Sep 28, 2010

ဧည့်သည်

ဘုရားပေးသလောက်ထဲမှာမှ
ကျနော်ဟာ ကိုယ်နဲ့တန်သလောက်ပဲ ရခဲ့တဲ့ကောင်ပါ
ဘဝကို နေတတ်အောင် ကြိုးစားနေရတယ်
ရောင့်ရဲနိုင်အောင် ကျင့်ကြံနေရတယ်
မစ္ဆိရ စိတ်တွေ မပွားချင်တော့ဘူး
ကိုယ့်အထာနဲ့ ကိုယ့်အထွာနဲ့ပေါ့။

ကိုယ်မတတ်နိုင်တာတွေအတွက်
ကိုယ့်စိတ်ကို ကိုယ်မညှင်းပန်းချင်တော့ဘူး
ထိလွယ် ငြိလွယ်တာတွေကိုလျော့
ဖြစ်တတ် ပျက်တတ်တာတွေကို မှတ်
ဘယ်အရာမှ မမြဲဘူးဆိုတာ
အသိမှာ သတိလေးကပ်မှ။   ။

ကဗျာလေးရဲ့ ခေါင်းစဉ်ကို မကြီး ခရခသ စဉ်းစားပေးထားတာပါ။
ကျေးဇူးတင်ပါတယ် မကြီးရေ။

Sep 23, 2010

ဘာဆိုလားတွေနဲ့...ဘာဆိုလားပေါ့

ဘာဆိုလားတွေနဲ့ တွေ့တဲ့အခါ...လက္ဘက်ရည်အတူတူသောက် စကားစမြည်ပြော ဝေဖန်လေကန်ရင်း အဆင့်သင့်တဲ့အခါ...ဘာဆိုလားတာပေါ့၊ဘာဆိုလားတွေနဲ့တွေ့တဲ့အခါ...ပါးစပ်ထက်နားကိုအလုပ်ပေး 
ဟင်/ဟာ/ဟယ်/ခင်ဗျာ/ရှင်/အဲ့လိုလား/ဟုတ်လား/သြော်/အိုး/မိုက်တယ်/လန်းတယ်/ဟုတ်တာပေါ့/ဟုတ်ကဲ့...အစရှိသည်များကို အစရှိသကဲ့သို့  အစပြု၊ဘာဆိုလားတွေနဲ့တွေ့တဲ့အခါ...
ဗလာ၊ဗလာ၊ဗလာတွေကို...၊ဘာဆိုလားတွေနဲ့တွေ့တဲ့အခါ...ဘာဆိုလားတွေကို၊ဘာဆိုလားတွေနဲ့ တွေ့တဲ့အခါ...၊ဘာဆိုလားတွေနဲ့တွေ့တဲ့အခါ...၊ဘာဆိုလားတွေနဲ့တွေ့တဲ့အခါ...ဘာဆိုလားကြတာပေါ့။   ။

Sep 22, 2010

ပုတ်သင်ညို၊ပုရွက်ဆိတ် စပျစ်သီးဟာ တကယ်မချဉ်ဘူး

အာပေတူးတွေ ခေတ်ထကုန်ပြီ အဘိုးကြီးဆန်တီယာဂို၊ခင်ဗျားက ငါးမျှားလို့ကောင်းတုန်း အာပေတူးတွေက...၊
သြော်..မှားလို့...၊အာပေတူးတွေက ခေတ်အဆက်ဆက်၊သူလိုငါလို ခင်ဗျားတို့ကျနော်တို့လို...၊အဲ့ဒီလိုလိုနဲ့.......
အာပေတူးတွေက နှာခေါင်းပိုပိုကြီးလာတယ်၊အရပ်ပိုပိုမြင့်လာတယ်၊ပြီးတော့...ချီးတုံးကြီးကြီးပါကြတယ်၊ ခင်ဗျားတို့ကျနော်တို့က.................................................................................................
အေးလေ...ခင်ဗျားတို့ကျနော်တို့ပဲပေါ့၊အာပေတူးတွေမှ မဟုတ်တာ၊အဲ့ဒီတော့ စပျစ်သီးဟာမချဉ်ပါဘူး အဘိုးကြီးဆန်တီယာဂို။   ။

