Jul 2, 2009

ချစ်ညီလေးသို့

ညီလေးရေ...
တချိန်တခါတုန်းက ငါဟာမင်းလိုပဲ လူငယ်လေးတယောက်ပေါ့
ပုန်ကန်ချင်တဲ့စိတ်တွေနဲ့ လောကကိုအမြင်တွေစောင်းခဲ့ဘူးတယ်
မပြည့်စုံတဲ့ဘ၀ကြောင့် သိမ်ငယ်ခဲ့ရဘူးတယ်
ကောင်းစေချင်လို့ ပြောတဲ့စကားတွေ ဆိုဆုံးမမှုတွေကို
ချုပ်ချယ်တယ်လို့ ထင်မြင်ခဲ့ဘူးတယ်
အိမ်ကိုအရွဲ့တိုက်ရင်း စိတ်တွေလေခဲ့ဘူးတယ်
ဥာဏ်လေးကောင်းတယ်ဆိုပြီး ကိုယ့်ကိုကိုယ်အထင်ကြီး
သင်ခန်းစာတွေကို မလေ့ကျင့်ပဲ အပျင်းထူခဲ့ဘူးတယ်
တနှစ်တတန်း ပုံမှန်အောင်ရင် တာဝန်ကျေပြီလို့ ယူဆခဲ့ဘူးတယ်
ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာပဲသိပြီး မိဘအပေါ်နားမလည်တတ်ခဲ့ဘူး
နှစ်ခြင်းပေါက် ဆယ်တန်းအောင်ခဲ့ပေမယ့် ပညာဆက်သင်ရမှာကို ငြီးငွေ့ခဲ့တယ်
ဘ၀မှာအတိုင်းအတာတခုထိ ရောက်ခဲ့တယ်လို့ပဲ ကျေနပ်နေမိခဲ့တယ်
ငါ့အပေါ်မျှော်လင့်ထားတဲ့ လူတွေရဲ့အိပ်မက်ကို ငါရိုက်ချိုးမိခဲ့တယ်
အဲ့ဒီတုန်းကတော့ မှားတယ်လို့မထင်ပဲ ကျေနပ်ပျော်ရွှင်ခဲ့တယ်လေ
အသက်အရွယ် အတွေ့အကြုံရလာတဲ့အခါမှာ
ငါ့ထင်မြင်ယူဆချက်တွေ မမှန်ပဲမှားခဲ့တယ်ဆိုတာ သိခဲ့ရတယ်
အဲ့ဒီအချိန်ဟာ နှောင်းသွားပြီညီလေး
ပေးခဲ့တုန်းက မယူမိခဲ့တော့
ပြန်လိုချင်တဲ့အခါမှာ ရနိုင်ဖို့ကခဲယဉ်းသွားပြီပေါ့
တကယ်လို့ ငါသာကြိုးစားခဲ့ရင်ဆိုတဲ့ အတွေးနဲ့
နောင်တတွေရပြီး ကိုယ့်ကိုကိုယ်အပြစ်မြင်မိနေပြီလေ
ခါးသီးတဲ့အတွေ့အကြုံတခုပေါ့ကွာ
အဲ့ဒီလိုမျိုးတွေပေါ့ကွာ ငါ့ရင်ထဲမှာမင်းကို ပြောချင်နေတဲ့ စကားတွေရှိတယ်
ငါဖြတ်သန်းလာခဲ့တဲ့ ဘ၀အတွေ့အကြုံတွေကို ဝေမျှရင်း
ငါ့လိုမျိုး ဘ၀မှာ လမ်းတွေမမှားစေချင်ဘူး
ငါမင်းကို ပြောဆိုဆုံးမတယ်ဆိုတာ
ဖိနှိပ်ချုပ်ချယ်တာမဟုတ်ဘူးဆိုတာ မင်းနားလည်ပေးပါ
အရာရာမှာ မင်းကိုအပြစ်မြင် မကောင်းထင်နေတာမဟုတ်ဘူး
မင်းတန်ဖိုးထား နားလည်တတ်အောင် သွန်သင်နေတာပါ
သူများတကာလောက် မပြည့်စုံပေမယ့်
မင်းမျက်နှာမငယ်ရအောင် ငါကြိုးစားနေပါတယ်
အကိုတိုင်းမှာ ညီတွေအတွက် မျှော်လင့်ချက်တွေရှိကြတယ်
ငါဟာဘာကောင်မှ မဟုတ်ပေမယ့်
ငါ့ညီမင်းကိုတော့ ထွန်းထွန်းပေါက်ပေါက်ရှိစေချင်တယ်
ငါဟာဆိုးသွမ်းကောင်း ဆိုးသွမ်းလိမ့်ပေမယ့်
ငါ့ညီမင်းကိုတော့ လူတော်လူကောင်းပဲ ဖြစ်စေချင်တယ်
မင်းရဲ့ရှေ့မှာစောက်သုံးမကျတဲ့အမှားတွေ ငါလုပ်နေမိပေမယ့်
မကောင်းဘူးမှန်း မင်းသိပြီး ရှောင်ကြဉ်စေချင်တယ်
ပြောရရင်တော့ ငါဟာမီးပြတိုက် တခုလိုပေါ့ကွာ
အန္တရယ်များတဲ့ကျောက်ဆောင်တွေကြားမှာ
ဘ၀ပင်လယ်ရဲ့ ခပ်ကြမ်းကြမ်းလှိုင်းတွေနဲ့
အမှောင်ထဲမှာ ငါရှိနေပေမယ့်
မင်းဘ၀ရဲ့ လမ်းတွေမမှားရအောင်
အန္တရယ်အမှောင်တွေကြားထဲ မနစ်မွန်းရအောင်
ငါကလမ်းပြ အလင်းရောင်လေးပေးချင်သူပါ
ကိုယ်တိုင်ပန်းမဖြစ်နိုင်ရင်လည်း
ပန်းတွေပွင့်အောင် ပြုစုပေးချင်သူပါ
ငါ့အတွေးခံစားချက်တွေကို တနေ့
မင်းအရွယ်ရောက်လာတဲ့အခါ နားလည်လာမှာပါ
ခွင့်သာခိုက်မှမလိုက်ချင် ကဗျာလိုပေါ့
ပေး/ရနိုင်တုန်းမှာ ရအောင်ယူထားတတ်ရတယ်
ဥာဏ်ဘယ်လောက်ကောင်းကောင်း ပျင်းနေရင် ဖျင်းသွားတတ်တယ်
ဓါးဆိုတာသွေးနေမှ ထက်သလို
ပညာဆိုတာ လေ့ကျင့်နေမှ ထက်မြက်မယ်
ငါ့ဘက်ကပေးနိုင်တာကတော့ ချစ်ခြင်းမေတ္တာနဲ့ အလင်းရောင်ပါ
မင်းဘ၀တိုးတက်ကောင်းစားဖို့ မင်းကိုယ်တိုင်ပဲ ကြိုးစားရမှာ
ငါမင်းကို ဆူတယ်ဆုံးမတယ်ဆိုတာ
မင်းကိုမုန်းလို့ ပြစ်တင်ငြူစူနေတာမဟုတ်ဘူး
မင်းကိုချစ်လို့ ကောင်းစားစေချင်လို့ပြောနေတာပါ
ကိုယ့်ကိုကိုယ်တန်ဖိုးထားပြီး နားလည်စမ်းပါကွာ။ ။

