May 26, 2009

ကျင်း

ငါ့အပေါ်ပြိုကျလာတဲ့အမှောင်ထု
ဆွံအမှုဟာတိတ်ဆိတ်ခြင်း
နောက်ဆုံးထွက်သက်ဟာရှည်ကြာလှချည်ရဲ့
မွန်းကျပ်လိုက်တာမေမေ။
ငါ့ကိုယ်ငါဖြန့်ခင်းဖို့အတွက်
တဘ၀လုံးစာကြီးကိုခိုအောင်းဖို့အတွက်
ခပ်နက်နက်ခြောက်ပေ။
အစိမ်းသက်သက်သဘာဝရနံ့
သေခြင်းတရားရဲ့ဟိုဘက်မှာ
ငါ့အတွက်ခြောက်ပေလောက်နက်ရင်ရပြီ။

မင်းသိပါတယ်

ဒီလိုပါပဲ။မင်းဘ၀နဲ့မင်း ငါ့ဘ၀နဲ့ငါပေါ့။ဘယ်လိုလုပ်ပြီးတူညီနိုင်မှာလဲ။ငါ့အကြောင်း မင်းသိသ
လောက် မင်းအကြောင်းလည်း ငါသိနေတာပဲ။အရေးမကြီးပါဘူးကွာ။ကိုယ့်အကြောင်း ကိုယ်
သိရင် ပြီးတာပါပဲ။ငါဘာကိုဆိုလိုလဲ မင်းသိပါတယ်။လူဆိုတာကိုယ့်ကိုကိုယ် နားလည်ရတယ်။
ဗလာဗလာစကားတွေပြောပြီး မင်းငါ့ကိုဆက်ဆံနေလည်း မင်းရဲ့စိတ်ထဲမှာ အကန့်အကန့်လေး
တွေ ရှိတယ်ဆိုတာ ငါသိနေတယ်။ခနဲ့တဲ့တဲ့ ရိထေ့ထေ့ စကားလုံးတွေက ငါ့ကိုဗုံးမှန်စေတယ်
ဆိုတာ မင်းသိပါတယ်။ဒါပေမယ့်ကိုယ့်လူ ငါဆိုတဲ့ကောင်က မျိုချထားတတ်တယ်ဆိုတာ မင်း
ထပ်ပြီးသိထားဖို့လိုတယ်။ညောင်မြစ်တွေတူးတဲ့အခါ ပုတ်သင်ဥတွေပေါ်ကြတယ် ဆိုတာသိမှာ
ပေါ့။no 1 perfect တဲ့ကိုယ့်လူ။ဘယ်သူကဘာကောင်ဆိုတာ ကိုယ့်ကိုကိုယ်သိကြတာပဲ။ဘဝ
ဆိုတာက ရပ်တန့်နေတာမှမဟုတ်တာ၊အချိန်အတိုင်းအတာတခုအတွင်းမှာ တချို့အရာတွေကို
ပြောင်းလဲလို့ရတယ်။ဆိုပါစို့ ငါတို့တယောက်ဆီမှာ ဖွံဖြိုးတိုးတက်မှုတွေရှိတယ်။ဒါပေမယ့် တူညီကြမှာတော့ မဟုတ်ဘူး။တချို့တချို့သောအရာတွေ ငါမစွမ်းဆောင်နိုင်သလို မင်းလည်း
ဒီလိုပါပဲ။ဘ၀ကိုတည်ဆောက်ကြရာမှာ ပြီးခဲ့တဲ့အကြောင်းအရာတွေ ငါပြန်မပြောလိုဘူး။ကိုယ့်
ခြေထောက်ပေါ်ကိုယ်ရပ် ကိုယ့်နှာခေါင်းနဲ့ကိုယ်အသက်ရှု။ဆိုလိုရင်းတွေက ရှင်းပါတယ်။အပေါ
စားဆန်တဲ့ အကြောင်းအရာတွေ၊အရိပ်လိုတစ္ဆေခြောက်နေမယ့်အကြောင်းအရာတွေ။ငါမေး
ကြည့်မယ်ကိုယ့်လူ မင်းရဲ့စိတ်ဟာလုံခြုံပြီလား။ရှက်တတ်ရင်သေလို့ရတယ်တဲ့။တချို့တွေက
ပြောကြတာပဲ။ရှင်းချက်ထုတ်ရန်အကြောင်းပြချက်တွေ ရှိရင်ပြောပါ။စော်ကားတိုက်ခိုက်သလို
ဖြစ်သွားရင်တော့ စိတ်မကောင်းပါဘူး။ငါဆိုတဲ့ကောင်က ဒီအတိုင်းပဲ။ပြောချင်ရာပြော လုပ်ချင်ရာ
လုပ်တတ်တာ မင်းအသိ။မတူညီတဲ့အရာတွေကို တန်းမညှိချင်စမ်းပါနဲ့။ကျော်တက်လို့ရရင် ကျော်
တက်သွားပေါ့ကွာ။အကြောင်းတိုက်ဆိုင်လာတဲ့တနေ့ ကြိုးဝိုင်းထဲမှာ ငါတို့ပြန်တွေ့ကြနိုင်တယ်။
မဟုတ်ရင်လည်း ၀ိုင်းအပြင်မှာပေါ့ကွာ။ ။