Sep 14, 2010

အစအနများ

ရှေ့နောက်ဆင်ခြင်တိုင်းထွာတတ်သော သတ္တဝါအား လူဟုခေါ်ကြသည်
ကျနော်သည် လူတယောက်ဖြစ်ပါသည်
ကျနော်လူဖြစ်ကြောင်းကို သင့်အားမပြောသော်လည်း သင်သိကောင်း သိပါလိမ့်မည်
ကျနော်သည် လူဖြစ်နေခြင်းကြောင့် လူလိုကျင့်သုံးပါသည်

လူသည် မျောက်မှဆင်းသက်လာသည်ဟု အဆိုရှိပါသည်
ထိုအဆိုအရဆိုပါသော် ကျနော်သည် လူဖြစ်ကာစ မျောက်တကောင်လည်း ဖြစ်နေနိုင်ပါသည်
လူသည် မျောက်မှဆင်းသက်လာသည်ဟူသော အဆိုကို လက်ခံပါလျှင်
လူမှနေ၍ ဘာဆက်ဖြစ်မည်ကို ကျနော်တို့တွေးသင့်ပါသည်
လောလောဆယ်တော့ ကိုယ့်ကိုကိုယ် လူဟု၍ပင် လက်သင့်ခံထားပါသည်

မည်သည့်လူမျှ မျောက်ဟူ၍ မပြောကြပါသော်လည်း
အကယ်၍ လိုအပ်လာသည့်တနေ့တွင် ကတ်ပြားတခုပေါ် လူ ဟူ၍ စာလုံးကြီးကြီးရေးကာ လည်ပင်းတွင် ချိတ်ဆွဲထားပါမည်
ကိုယ့်ကိုကိုယ်မှတ်မိနေစေရန်အတွက်တော့ မှန်ကိုမကြာခဏကြည့်ဖြစ်ပါသည်။   ။

Sep 13, 2010

အစအနများ

အမှတ်တမဲ့များမှသည်
အမှတ်တရများစွာထိ။

ပျော်ရွှင်မှုများမှသည်
နာကျင်မှုများစွာထိ။

တဒင်္ဂငယ်ပေါင်းများစွာမှသည်
ပြက္ခဒိန်စာမျက်နှာပေါင်းများစွာထိ။

ကိုယ် ကိုယ်တိုင်က ကြိုးတချောင်းဖြစ်နေမှတော့
ငြိ...ပါစေတော့။   ။

Sep 12, 2010

အစအနများ

မှန်မကြည့်ဖြစ်တာကြာပြီ
ကြည့်မယ့်ကြည့်ဖြစ်တော့လည်း
ကိုယ့်ကိုကိုယ်ပြန်တွေ့တယ်
စိတ်ပျက်စရာပဲ။  ။

Sep 4, 2010

သူငယ်ချင်းများအမှတ်တရ



ဒီသီချင်းလေးက ပထမကတော့ကဗျာပါ။
ကျနော့်သူငယ်ချင်း ကျော်ဝေလင်းကကြိုက်၍
သီချင်းလုပ်ကြရအောင်ဆိုသောကြောင့် သူနဲ့ကျနော်ညှိနှိုင်းပြီး
လုပ်ဖြစ်ခဲ့တဲ့ တပုဒ်တည်းသော သီချင်းဖြစ်ပါတယ်။
ဒီသီချင်းကို သံစဉ်ရှာ၊တီးခတ်၊သီဆိုသူကတော့
ကျော်ဝေလင်းဖြစ်ပြီး စာသားပိုင်ရှင်ကတော့ ကျနော်နော်မန်ဖြစ်ပါတယ်။
မူရင်းကဗျာကတော့ ဒီလိုဖြစ်ပါတယ်။

