Jul 19, 2010

၂၆

လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက
ကျနော်ဟာ ပျော်ရွှင်တက်ကြွတဲ့ ချာတိတ်လေးတယောက်

လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက
ကျနော်ဟာ အိပ်မက်ရောင်စုံနဲ့ ချာတိတ်လေးတယောက်

လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက
ကျနော်ဟာ အရောင်တွေမပေစွန်းသေးတဲ့ ချာတိတ်လေးတယောက်

လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက
ကျနော်ဟာ ရင်ခုန်တတ်စ ချာတိတ်လေးတယောက်
လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက
ကျနော်ဟာ ပုန်ကန်ချင်တတ်တဲ့ ချာတိတ်လေးတယောက်

လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက
ကျနော်ဟာ လောကကြီးအကြောင်းမသိသေးတဲ့ ချာတိတ်လေးတယောက်
......
၁၀နှစ်တာကာလအတွင်းမှာ
ကျနော်ဟာ တစစ...နဲ့
ကျနော့်ကိုယ် ကျနော်
ကျ
ပျောက်
ခဲ့...။   ။

Jul 18, 2010

အတ္တကြီးသူ

ရခဲ့သည်ကိုမူ မလိုချင်ခဲ့၍
လိုချင်သည်မှာကား မရခဲ့ပါ
အချိန်သည် တဖြည်းဖြည်းနှင့်ကုန်ဆုံးကာ
အသက်သည် အိုစာလာခဲ့ချေပြီ
တွေးရင်း၊တွက်ရင်း၊စဉ်းစားရင်းနှင့်ပင်
အသက်သည်၃၀(ကျော်)
အိဒြေ္န၊သိက္ခာ အဟန့်အတားတွေကြားမှာ
ကိုယ်ဟာ ကိုယ့်ကိုကိုယ်ပဲရွေးချယ်မိတော့သည်
သြော်... ငယ်မှမငယ်တော့တာကိုး။ ။

Jul 17, 2010

အိမ်ဝေးသူ

ကိုယ်ကလွဲရင် ကိုယ်ပဲရှိတဲ့ဘဝမှာ
ကိုယ့်အစွန်းနဲ့ကိုယ် မငြိစေဖို့
ကိုယ့်ကိုကိုယ် ညှိပေးရတယ်
ကိုယ့်အကြောင်းကိုယ်သိဖို့အတွက်
သူများတွေကို လိုက်ကြည့်နေစရာမလိုပါဘူး
ကိုယ်ဟာကိုယ်ပဲ ဖြစ်တယ်ဆိုတာ
ကိုယ့်ကိုကိုယ်သာ အသိဆုံး
ကိုယ့်ထမင်းကိုယ်စားပြီး
သူတပါးအပြောခံရမယ့်အစား
ကိုယ့်စိတ်ကိုယ် မြိုသိပ်ထားလိုက်တော့မယ်
အချိန်တန်လာတော့လည်း
ကိုယ်ဟာ အိမ်ကိုပြန်ရမှာဖြစ်တယ်
မထူးဆန်းပါဘူး။   ။