May 23, 2009

တရား

ဖောက်ပြန်တတ်သောရုပ်
ခံစားတတ်သောနာမ်
အမှန်တကယ်လွတ်မြောက်ခြင်းသည်
မဟာသန္တိသုခ*
ကိုယ့်ကိုကိုယ်သတိပြုမိကြစေ။
*စစ်မှန်သောငြိမ်းအေးချမ်းသာမှု

အဲ့ဒီနေ့ကကျွန်တော်ဂွမ်းခဲ့တယ်

ပျင်းပျင်းရှိတဲ့တနေ့ တောင်ညွန့်သွားမယ်ဆိုပြီး အိမ်ကထွက်ခဲ့တယ်။မှတ်တိုင်ရောက်လို့ ၁၀၅
ကားကိုတွေ့တော့ တွယ်လိုက်ခဲ့တယ်။ကားခတောင်းတော့ စပါယ်ယာကို ထောင်တန်တရွက် ပေးလိုက်တယ်။အကြွေမပါဘူးလားမေးတော့ခေါင်းခါပြလိုက်တယ်။တကယ်လည်းအကြွေကို
မပါတာအိမ်ကမထွက်ခင် မားသားကြီးဆီက ပိုက်ဆံတောင်းတော့ အိတ်ထဲမှာနှိုက်ယူသွားတဲ့။
ဒါနဲ့ထောင်တန်၅ရွက်နှိုက်ပြီး အကြွေရှာသေးတယ်။မတွေ့ဘူး။ကိစ္စမရှိပါဘူးထင်ပြီး ဒီအတိုင်း
ကားတက်စီးမိတယ်။၃၊၄ မှတ်တိုင်လောက်စီးပြီး ပိုက်ဆံပြန်အမ်းဖို့ပြောတော့ ခဏနေဦးတဲ့။ဆက်
စီးရင်းနဲ့ ဆင်းရမယ့်မှတ်တိုင်နီးလို့ ထပ်ပြောတော့ ခဏနေဦးလို့ပဲ ထပ်ပြောတယ်။ဒီလိုနဲ့ မြို့ထဲ
ထိပါသွားတယ်။ဘားလမ်းရောက်တော့ စပါယ်ရာက အောက်ဆင်းပြီးအကြွေအမ်းတော့ ကျွန်တော်လည်းလိုက်ဆင်းတယ်။မရဘူး။ကျွန်တော်နည်းနည်းဗုံးမှန်နေပြီ။ခဏနေတော့ စပါယ်
ရာပြန်ရောက်လာပြီး ထောင်တန်ထိုးပေးတယ်။ပြီးတော့ကားပေါ်တက်ပြီး နောက်တခါကားစီးရင်
အကြွေဆောင်ထား၊ထောင်တန်နဲ့ နောက်ဘယ်တော့မှကားမစီးနဲ့ ဆိုပြီးဗလာချည်းဟောက်ပါ
လေရော။လူကြားသူကြားထဲမှာဆိုတော့ ဂွမ်းတော့တာပဲ။ဗုံးကလည်းကွဲပြီ။ကွိုင်ရှာမယ်လုပ်တော့ ကားကထွက်သွားပြီ။
ဂွမ်းဂွမ်းနဲ့ အဲ့ဒီfucking guy ကိုမေတ္တာပို့ပြီး မြို့ထဲမှာလမ်းလျှောက်တယ်။
ရှမ်းချဉ်တွေရောင်းတဲ့ဆိုင်တွေ့တော့ ရှမ်းချဉ်ဝင်ဝယ်တယ်။လမ်းဘေးဆိုင်တွေ ဟိုငေးဒီငေးနဲ့
ဆူးလေမီးပွိုင့်ရောက်တော့ ရုပ်ရှင်ရုံတွေဘက်ကိုချိုးမိတယ်။မရောက်တာ၅နှစ်ရှိပြီဆိုတော့ ဟို
ကြည့်ဒီကြည့်ပေါ့။ဗိုလ်ချုပ်လမ်းဘက်ရောက်တော့ တည့်တည့်ဆင်းသွားရင် ရေကျော်။အဲ့ဒီကနေ
ဖြတ်ချလိုက်ရင် တောင်ညွန့်ရောက်တယ်ဆိုပြီး ဆက်လျှောက်ပါလေရော။အေးအေးဆေးဆေး
လျှောက်ရင်းငေးရင်းနဲ့ ဟိုဆိုင်းဘုတ်ဖတ်လိုက်၊ဒီဆိုင်ငေးလိုက်နဲ့ ရုပ်ရှင်ရုံတွေတရုံပြီးတရုံဖြတ်
လာရင်း တနေရာရောက်တော့ ကောင်မလေးတယောက်ကို သတိထားမိတယ်။ဘာရယ်မဟုတ်
မျက်လုံးကကြည့်ဖြစ်အောင်ကို သေချာကြည့်လိုက်မိတယ်။အနားရောက်တော့ ပြုံးပြတယ်ဗျ။
