Apr 13, 2010

မှတ်တမ်း

ယုံကြည်ချက်တခုအတွက်
အစဉ်အလာဂုဏ်သိက္ခာအတွက်
ထန်းတက်လက်မှတ်တွေ မလိုချင်ပါ
လူကိုသာသတ်ပါတော့
စိတ်ဓါတ်ကမသေ
ကျိုင်းအုပ်ကတစ်ရာနှစ်ရာ
စပါးခိုင် မာန်ကိုမလှဲ
သည်မြေမှာ အမြစ်တွယ်ဆဲ။ ။

Apr 3, 2010

ညနေ

ညနေ
ရွက်ကြွေတို့ လဲလျောင်းလျှက်
လေပြေ
ညင်သာစွာ ထိတို့ဆော့ကစား
ဆည်းဆာ
အမှောင်တွေက လက်တကမ်းမှာ
ဆိုညည်းကြပါ
နှုတ်ဆက်တဲ့အခါ ကြေကွဲသီချင်းတွေ
ငါက နားတွေခါးနေရတယ်
အလင်း
ငါ့ရင်ထဲက စူးရှဖောက်ထွက်သွား
နှုတ်ခမ်း
အညင်သာဆုံး နူးညံ့မှုတွေနဲ့
အနမ်း
ငါ့ဝိဥာဉ်တခုလုံး ပျက်ကြွေခဲ့တယ်
ဆန္ဒတွေ မတူညီကြတော့တဲ့အခါ
ကြိုးမျှင်တွေလို တစစီ(ငါတို့တွေလေ)
အနီးဆုံးဝေးခဲ့ရတယ်
(ပြီးတော့)အဝေးဆုံးဝေးသွားခဲ့ရ
ငါ့ရဲ့ရင်ဘတ်တခြမ်းက သေသွားပြီ
ညနေခင်းကို ကဗျာနဲ့မြည်းတယ်
မပီမသ သီချင်းတွေဆိုတယ်
ညအိပ်ရာဝင်တိုင်း အိပ်မက်မမက်ဖို့
ငါဆုတောင်းတယ်
ဖရိုဖရဲ ဖြစ်တည်မှုတွေနဲ့ ငါ
တော်တော်လေးတော့ ကျင့်သားရနေပြီ

တိတ်ဆိတ်၊နက်ရှိုင်း၊ခြောက်ခြား
အမှောင်မှာ ငါ့ကိုယ်ငါလင်းထားတယ်
ဘာကိုမှ မလိုတော့ဘူး။ ။

Mar 30, 2010

သံသရာ

တူဖြစ်လာတဲ့ဘ၀မှာ
ကောင်းကောင်းနှံတတ်ခဲ့မှတော့
ပေဖြစ်လာတဲ့ဘ၀မှာ
ဘယ်လိုငရဲမျိုးကိုတွေးကြောက်မှာလဲ
ဘာကိုမှစဉ်းစားမနေနဲ့။

အလှည့်ကျရင်တော့ မနွဲ့ကြစတမ်းပေါ့
မင်းရဲ့ဆန္ဒနဲ့ မင်းရဲ့ကိုယ်
ငါဘာကိုမှ မပြောလိုဘူး။

ကန်ပါ
မင်းစိတ်ကြိုက်ကန်နိုင်ပါတယ်
ဒါပေမယ့်...
မင်းကန်တဲ့ဘောလုံးဟာ
မင်းဂိုးပေါက်ထဲကိုတော့...မရောက်ပါစေနဲ့။ ။

Feb 24, 2010

"မေမေသို့..."(၃)

ပေါ့ပေါ့နေ ပေါ့ပေါ့စား ဘ၀ကို ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းချင်တော့တယ် မေမေ
ဘုရားရေ...ကျွန်တော်ဟာ လူ့တန်ဖိုးနဲ့ စံလွဲနေပြီလား
အဲ့ဒီအပေါစား အတွေးအခေါ်တွေ ဘာကြောင့်ခေါင်းထဲရောက်နေခဲ့ရတာလဲ
အမှန်အတိုင်းပြောရရင်တော့ ကျွန်တော်ဘာဝန်ကိုမှ မထမ်းချင်တော့ဘူး မေမေ
နိစ္စဓူဝ ကိစ္စတွေတောင်မှ ကျွန်တော်ငြီးငွေ့နေပြီ
ကြွေနေတဲ့သစ်ရွက်လို လေနှင်ရာကိုလွင့်မျော
စိတ်ရဲ့သယ်ဆောင်မှုနဲ့ပဲ ဘ၀ကို ကျွန်တော်ခရီးဆက်ချင်တယ်
ဘယ်လိုဘ၀မျိုးပါလဲ မေမေရယ်
ဘ၀ဟာနေလို့မကောင်းမှန်း သိလာတော့လည်း
ကျွန်တော်သွေးကြောင်တတ်လာတယ်
ထွက်ပြေးရင်းနဲ့ပဲ ဒီစက်ဝိုင်းထဲကျင်လည်
မေမေ့ရဲ့သားဟာလေ...
ကိုယ်ကျိန်စာ ကိုယ်ဆိုရင်းနဲ့မှ...ရူးနေရတဲ့ တစ္ဆေ။ ။