Jul 16, 2010

နောက်ဆုံးအလင်း

အနားမှာ ဘယ်သူမှမရှိတော့ဘူး
ရှိခဲ့တဲ့သူတွေကလည်း ငြိုငြင်ကြတယ်
တသက်လုံးကိုယ်ပေးဆပ်ခဲ့သမျှ
ကိုယ်ကဘာမှမတတ်နိုင်တော့တဲ့အခါ
ကိုယ်ဟာမလိုတော့တဲ့ အပိုလူ
လူတွေအတွက် ဝန်ထုပ်ဝန်ပိုးတခု
ငြီးငြူ၊ငြူစူကြပါရဲ့
လျစ်လျူရှုခံရပေါင်းများလာတဲ့ ဘဝမှာ
ပြောစရာစကားတွေလည်း နားထောင်မယ့်သူမရှိ
သိချင်၊ကြားချင်နေတာတွေလည်း ပြောမယ့်သူမရှိ
ကိုယ့်စိတ်ခံစားချက်ကိုလည်း နားလည်ပေးမယ့်သူမရှိ
လူကြားသူကြားထဲမှာ နေနေရင်းနဲ့ပဲ
ကိုယ်ဟာလူတွေနဲ့ ဝေးဝေးလာတယ်
တဘဝလုံး ကိုယ်ရုန်းခဲ့သမျှ
ကိုယ့်အတွက်ဘာမှမပါခဲ့ပါလား ဆိုတာ
ကိုယ်သိလာတဲ့အခါ
ကိုယ့်အတွက် အချိန်ကမရှိတော့ဘူး
အခွင့်အရေးက မပေးတော့ဘူး
တသက်လုံး လောင်ခဲ့တဲ့မီးတွေအတွက်
သံသရာမှာဘယ်အထိ ပူနေရမယ်မသိ
အနိစ္စ၊ဒုက္ခ၊အနတ္တ
ဘယ်အရာမှ အမြဲမရှိဘူးဆိုတာ နှလုံးသွင်းမိလာတဲ့အခါ
ကိုယ်ဟာ ဇရပ်အို အကြိုအကြားမှာ။   ။

Jul 15, 2010

ငါဟာ ငါမဟုတ်တော့တဲ့အခါ

မှန်နံရံတွေပေါ်မှာ ငါဟာငါမဟုတ်တော့ပါ
နေ့စဉ်လူမှုဘဝထဲမှာ ငါဟာငါမဟုတ်တော့ပါ
လိုင်စင်ဓါတ်ပုံထဲမှာ ငါဟာငါမဟုတ်တော့ပါ
မင်းတို့ရဲ့အသိတွေထဲမှာ ငါဟာငါမဟုတ်တော့ပါ
ငါ့ရဲ့အသိစိတ်ထဲမှာလည်း ငါဟာငါမဟုတ်တော့ပါ
ငါဟာငါမဟုတ်တော့တဲ့အခါ ငါဟာဘယ်သူဘယ်ဝါ
ဘယ်တုန်းကတည်းက ငါဟာငါမဟုတ်တော့တာလဲ
ဘာကြောင့် ငါဟာငါမဟုတ်တော့တာလဲ
ငါဟာငါမဟုတ်ခင်က ငါ ဘယ်ရောက်သွားလဲ
ငါကငါ့ကို တခါပြန်ပိုင်ဆိုင်နိုင်ဦးမလား
ငါဟာငါဖြစ်ဖို့ ငါတွေဘယ်လောက်ရင်းနှီးရဦးမလဲ
ငါဟာငါမဟုတ်တော့တဲ့အတွက် ငါ့ကိုငါပြန်လွမ်းနေရတယ်
ငါဟာငါမဟုတ်တော့တဲ့အတွက် ငါ့ကိုငါတမ်းတနေရတယ်
ငါဟာငါမဟုတ်တော့တဲ့အတွက် ငါ့ကိုငါသွေးပျက်နေရတယ်
ငါဟာငါမဟုတ်တော့တဲ့အတွက် ငါ့ကိုငါငြီးငွေ့မိတယ်
ငါဟာငါမဟုတ်တော့တဲ့အတွက် ငါ့ကိုငါအဆုံးသတ်ချင်နေတယ်
ငါဟာငါမဟုတ်တော့တဲ့အတွက် ငါ့ကိုငါပြန်ပေးကြပါ
ငါ...ငါ...ငါ...ငါ...ငါ...
အမှောင်ထဲမှာ/အလင်းထဲမှာ/ငါဟာငါ့ကိုယ်တွင်းမှာ/
မရှိခြင်းတရားတွေထဲမှာ/ပညတ်ချက်တွေထဲမှာ/
ငါမဟုတ်တော့တဲ့ငါက ငါ့ကိုရှာနေတဲ့အကြောင်း
ငါမဟုတ်တော့တဲ့ငါက ငါပြန်ဖြစ်ချင်နေတဲ့အကြောင်း
ငါသိစေဖို့ ငါမဟုတ်တော့တဲ့ငါကတဆင့်
လှိုင်းတို/လှိုင်းရှည်/လှိုင်းပျောက်/
အာရုံနံပါတ်ခြောက်/နံပါတ်၃မျက်လုံး/
ဖဲချပ်/ဖန်လုံး/နက္ခတ်/လက္ခဏာ/
ဖရောင်းတိုင်/ကြိမ်လုံး/ရွာစာချ/
မေတ္တာပို့/အမျှဝေ လိုအပ်လာရင် ရေစက်ပါချမည်
ငါ့ကိုငါ ပြန်လိုချင်ပါသည်။   ။

