောက်ဆက်တွဲ။   ။မချစ်သူနဲ့အတူနေရတဲ့ငရဲ
                       ချစ်သူနဲ့ခွဲနေရတဲ့ငရဲထက်
                       ချစ်မိတဲ့ငနဲရဲ့ဘဝဟာလည်း
                       ငရဲအမျှပူလောင်ရတယ်ဆိုတာ
                       ချစ်မိခဲ့သူသာ အသိဆုံးပါ။

ဒါပေမယ့်လည်း သီတာရယ်...။   ။

Feb 23, 2011

အောက်ခြေလူတန်းစား အထက်လွှာ

ညီလေးရေ...
ကမ္ဘာကြီးရဲ့ တနေရာစီမှာ
မင်းနဲ့ငါ
ကိုကြီးရေ...
မတူညီတဲ့ ယဉ်ကျေးမှုတွေကြားမှာ
မင်းနဲ့ငါ
ကိုယ့်ဘဝကို ကိုယ်ရှာဖွေကြရင်းနဲ့ပဲ
မိသားစုဘဝ နွေးထွေးမှုကို
အေးစက်စက် ခံစားနေတတ်ခဲ့ကြပြီ။

ခေတ်ကြီးကိုလက်ညှိုးထိုး
စနစ်ကိုလက်ညှိုးထိုး
နောက်ဆုံးကွာ
ကံကြမ္မာကိုပဲ အပြစ်တင်ရင်း
အသက်တွေသာကြီးသွားကြတယ်
ဘဝတွေကတော့
ခွေးလျက်တဲ့ထညက်တွေလို
တ ဖြည်း ဖြည်း နဲ့ လုံး...ပါး...ပါး...ခဲ့။   ။

Feb 3, 2011

မီး

ဒီ​လို​နဲ​႔...တေ​န​႔ျ​ပီး​တေ​န​႔ အခ်ိ​န​္ေ​တြ​သာ​ကုန္ခဲ့​တ​ယ်။
ငါ့​မှာ လက်ဆုပ်လက်ကို​င်ြ​ပ​စရာ​ဆိုလို့​ ဒါဏ်ရာေ​တွ​ပဲ​ရှိ​တ​ယ်။
ဘဝ​က​မ​မှား​ဘူး။ငါ​က​မှား​ခဲ့​တာ။
ငါ​က ဘဝကို မှား​ခဲ့တာ။

Jan 31, 2011

လှိုင်း

ဘဝကို...
မိုက်မိုက်မဲမဲ (ရောင့်ရဲ/ရိုးသား/သမားရိုးကျ/သာယာ) မိခဲ့တော့လည်း
ခက်ခက်ခဲခဲ (အားတင်း/ရုန်းကန်/ပေးဆပ်) ရတာပေါ့
တကယ်တမ်းပြောရရင်တော့
ဘဝဆိုတာ...(ဂငယ်ကွေ့) ကွေ့လို့မရတဲ့အရာ။  ။

Jan 30, 2011

ပင်နယံ

မင်္ဂလာပါ...
မင်္ဂလာနံနက်ခင်းပါ...
မင်္ဂလာနေ့လည်ခင်းပါ...
မင်္ဂလာညနေခင်းပါ...
မင်္ဂလာညချမ်းပါ...
နေထိုင်ကောင်းပါရဲ့လား...
ဒါကဒီလိုရှိပါတယ်...
ဟိုဟာကဟိုလိုရှိပါတယ်...
ကျေးဇူးတင်ပါတယ်...
နောင်လည်းလာခဲ့ပါ...
အာရုံလာလာမလာလာ
အကျင့်ပါသလိုဖြစ်နေတာက
အပြုံးမျက်နှာနဲ့ချိုသောစကား
ကြာလာတော့လည်း...
ငြီးငွေ့မိတယ်ဆိုတာ
ဘယ်သူ့ကိုရင်ဖွင့်ပြရမလဲ
အဆင်ပြေပြေမပြေပြေ
တလတခါအိမ်ကိုငွေပို့နိုင်ဖို့အတွက်
ခံစားချက်တွေကိုမျိုသိပ်
အောင့်အည်းကြိတ်မှိတ်ရလွန်းလို့
တခါတခါမှာ...
လူဆိုတာတောင် ကိုယ့်ကိုကိုယ်မေ့နေလေရဲ့
ဖြစ်သလိုနေ...
ဖြစ်သလိုစား...
ဖြစ်နေရတဲ့ဘဝကို...
နားလည်အောင်လည်းမပြောချင်တော့ပါဘူးလေ
ဖြစ်သမျှအကြောင်းအကောင်းလို့မှတ်
ရှေ့ဆက်...မနက်ဖန်များစွာကျန်သေးတယ်။   ။

Jan 29, 2011

နှောင်း

ရည်စူးပြီးခူးခဲ့ပေမယ့်
ချိန်ခါသင့်မပွင့်တတ်ခဲ့တော့
ပန်းဦးလည်း...လွဲခဲ့ရပြီမေ
ရင်တခုလုံးဝေနေအောင်
အလွမ်းတွေပွင့်ခဲ့ပေမယ့်
မေမသိခဲ့တော့လည်း
နွမ်းပါစေ...
ကြွေပါစေ...
ရှိပါစေတော့...မေ
ပွင့်ရာကကြွေ
ကြွေရာကနွမ်း
ဒါပေမယ့်လေ
တိုက်ဆိုင်တတ်တဲ့အခါတိုင်း
ဟိုးအရင်ကအကြောင်းတွေကိုတော့
ရိုးရိုးသားသား...လွမ်းပါရစေ
လွမ်းနေပါရစေ...မေ။   ။

အချစ်ဆိုတာ
တနေ့နေ့တချိန်ချိန်ကိုစောင့်စားရင်း
ရင်တခုလုံးဝေနေအောင်ပွင့်ခဲ့ရတဲ့အလွမ်း
ပြောဖို့သိမ်းထားခဲ့တဲ့စကားတွေ
ထင်မှတ်မထားတဲ့အချိုးအကွေ့တခုမှာ
ပြောခွင့်မရှိတော့တဲ့အခါ
မခြွေပေမယ့်ကြွေခဲ့တယ်။   ။

Jan 16, 2011

ချင်

ချင်
ချင်ကိုက်တယ်
ချင်တွေကိုက်တယ်
ငယ်ငယ်တုန်းကလည်း...ချင်တွေကိုက်တယ်
ဆယ်ကျော်သက်မှာလည်း...ချင်တွေကိုက်တယ်
အရွယ်ရောက်တော့လည်း...ချင်တွေကိုက်တယ်
မိဘအရိပ်မှာနေတုန်းကလည်း...ချင်တွေကိုက်တယ်
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တော့လည်း...ချင်တွေကိုက်တယ်
အရင်တုန်းကလည်း...ချင်တွေကိုက်တယ်
အခုလည်း...ချင်တွေကိုက်တယ်
နောင်လည်း...ချင်တွေကိုက်နေဦးမှာပဲ
သြော်...ချင်...ချင်...ချင်...
တဘဝလုံးစာကိုကိုက်တဲ့...ချင်။ ။