သားမိုက်တယောက်၏ နေရက်များ

"မေမေသို့ ..."(၂)

ရက်စက်ရတော့မယ်
ခွင့်လွှတ်ပါမေမေ
တကယ်ဆိုရင်ဒီလိုမဖြစ်သင့်မှန်း
ကျွန်တော်သေသေချာချာသိတယ်
ဒါပေမယ့်မေမေ
ကျွန်တော်အရာရာကိုငြီးငွေ့နေပြီ
အမှန်နဲ့အမှားကိုကျွန်တော်မတွေးချင်ဘူး
ကျွန်တော်လိုနေတာလွတ်လပ်မှုပါ
ဘ၀ကိုပေါ့ပေါ့ပါးပါးလေးပဲဖြတ်သန်းချင်တော့တယ်။ ။

သားမိုက်တယောက်၏ နေရက်များ

"မေမေသို့..."

ဒုက္ခမှန်းသိသိရက်နဲ့ပေါ့
ဘာကိုမှပြင်ဆင်မထားပဲ
ကျွန်တော်ရင်ဆိုင်လိုက်ပြီ
မေမေသိရင် ခွင့်လွှတ်မှာလား
ဒါမှမဟုတ် စိတ်ပျက်နေမလား။ ။

သားမိုက်တယောက်၏ နေရက်များ

"အရိုးရှင်းဆုံးပြဇာတ်"

ပြောမပြတတ်လောက်အောင် ကျွန်တော်သူ့ကိုချစ်ခဲ့ပေမယ့်
သူသိအောင် ကျွန်တော်မပြောပြတတ်ခဲ့ပါ
ကျွန်တော်နားလည်ထားသော အချစ်သည် ပေးဆပ်ခြင်းသက်သက်ဖြစ်သည်
သူနှင့်ကျွန်တော့်ကြားတွင် ပါးလှပ်ခိုင်မာသော အဖြူရောင်စည်းတခု ခြားထားသည်
ထိုစည်းကို ချနင်း၊ကျော်ဖြတ်ရန် ကျွန်တော့်မှာ အင်အားမရှိပါ
သူသည် ကျွန်တော်၏ သူငယ်ချင်းဖြစ်သည်
ထင်မှတ်မထားပဲ သူငြိုငြင်သွားမည်ကို ကျွန်တော်မလိုလားပါ
ထို့ကြောင့် ကျွန်တော်သည် မျိုသိပ်၊နှုတ်ဆိတ်တတ်ခဲ့သည်
သူ၏ခံစားချက်များကို ကျွန်တော် ကူးစက်ခံစားပေးတတ်ခဲ့သည်
အရိပ်ပမာအမြဲ သူ၏နံဘေးတွင် ကျွန်တော်ရှိနေပေးခဲ့သည်
သို့သော်...နောက်ဆုံးမတိုင်ခင် တနေ့ထိသာဖြစ်သည်
ကျွန်တော်မပြောပြတတ်ခဲ့သော ဘာသာစကားများကို
တစုံတဦးထံမှ သူနားလည်၊တတ်ကျွမ်းခဲ့ပါသည်
ထိုထိုခါက ကျွန်တော်၏အမြင်ကို သူတောင်းခံခဲ့ပါသည်
သူပျော်မည်ဆိုလျှင် ကျွန်တော်ကျေနပ်ကြောင်း ပြောပြဖြစ်ခဲ့သည်
ထိုစကားကြောင့် သူ့စိတ်တွင်အနာရသွားမှန်း
သူ့မျက်ဝန်းများမှတဆင့် ကျွန်တော်နားလည်လိုက်ချိန်တွင်
အရာရာနောက်ကျခဲ့ပြီး ဖြစ်တော့သည်
ထိုနေ့မှ စ၍ သူနှင့်ကျွန်တော် တစစ...ဝေးကွာခဲ့ရသည်
ကျွန်တော်ဝမ်းမနည်းတတ်ခဲ့ပါ
ဖြူစင်သော ကျွန်တော်၏ချစ်ခြင်းသည် ပေးဆပ်ခြင်းသာဖြစ်သည်
သူကျွန်တော့်ကို နားမလည်တတ်ခဲ့သော်လည်း
ကျွန်တော်သူ့အပေါ် နားလည်ပေးနိုင်ခဲ့သည်
အဘယ်မျှဝေးကွာနေသော်လည်း
ကျွန်တော့်ရင်ဘတ်တနေရာတွင် သူရှိသည်
ကျွန်တော့်ရင်နှလုံးသားသည် သူ၏ပြတိုက်ဖြစ်သည်
ကျွန်တော့်အခန်းနံရံတွင် သူ၏ဓါတ်ပုံများကို ချိတ်ဆွဲမထားသော်လည်း
ကျွန်တော့်နှလုံးသားပြတိုက်တွင် သူ၏ပုံရိပ်များကို ခင်းကျင်းထားသည်
အတူရှိခဲ့ဘူးသော နေရာများသည် ကျွန်တော့်ကို အမှတ်ရစေသည်
ထို့ထက်ပို၍ပြောရလျှင်မူ
သူနှင့်ပတ်သက်ခဲ့သမျှ အရာရာသည်
ကျွန်တော်၏ တသက်သာ အမှတ်တရများဖြစ်သည်
သို့သော်...သူမသိခဲ့ပါ
သူသိအောင်လည်း ကျွန်တော်က မပြောပြတတ်ခဲ့ပါ
အရာရာဟာ ပြီဆုံးခဲ့ပြီဖြစ်သည်။ ။