Jul 14, 2010

မဲပြာပုဆိုးများ

   ပြောလက်စ စကားကိုရပ်ပြီး၊အမှတ်မဲ့ ဆေးလိပ်မီးညှိတယ်၊လူတွေ ကားပေါ်အလုအယက်တက်၊ကားတွေ လမ်းပေါ်အလုအယက်မောင်း၊သူ မျက်စောင်းလှလှလေးထိုးတယ်၊'ဒါပါနဲ့ဆို ၁၀လိပ်ရှိပြီနော်'တဲ့၊'တမနက်ခင်းမှ မကျိုးသေးဘူး'၊သူတောင်းစားတွေ ပိုပိုများလာတယ်၊စကတ်တွေ ပိုပိုတိုပြီး၊အင်္ကျီလည်တွေ ပိုပိုဟိုက်လာတာ
ကမ္ဘာကြီး ပိုပိုပူနွေးလာလို့ဖြစ်မယ်၊ခုတလော ပူရှာလို့နဲ့ တူပါရဲ့celebrities တော်တော်များများလည်း အဝတ်
မကတ်တော့တာ အင်တာနက်ထဲမှာ၊လက်ဘက်ရည်ဆိုင်မှာ၊ဘုံဆိုင်မှာ၊ဈေးလည်မှာ၊ဘောလုံးပွဲမှာ။
  စီးချင်တဲ့ကားကရောက်မလာဘူး၊ရောက်လာတဲ့ကားကတက်လို့မရဘူး၊ရောင်းရမရောင်းရတော့မသိဘူး၊
ဂျာနယ်တော်တော်များများ လန်းနေလေရဲ့၊လမ်းဘေးမှာ၊ပလက်ဖေါင်းပေါ်မှာ၊တိုက်လှေကားမှာ၊မီးပွိုင့်မှာ၊
ယူချင်ယူ မယူချင်နေ အတင်းကမ်းတဲ့ လက်ကမ်းကြော်ငြာစာရွက်များ၊ပန်းသည်၊ဆေးလိပ်နဲ့ကွမ်းယာ၊
billboardများ၊အပေါ်လမ်း အောက်လမ်းခေါ်သံများ၊အကြောင်းမရှိအကြောင်းရှာ ရယ်မောတတ်သော
ဆယ်ကျော်သက်များ၊လက်ကိုင်ဖုန်းများ၊အများပြည်သူသုံး တယ်လီဖုန်း၊ဘုန်းကြီ၊သီလရင်၊ဗမာ၊တရုတ်၊
ကုလား၊ပြည်ထောင်စုဖွား တိုင်းရင်းသားများ၊နိုင်ငံသားမဟုတ်သူများ၊လမ်းပေါ်မှ အလေအလွင့်များ၊
ဖိနပ်လှလှလေးများ၊ခြေထောက်လှလှလေးများ၊ကျောပိုးအိပ်လှလှလေးများ၊ရောင်စုံထီးများ၊ဦးထုပ်များ၊
နေကာမျက်မှန်အောက်က မျက်လုံးများ၊ရေသန့်ဘူးများ၊ဆေးလိပ်တိုများ၊ကျွတ်ကျွတ်အိပ်များ၊ကွမ်းသွေးများ။
  နောက်တခါမီးညှိရင် ၁၁ခါမြောက် သူမျက်စောင်းထိုးလိမ့်မည်၊မှတ်တိုင်မှာ ကားတားလျှင် ဘယ်အငှားယာဉ်မှ ရပ်မပေးချင်ကြပါ၊မရည်ရွယ်ပဲ တယောက်မျက်နှာ တယောက်ကြည့်ရင်း သက်ပြင်းကိုယ်စီ ချမိခဲ့ကြသည်။   ။