ကျွန်တော်က သိများသိသလားဆိုပြီး အူတူတူဖြစ်နေတုန်း သူကအကိုဆိုပြီး လှမ်းခေါ်ပါလေရော။
ကျွန်တော်လည်းယောင်နနနဲ့ရပ်ပြီးပြုံးပြမိတယ်။အဲ့ဒီမှာသူကကျွန်တော့်ကိုရှော့လား၊နာရီ
နဲ့လားအကိုတဲ့။နဂိုကမှ ကိုယ့်ဘာသာအူကြောင်ကြောင်ပါဆိုမှ သူမေးလိုက်တော့
ကြောင်သွားတာပေါ့။အနားဝန်းကျင်ကတချို့လူတွေကမသိမသာကြည့်နေကြတယ်။
သူကဆက်ပြီး တရှော့၃၀၀၀၊တနာရီကို၅၀၀၀ အကိုတဲ့။ရှေ့လမ်းထဲမှာ ဟိုတယ်ရှိတယ်အကို၊
သန့်လည်းသန့်တယ်၊တနာရီမှ၂၀၀၀ထဲပါတဲ့။ဝါး...အဲ့ဒီတော့မှ ဘာမှန်းကျွန်တော်
သိတော့တယ်။လူကလန့်လည်းလန့် ရှက်လည်းရှက်သွားပြီး ဟာ...
ဘာတွေလာပြောနေတာလည်း၊သွားသွား ငါဒါတွေစိတ်မ၀င်စားဘူးလို့
မွှန်ထူပြီးအော်မိပါလေရော။သူကဘာပြန်ပြောလဲဆိုတော့ မရှိလို့လုပ်စားတာပဲအကိုရယ်၊ပြေ
ပြေလည်လည်ပေါ့တဲ့။အဲ့ဒီစကားကို ကြားလိုက်တော့ ကျွန်တော်နင်သွားတယ်။သူ့ကိုပဲပြန်ပြီး
အားနာမိသလိုလိုနဲ့။လူကြားထဲမှာဆိုတော့ ထူပူပြီး သုတ်ခြေတင်တော့တာပဲ။သူပြောတဲ့ စကား
ကိုပြန်ပြန်ကြားပြီစိတ်ထဲမှာတမျိုးကြီးပဲ။ဘယ်လိုမှန်းကိုမသိဘူး။ဝမ်းနည်းသလိုလို၊တခုခုကိုဒေါ
သထွက်သလိုလိုနဲ့။အဲ့ဒါနဲ့ မဖြစ်ဘူး ပြန်တာပဲကောင်းမယ်ဆိုပြီးပန်းဆိုးတန်းလမ်းဘက်ကွေ့
ဝင်ခဲ့တယ်။၁၀၅ကားတစီးကိုတွေ့လို့တားလိုက်တော့ အရှိန်လျော့ပေးတယ်။ကျွန်တော်လည်း
ခုန်တက်တာပေါ့။ကျွန်တော်ကအလိုက်သင့်ခုန်အတက် ကားကဘရိတ်ဖမ်းအုပ်ပါလေရော။
ဆိုတော့ကာ ကားခြေနင်းခုံနဲ့ ကျွန်တော်ဖိနပ်ဦးနဲ့ငြိပြီး ကားထဲမှောက်ထိုးလဲပါလေရော။လက်ထဲ
မှာကိုင်ထားတဲ့ပစ္စည်းတွေလည်းပြုတ်ကျ၊ဖိနပ်လည်းခေါင်ပြုတ်၊ဒူးလည်းဆောင့်မိသွားတယ်။
အိုး..လူတွေကလည်းဝိုင်းကြည့်ကြပါလေရော။မသိရင်မျောက်ပွဲပြနေသလားမှတ်ရတယ်။ကဗျာ
ကရာနဲ့ပြန်ထ အထုပ်တွေကောက်ပြီး ကားအတွင်းပိုင်းထဲ ၀င်ထိုင်မသိချင်ယောင်ဆောင်နေ
ရတာပေါ့။တော်သေးတာက ကားကလူချောင်ပေလို့ပဲ။တောင်ညွန့်လည်း မသွားဖြစ်တော့ဘူး။
သီတာလမ်းရောက်တော့ ကားပေါ်ကဆင်း ပြတ်နေတဲ့ဖိနပ်ကို အသာဖွနင်းပြီး ခြေတဖက်တရွတ်
ဆွဲ ခေါင်းကိုငုံပြီး အိမ်ကိုပြန်ခဲ့ရတယ်။တကယ်ကိုဂွမ်းတဲ့နေ့ပါဗျာ။တခါလည်းမဟုတ်၃ခါတောင်။
တော်ပြီ။နောက်ဆို အပြင်ထွက်ဖို့တော်တော် စဉ်းစားရမယ်။လန်သွားပြီ။ ။