Jun 22, 2009


Jun 15, 2009

ဒဏ္ဌာရီ(၂)

တခါပြန်မရနိုင်တော့တဲ့ဟိုအရင်ငါတို့ရဲ့နေ့ရက်များ
ငါလေပြန်တွေးရင်း အတိတ်ကိုလွမ်းဆွတ်နေမိ
အတူရှိဘူးခဲ့ကြတဲ့ ပျော်ရွှင်ခြင်းဝမ်းနည်းခြင်း
ဂစ်တာသံတွေကြားမှာ
လဲပြိုနေတဲ့ဖန်ခွက်တွေကြားမှာ
အော်ဟစ်ဆဲဆိုသံတွေကြားမှာ
ဖဲချပ်တွေရဲ့ကြားမှာ
နာမည်ဆိုးနဲ့မွှေးတဲ့အငွေ့တွေကြားမှာ
ရေသောက်ဗိုက်မှောက်ခဲ့တဲ့အချိန်တွေကြားမှာ
ဒေါသနဲ့ရင်ဆိုင်ဖြေရှင်းမှုတွေကြားမှာ
ကြည်နူးမှုတွေကြားမှာ
ဖုန်းသံတွေကြားမှာ
နားလည်မှုတွေကြားမှာ
အဆင်မပြေခြင်းတွေကြားမှာ
လက်ရှိဘ၀ဟာဧရိယာပြင်ပကိုရောက်ရှိသွားပြီ
ပြန်လိုချင်လည်းမရနိုင်တော့လောက်အောင်
ကိုယ်စီဘ၀တွေဟာအနေတွေခြား
တည်ဆောက်ရမယ့်နေ့ရက်တွေကြားထဲစီးမျော
မနက်ဖန်ပေါင်းများစွာကိုဖြတ်သန်းရင်း
တနေ့ငါတို့ပြန်ဆုံတွေ့ကြတဲ့အခါ
ဟိုတခါကလိုပျော်နိုင်ကြပါ့မလား
ငါလေပြန်တွေးရင်း...
(ဘယ်တော့မှမမေ့နိုင်ဘူး
ဘယ်တော့မှမမေ့သေးဘူး
ဟိုအရင်အချိန်တွေတမ်းတရင်း
အိပ်မက် မက်သလို
ဒဏ္ဌာရီတခုလို
ငါတို့ဘ၀တွေ...
ဝေးကွာပြီ...)။ ။