Jul 13, 2010

မြစ်

ခင်ဗျားနားလည်အောင် ကျနော်ဘယ်လိုပြောရမလဲ
ကျနော်နားလည်အောင်လည်း ခင်ဗျားရအောင်ရှင်းပါ
ခင်ဗျားနဲ့ကျနော် ဘာသာစကားမတူတဲ့အခါ
ခင်ဗျားရင်ဘတ်ကို ကျနော့်ကိုငှားပြီး
ကျနော့်ရဲ့ဖိနပ်ကို ခင်ဗျားစီးကြည့်ပါ
ရေတဝက်လျော့နေတာပဲဖြစ်ဖြစ်
ရေတဝက်ပြည့်နေတာပဲဖြစ်ဖြစ်
ရေရှိနေတာကိုတော့
ခင်ဗျားရောကျနော်ရော သေချာတယ်
ခင်ဗျားမှာ လွတ်လပ်ခွင့်တွေရှိသလို
ကျနော့်မှာ ရွေးချယ်မှုတွေရှိတယ်
ခင်ဗျားနည်း၊ခင်ဗျားဟန်နဲ့ ခင်ဗျားဘယ်လိုလျှောက်လျှောက်
ခင်ဗျားလျှောက်တဲ့လမ်းဟာ ခင်ဗျားကိုယ်တိုင်ဖြစ်တယ်
ကျနော်လည်း ထိုနည်းလည်းကောင်း ကျနော့်အခင်းအကျင်းနဲ့ ကျနော်
ကျနော်ဟာ ကျနော်ကိုယ်တိုင်ဖြစ်တယ်
ခင်ဗျားသည် ခင်ဗျားဖြစ်၍ ကျနော်သည် ကျနော်ဖြစ်သည်မှာ
ခင်ဗျားလည်းသိ၍ ကျနော်လည်းသိသည်
ထိုကြောင့် ထူးထူးထွေထွေ ဘာကိုမှပြောစရာမရှိပါ
ကိုယ့်ခရီးကိုယ်နှင်ကြရင်း
ကျနော်တို့ မိုင်တိုင်တွေ စိုက်ခဲ့ကြတာပေါ့။   ။

Jul 12, 2010

အမြည်းစားသူများ

ကျမက မိကောင်းဖခင်သားသမီးပါအကို
အဲ့လိုမျက်လုံးတွေနဲ့ ကျမကိုမကြည့်ပါနဲ့
ကျမစိတ်ထဲ အလိုလိုမွန်းကျပ်တယ်
မပြောပါနဲ့ ရှင်ပြောမယ့်စကားတွေကို ကျမသိတယ်
ရှင့်စိတ်ထဲမှာ ဘာတွေတွေးနေလဲ ကျမသိတယ်
ရှင့်ခြေလှမ်းတွေ ဘယ်ကိုလှမ်းနေလဲ ကျမသိတယ်
သောက်ပါ၊စားပါ၊ပျော်ပါ၊ပါးပါ အကို
ရှင့်ရဲ့လက်တွေကိုတော့ တဆိတ်ငြိမ်ငြိမ်ထားပါ
ရုတ်ရုတ်ရက်ရက်ဆို ရှင့်ရဲ့မျက်နှာကို ကျမဆွဲကုတ်ပစ်လိုက်မယ်
သိပ်ပြီးတော့အခိုးတွေမထပါနဲ့ အင်္ကျီတွေကြေကုန်မယ်
ကျမက မိကောင်းဖခင်သားသမီးပါ
အဆင်ပြေလို့တော့ မဟုတ်ပါဘူး
ဒီလိုပါပဲ ဘဝတွေက ဒီလိုပါပဲ
ရရာစား၊ဝါးဝါးမျို၊ဝမ်းဝခါးလှ၊ချေးများနေလို့မှမဖြစ်တာ
ပျော်ချင်သူတွေအတွက် ဖျော်ဖြေရင်း
ငြီးငွေ့သူတွေအတွက် စိတ်ပြေလက်ပျောက်
ပေါ့ပေါ့ပါးပါးလေးပါပဲအကို
သိပ်ပြီးတော့ အလေးအနက်မထားပါနဲ့လေ
သတိရတတ်တဲ့အခါ ဖုန်းဆက်ပါ
အေးအေးဆေးဆေးစကားပြောချင်ရင်တော့ အပြင်မှာတွေ့မယ်လေ
ကျမကနားလည်မှုရှိပါတယ်
ငွေကိုကောင်တာမှာရှင်းခဲ့ပါ
ကျမနှုတ်ခမ်းနီကိုတော့ ပြန်လျော်ပေးရမယ်
နောင်လည်းမကြာမကြာလာပေါ့နော်
ကျမမျှော်နေပါ့မယ်။   ။