Dec 21, 2009

just lose reputation

အမှောင်မှာရှိတဲ့အလင်း
အလင်းထဲကအမှောင်
ငါက...ငါ့ကို
ဘယ်လိုခြယ်သရမလဲ...
ကန့်သက်အမြင်တွေနဲ့ အကြည့်ခံရမှာထက်စာရင်
အတိုင်းမရှိတဲ့လောကကို ခဏရောက်ချင်တယ်...
အိပ်ဆေးတွေကုန်သွားတဲ့အခါ
ညတာတွေ ပိုပိုရှည်လာတယ်...
ကျွန်တော်က ဘာကြောင့်
ဆရာဝန်နဲ့ ဆွေးနွေးရမှာလဲ အမေ
medical check up ပဲလုပ်ချင်တာပါ...
ကျွန်တော်ဘုရားမရှိခိုးတာ အပြစ်လားအမေ
ဘုရားတ လိုက် ကားရားက လိုက် မိမှာစိုးတာပါ
ကျွန်တော့်ကိုယ်ကျွန်တော်သိနေတယ်လေ...
ကျေးဇူးပြုပြီးကျွန်တော့်ကို မသနားကြပါနဲ့
ကျေးဇူးပြုပြီးကျွန်တော့်ကို အရမ်းတွေမမျှော်လင့်ပါနဲ့
ကျွန်တော်ဟာ ဗွေဖေါက်တတ်တဲ့ ငုပ်ကောင်တကောင်ပါ...
အဲ့ဒါကြောင့်ပဲ
ပုတ်သင်ညိုတကောင်လိုနေဖို့ ကြိုးစားနေရတယ်...
ကြိုးစားနေရတယ်...
ကြိုးစားနေရတယ်...
ကြိုးစားနေရတယ်...။ ။

ဒဿဂီရိ

အနုစိတ်ဆန်လွန်းတဲ့ သူမရဲ့အပြုံးတွေအတွက်
ကျွန်တော့်ဘက်က အရင်းအနှီးတွေကြီးခဲ့ရတယ်
သူမကတော့ ကလေးငယ်တယောက်လို...

ကြီးကျယ်ခမ်းနားလှပစွာ သူမကပြခဲ့
နှင်းဆီရိုင်းတပွင့်လို ခပ်ရဲရဲတောက်ပ
အချစ်နဲ့စစ်မှာ မတရားတာမရှိဘူး...

သီတာ
ငိုကြွေးနေတဲ့မျက်ဝန်းမှာ အမုန်းတွေ
ကျွန်တော်ရှုံးနိမ့်သွားတယ်...

အချစ်တွေနဲ့ နှောင်ဖွဲ့ထားခဲ့ချင်ပေမယ့်
မချစ်သင့်တဲ့အဖြစ်တွေကြောင့်
ရာဇ၀င်မှာ အပြစ်သင့်ခဲ့ရပြီ ။ ။

မိုးဆိပ်မိသူများ

မိုးရွာတုန်းရေခံတတ်ဖို့/ဖြစ်ဖို့
ဘ၀ကိုကြမ္မာကပြဋ္ဌာန်းထား
ဘယ်တော့မှကောမသွားတဲ့
ဆေးမြီးတိုနေ့ရက်များစွာ
နာကျင်လျက်အသက်ဆက်တယ်/
ပျော်ရွှင်လျက်အသက်ဆက်တယ်
မျက်ရည်စက်တွေကြားမှာ/
မိုးရေစက်တွေကြားမှာ
ဘ၀ကဘ၀ကိုသတ်တယ်/
ဘ၀ကိုငွေနဲ့ဆက်ရတယ်
မနက်ဖန်အတွက်မျက်စိမှိတ်
မိုးရွာထဲရပ်နေတုန်း/
မိုးရာထဲရပ်နေဆဲ
တိတ်တဆိတ်သိလိုက်ရတာ
မိုးဆိပ်မိခဲ့ပြီ ။ ။

အသစ်တွေမရေးဖြစ်လို့ အဟောင်းလေးပြန်တင်မယ်။ ။