အသုံးမကျတဲ့ကောင်

ဘ၀ဟာအလွဲအမှားတွေနဲ့
ကိုယ့်ကိုကိုယ်လက်သင့်ခံရမယ့်အကြောင်းတွေ
နောက်ကျခြင်းတွေကိုအဖေါ်ပြု
ပြုပြင်ပြောင်းလဲဖို့လိုအပ်နေတာတွေ
ဖောက်ပြန်နေတဲ့စိတ်ရဲ့တပ်မက်မှုများ
စောင့်ထိန်းရမယ့်ကျင့်ဝတ်သိက္ခာတွေ
လိုအပ်ချက်တွေနဲ့ပြည့်နှက်နေတဲ့ရုပ်လက္ခဏာ
ကြိုးစားမှုနဲ့ဖြေသိမ့်နားလည်မှုတွေ
လမ်းပျောက်နေတဲ့ရည်ရွယ်ချက်
မေ့ဖျောက်သင့်တဲ့စိတ်ကူးယဉ်မှုတွေ
ဘာတွေကိုတန်ဖိုးထားရမှာလဲ
ငါကိုယ်တိုင်ကဘုန်းကြီးတစ္ဆေ။ ။

ညနေ

လေယူရာတိမ်း ယိမ်းကြတဲ့ ရွက်စိမ်းတွေ ပင်ယံပေါ်မှာ
ဖျော့တော့ဖျာဝေတဲ့ အလင်းတွေနဲ့ ဆည်းဆာ
နောက်ဆုံးသောအလင်းတွေနဲ့ နေမင်းဟာနှုတ်ဆက်
တိမ်တွေမျောလွင့်နေတဲ့ ကောင်းကင်နောက်ခံမှာ
အဝေးပျံသန်းနေတဲ့ ငှက်ကလေးများ
ငါ့ရဲ့ညနေဟာ အရောင်တွေနဲ့ရောယှက်
အို...
ကြည်နူးမိပါရဲ့။ ။

Jun 10, 2009

Jun 7, 2009

နတ်မိမယ်

အကြည့်တချက်နဲ့ပြုစားခဲ့တယ်
နင့်အပြုံးတချက်အပွင့်မှာ
ငါ့ဝိဥာဉ်ကြွေလွင့်ခဲ့ရ
နှင်းဆီ...
ဆူးပေမယ့် မူးယစ်တွယ်ခဲ့တယ်။

အချစ်တွေနဲ့ ပသပါတယ်
ဘ၀ပျက်ရလောက်အောင်တော့
နင်ငါ့ကိုမဖမ်းစားပါနဲ့
ခုံမင်နာကျင်ပေမယ့်
ဒါကစားပွဲသက်သက်မဟုတ်ဘူး။

ပြုဖူးခဲ့တဲ့အမှားတွေရှိရင်ကျေပါစေ
ငါ့ရဲ့ရင်ဘတ်ပိုင်နက်ကိုအလံစိုက်ပါ
ငါ့အနာဂါတ်နန်းတော်ကိုနင်သိမ်းပိုက်
နူးညံသိမ်မွေ့တဲ့အချစ်တွေနဲ့ငါ့ကို
ပက်ပက်စက်စက်နင်အုပ်ချုပ်ပါ။

ငါ့ရဲ့နတ်ဘုရားမလေးရယ်
ခြေတော်ရင်းမှာငါသက်ဆင်းပါ့မယ်။ ။

ရန်ကုန်

မိုး...ရွာသည်
လေ...ပါသည်
ရေ...တင်သည်
ရန်ကုန်မြို့...စိုစွတ်သည်
လမ်းဘေးဈေးသည်များမရောင်းရပါ။

မိုး...တိတ်သည်
လေ...ငြိမ်သည်
ရေ...မကျသေးပါ
ရန်ကုန်မြို့...ဗွက်ထနေသည်
လမ်းမထက်တွင်အမှိုက်များကျန်ခဲ့သည်
ညညဆိုရင်ခြင်အရမ်းကိုက်ပါသည်။ ။

ထွက်ပေါက်

မီးခိုးငွေ့တွေကြားမှာငါ
ကောင်းကင်ကြီးကအမှောင်
ရင်ခုန်သံတောင်ကြောက်ရွံ့နေမိ
တံခါးတွေပိတ်ထားပေး
ညရဲ့လှည့်စားခြင်းတွေဟာ
ရက်စက်မှု
မပီမသပဲ
ညည်းတွားသံသဲ့သဲ့ကြားတယ်
စိတ်ပျက်ဖို့ကောင်းတဲ့လောက
သွေးပျက်ခြင်းနဲ့ငြီးငွေ့မှု
အာရုံထဲမှာ
အရာရာဟာဖောက်ပြန်နေကြတယ်
ငါ့ကိုလွတ်မြောက်ခွင့်ပေးပါ