Jul 10, 2010

လောကဇာတ်ခုံ

တယောက်အကြောင်းကို တယောက်ဖတ်ပြီး
တယောက်ဘဝ တယောက်ဖြတ်သန်း
တယောက်ဇာတ်လမ်းမှာ တယောက်ကဗီလိန်
တယောက်ကိုတယောက် သရုပ်ဆောင်ကြရင်း
တယောက်နဲ့တယောက် လက်ခုပ်တီး
တယောက်အပြုံး တယောက်ဖလှယ်ယူပြီး
တယောက်အကြောင်း တယောက်ပြောတယ်
တယောက်နောက်ကျောကို တယောက်ဓါးနဲ့ထိုးရင်း
တယောက်မျက်ရည်ကို တယောက်အရသာခံ
တယောက်ဟာ တယောက်ရဲ့လှေကား
တယောက်လမ်းကို တယောက်နင်းပြီး
တယောက်ဂိုးကို တယောက်သွင်း
တယောက်ကိုတယောက် တံဆိပ်တွေကပ်ရင်း
တယောက်ရဲ့ရောဂါက တယောက်ကိုကူးတယ်
တယောက်တကွက်စီ ရွေ့နေရင်းနဲ့မှ
တယောက်လက်ညှိုး တယောက်ကိုထိုး
နောက်ဆုံး...
တယောက်ကိုတယောက်ပဲ တွေ့တယ်။   ။