မမျှော်လင့်ထားပဲ ငါတို့ဆုံဆည်းခဲ့ကြတယ်
အကြောင်းကြောင်းကြောင့် စကားတွေပြောမိကြတယ်
ထင်မှတ်မထားပဲ သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်
နီးလိုက်ဝေးလိုက်နဲ့ ငါတို့ဖြတ်သန်းကြတယ်
အဲ့ဒီနေ့ရက်တွေဟာ ပျော်ရွှင်ခြင်းအတိမပြီးပေမယ့်
နွေးထွေးမှုတွေဝေမျှ ခိုလှုံခဲ့ကြတယ်
ပခုံးတွေငှားခဲ့၊ရင်ဘတ်တွေဖွင့်ခဲ့ကြတယ်
ဘယ်လောက်အံ့သြစရာကောင်းခဲ့လဲ
တနယ်တရပ်စီက တမိပေါက်တယောက်တွေလေ
တယောက်ကိုတယောက်ရွေးချယ်ခဲ့တယ်
ဘယ်လိုပဋိပက္ခတွေရှိခဲ့လည်း လက်တွဲမဖြုတ်ခဲ့ကြဘူး
အကောင်းဆုံးသူငယ်ချင်း မဟုတ်ခဲ့ရင်တောင်မှ
ကောင်းသောသူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်
ဒီလိုနေ့ရက်တွေကို ငါတို့ပိုင်ဆိုင်ခဲ့ကြတယ်
ဒီလိုနေ့ရက်တွေကုန်ဆုံးသွားမှာကို ကြောက်ရွံခဲ့ကြတယ်
ဒါပေမယ့် ဘ၀ရဲ့လမ်းတွေက မတူညီကြဘူး
တယောက်ဟာတယောက်ရဲ့ တစိတ်တပိုင်းစီဖြစ်ခဲ့ကြပေမယ့်
ဘ၀ရဲ့လမ်းတွေပေါ်မှာ တပိုင်းတစစီ
ငါတို့ပြန့်ကျဲ ဝေးကွာခဲ့ရတယ်
ဘယ်လိုမှ ဘယ်တော့မှ မေ့မသွားပေမယ့်
အရင်လိုအချိန်တွေက ပြန်မရနိုင်တော့ဘူး
အိပ်မက်တခုလို၊ဒဏ္ဌာရီတပုဒ်လို
ကိုယ်စီရင်ဘတ်တွေထဲစွဲထင်နေခဲ့ပြီ။ ။

ဒီကဗျာကို ကျနော်ခေါင်းစဉ်ပေးမထားခဲ့ပါဘူး။သီချင်းလေးကိုတော့ ဒဏ္ဌာရီ လို့ပေးထားပါတယ်။
ဒီသီချင်းလေးနဲ့ ဒီကဗျာလေးကို ကြည့်/ဖတ်ရှု ခံစားပြီး ရင်ထဲမှာ တစုံတခုကျန်ခဲ့မယ်ဆိုရင်
ကျနော်တို့ ဖန်တီးခဲ့ရကျိုးနပ်ပါတယ်။

ပြောစရာရှိတာကတော့ ဟော်လိုဂစ်တာနဲ့တီးခတ်ပြီး လက်ကိုင်ဖုန်းဖြင့် အသံဖမ်းရသောကြောင့်အသံထွက်မကောင်းပါ။ဖြစ်နိုင်ရင် arrangement  ကောင်းကောင်းနှင့်
စတူဒီယိုမှာ အသံသွင်းချင်သော်လည်း ကျနော်တို့အတွက် အခြေအနေမပေးခဲ့ပါ။
ပို၍ဆိုးသည်မှာ ကျနော်တို့သူငယ်ချင်းများ တကွဲတပြားနှင့်
တယောက်တနေရာစီ ရောက်ရှိနေခြင်းပင်ဖြစ်သည်။

သူငယ်ချင်းများကို သတိတရနှင့် ဒီပို့စ်ကို ရေးဖြစ်ပါတယ်။   ။