Jul 6, 2010

စိတ်

ကျွန်တော်သည် ကျွန်တော်ဖြစ်ကြောင်းကို
ကျွန်တော့်ဘာသာသိသည်
သို့သော်တခါတရံတွင်
ကျွန်တော်သည် ကျွန်တော်ဖြစ်ကြောင်းကို
ကျွန်တော့်ဘာသာမသိပါ
တခါတရံတွင် ကျွန်တော်သည် ကျွန်တော်ဖြစ်၍
တခါတရံတွင် ကျွန်တော်သည် ကျွန်တော်မဟုတ်ပါ
ထို့အတူ ကျွန်တော်သိသော ကျွန်တော့်အကြောင်းကို
ကျွန်တော်မသိသော ကျွန်တော်က သိ၍
ကျွန်တော်မသိသော ကျွန်တော့်အကြောင်းအားလည်း
ကျွန်တော်သိသော ကျွန်တော်က သိနေတတ်သည်
ကျွန်တော်သိသော ကျွန်တော့်အကြောင်းကို
ကျွန်တော်နားလည်သော်လည်း
ကျွန်တော်မသိသော ကျွန်တော့်အကြောင်းကို
ကျွန်တော်နားမလည်ပါ
ကျွန်တော်သိသော ကျွန်တော်သည်
ကျွန်တော်မသိသော ကျွန်တော်ကို
အစဉ်အမြဲလွှမ်းမိုးချုပ်ကိုင်ထားသော်လည်း
တခါတရံ ကျွန်တော်မသိသော ကျွန်တော်က
ပုန်ကန်ပြီးတန်ပြန်လွှမ်းမိုးချုပ်ကိုင်သောအခါ
ကျွန်တော်သိသော ကျွန်တော်သည်
ကျွန်တော်ကိုယ်တိုင်မဟုတ်တော့ပါ
ကျွန်တော်သိသော ကျွန်တော်သည်
ကျွန်တော်မသိသော ကျွန်တော့်ကို
လက်မခံနိုင်သော်လည်း ပစ်ခွာထားလို့မရပါ
အကြောင်းမှာ ကျွန်တော်မသိသော ကျွန်တော်သည်
ကျွန်တော်သိသော ကျွန်တော်ကို တခါတရံဒုက္ခပေးသော်လည်း
တခါတရံတွင် များစွာကျေးဇူးပြုလေသည်
ကျွန်တော်သိသော ကျွန်တော်နှင့်
ကျွန်တော်မသိသော ကျွန်တော်သည်
မတည့်အတူနေသောသားချင်းများဖြစ်သည်
ကျွန်တော်သိသော ကျွန်တော်၏ကိစ္စများကို
ကျွန်တော်မသိသော ကျွန်တော်ကအမြဲမှတ်ယူ၍
ကျွန်တော်သိသော ကျွန်တော်ထိန်းချုပ်နိုင်စွမ်းအားနည်းသောအခါ
ကျွန်တော်မသိသော ကျွန်တော်ကအမြဲလိုလို
စွက်ဖက်ချယ်လှယ်လွှမ်းမိုးဆုံးဖြတ်လေသည်
ကျွန်တော်မသိသော ကျွန်တော်သည်
သူ့ဘာသာအေးဆေးနေတတ်သော်လည်း
ကျွန်တော်သိသော ကျွန်တော်က
သူ့ဘာသာအေးဆေးမနေတတ်ပါ
ကျွန်တော်မသိသော ကျွန်တော်သည်
မကျေနပ်ချက်များနှင့်ပြည့်နှက်ကြီးထွားနေသော
ဝေဖန်ရေးသမား/သူပုန်တယောက်ဖြစ်ပြီး
ကျွန်တော်သိသော ကျွန်တော်က
အလျော့ပေးပြေငြိမ်းတတ်သော
အနုပညာသမားတယောက်ဖြစ်သည်
ကျွန်တော်မသိသော ကျွန်တော်က
ကျွန်တော်သိသော ကျွန်တော်ကိုမကြိုက်ပါ
ကျွန်တော်သိသော ကျွန်တော်ကလည်း
ကျွန်တော်မသိသော ကျွန်တော်ကိုမကြိုက်ပါ
သို့သော် သိသောကျွန်တော်နှင့် မသိသောကျွန်တော်
ဘယ်သောအခါမှခွဲခြား၍မရပါ
သူတို့နှစ်ယောက်သည်
ဒင်္ဂါးပြားတခု၏ခေါင်းနှင့်ပန်းလိုဖြစ်ပြီး
ကျွန်တော့်ဘ၀ကိုချုပ်ကိုင်ထားကြသူများဖြစ်သည်။   ။

Jul 5, 2010

ဘဝ=ကစားပွဲ

တဖက်အသင်းကို ဂိုးတွေသွင်းစဉ်တုန်းကတော့
ဘဝမှာ လက်ခုပ်သံတွေက တခမ်းတနားပေါ့
ပျော်ရွှင်ခဲ့ဖူးတယ်
ယစ်မူးတွယ်ခဲ့တယ်

ဒီပွဲမှာ
ကျနော်အကောင်းဆုံး ကြိုးစားခဲ့/နေ/ဆဲ

(ဘဝရဲ့)....ပထမပိုင်း
(ဘဝရဲ့)...ဒုတိယပိုင်း
(ဘဝရဲ့)...အချိန်ပို

အက်စ်ကိုဘာလိုတော့ အဆုံးမသတ်ချင်ဘူး။   ။

Jul 4, 2010

တံတား

တံတားဟာမြစ်ကမ်းနဖူးတွေပေါ်ကိုမေးတင်ထားတယ်
သူ့ရဲခြေဆံလက်ဆံတွေကမြေသားတနေရာဆီကိုအခန်သားကုပ်တွယ်ထားတယ်
စီးနေတဲ့ရေအလျဉ်ကသူ့ကိုပွတ်တိုက်ရင်းကျီစယ်သွားတယ် များသောအားဖြင့်သူမသိချင်ယောင်ဆောင်နေတတ်တယ်
သူ့အပေါ်မှာဝန်အပြည့်နဲ့ယာဉ်တွေ/အကြောင်းကြောင်းနဲ့လူတွေဥဒဟို
ခါးနာလှချည်ရဲ့လို့သူမငြီးငြူမငြူစူခဲ့ပါဘူး
စည်းကမ်းမဲ့တဲ့လူတွေရဲ့ကွမ်းတံတွေးတွေ
အငွေ့မသေသေးတဲ့ဆေးလိပ်တိုတွေနဲ့
ကြွပ်ကြွပ်အိပ်တွေကိုသာသူစိတ်ပျက်တာပါ
သူဟာအဆင့်အတန်းမခွဲခြားတတ်ဘူး
ငါးအစခွေးအလယ်ငှက်အဆုံးသူထိတွေ့တယ်
သဘာဝတရားကြီးကိုသူကောင်းကောင်းလက်ခံတယ်
သူ့မှာငြင်းဆန်ပိုင်ခွင့်/ရွေးချယ်ပိုင်ခွင့်မရှိသလို
အများထင်သလိုလည်းသူဟာမာနမကြီးတတ်ဘူး
နွေဆိုခြောက်သွေ့ မိုးဆိုရွဲစို ဆောင်းတွေမှာခိုက်ခိုက်တုန်ခဲ့ဘူးတယ်
အချိန်တွေကကြာလှပြီပေါ့
သည်ဘက်ကမ်းကသွားရင်ဟိုဘက်ကမ်းရောက်တယ်
ဟိုဘက်ကမ်းကသွားရင်သည်ဘက်ကမ်းရောက်တယ်
တံတားကတော့ဘယ်မှမရောက်ဘူး
တခါကကျီစယ်သွားတဲ့ရေတွေတောင်
မိုးတွေအဖြစ်နဲ့သူ့ကိုထပ်ကျီစယ်တယ်
မှောက်လျက်လားပက်လက်လားတော့မသိ
သူကတော့မြစ်အပေါ်မှာကန့်လန့်ကြီး
ဘယ်ကိုမှသူမသွားဘူး
သူကဒီဇာတိဖွား
သူရှင်သန်ရာဒီရေမြေကိုပဲသူချစ်တယ်တဲ့
ခင်ဗျားတို့ကြားတတ်ရင် ရင်ဘတ်တွေဖွင့်ထားလိုက်ပါ။   ။

ကဗျာအဟောင်းလေးပဲ ဆိုပါတော့။
အသစ်တွေရေးရမှာ ငြီးငွေ့နေတာနဲ့ အဟောင်းလေးတွေပဲ ပြန်တင်မလားလို့။

Jul 2, 2010

ဆေးခါး

ခရီးကြမ်းကြမ်း ဘဝလမ်းမှာ
လိုက်ခဲ့ပါလားရယ်လို့
ကိုယ်ကမခေါ်ရက်ခဲ့သူ
ဒါကိုသူငြိုငြင်မယ်ဆိုလည်း
ကိုယ်ကလည်စင်းပေးလျှက်ကွယ်
မတူညီတဲ့ ဘဝတွေကိုညှိဖို့အတွက်
သူ့ရဲ့ဘဝငယ် နုနယ်နယ်ကို
ကိုယ်ဘယ်လိုချနင်းရက်မှာလဲ
ရက်စက်တတ်သူမဟုတ်ပေမယ့်
ဘဝကအကြောင်းဖန်လာတော့
တခုခုကို ကိုယ်ပြတ်သားရတော့မယ်
ကိုယ့်ရဲ့ဘဝကြမ်းကြမ်းထဲ
အချစ်သက်သက်နဲ့တော့ မချည်နှောင်ရက်ပါဘူး
တဘဝလုံးစာအတွက်
သူ့ရဲ့အမုန်းတွေကိုပဲ ယူဆောင်သွားတော့မယ်
ကိုယ့်ကိုခွင့်မလွှတ်ပါနဲ့ကွယ်။   ။