May 20, 2009

နင်နဲ့ငါ

တချိန်တခါတုန်းက ငါနင့်ကိုချစ်ခဲ့ပေမယ့် နင်ငါ့ကိုမချစ်ခဲ့ဘူး
တချိန်တခါတုန်းက နင်ငါ့ကိုချစ်သွားပေမယ့် ငါနင့်ကိုမချစ်တော့ဘူး
နင်လည်းငါ့ကိုမချစ်တော့သလို
ငါလည်းနင့်ကိုမချစ်တော့ဘူး
တယောက်နဲ့တယောက်ကြားမှာ နားလည်မှုတွေရှိခဲ့ကြပေမယ့်
တယောက်ရဲ့ခံစားချက်ကို တယောက်နားမလည်တတ်ခဲ့ဘူး
ကိုယ်စီဘ၀ရဲ့နေ့ရက်တွေမှာပျော်မွေ့ကြရင်း
သံယောစဉ်အကြွင်းအကျန်တွေနဲ့
နင်နဲ့ငါ...သူငယ်ချင်း။ ။

အစိမ်းအတိုင်းကွဲ အရင်အတိုင်းပဲ

အရင်လိုပါပဲ။အနားမှာနင်မရှိတာကလွဲရင် အရာရာဟာအရင်လိုပါပဲ။ထိုင်နေကြ လက်ဘက်ရည်ဆိုင်လည်း အရင်လိုဆူညံနေဆဲပါ။နင်မကြိုက်တဲ့ ဆေးလိပ်သောက်ခြင်း
အပြုအမူမှာလည်း ငါပျော်ဝင်ခုံမင်ဆဲပါ။နင်အမြင်ကတ်တဲ့ ငါ့ရဲ့အပေါင်းအသင်းတွေလည်း
တေပေလေလွင့်နေတုန်းပဲ။အရည်မရအဖတ်မရစကားတွေပြောပြီး လက်ဘက်ရည်ဆိုင်မှာ
အချိန်ဖြုန်းနေကြဆဲပါ။လူတွေကလည်း ငါတို့ကို အထင်သေးတဲ့မျက်လုံးတွေနဲ့ကြည့်ဆဲ အမြင်
တွေစောင်းတေဆဲပါ။လူသိပ်မကြိုက်တဲ့စာအုပ်တွေဖတ်ပြီးငါ့ရဲ့ညတွေကုန်ဆုံးနေမြဲပါ။တခါ
တုန်းက နင်ကြိုက်တတ်ခဲ့တဲ့ ကဗျာတွေကိုလည်း ငါဖက်တွယ်ထားဆဲပါ။ဒါပေမယ့် နင်မယုံကြည်
ခဲ့ပါဘူးလေ။နင်တို့အိမ်နားက အုတ်ခုံလေးမှာ သီချင်းတွေဆိုဖြစ်နေတုန်းပဲ။ဟိုးတုန်းကလိုပဲ
နင်တို့အိမ်က တခါတလေ ရဲတိုင်နေတုန်းပဲလေ။အထူးသဖြင့်နင်မကြိုက်တဲ့အရက်တွေ
သောက်ပြီး အသည်းကွဲသီချင်းတွေ သွားသွားအော်တဲ့အခါမျိုးမှာပေါ့။ငါ့ကိုကြည့်မရတဲ့
နင့်ရဲ့အမကလည်း ငါ့ကိုတွေ့တာနဲ့ မဲ့ရွဲ့နေတုန်းပဲဟာ။ငါ့ပိုက်ဆံအိတ်ထဲမှာ တမြတ်တနိုး
သိမ်းထားတဲ့ နင့်ရဲ့ဓါတ်ပုံလေးကလည်း ခပ်တည်တည်ခပ်တင်းတင်း ကြည့်နေတုန်းပဲဟာ။
နင်ပေးထားတဲ့ လက်ကိုင်ပုဝါလေးက အရောင်တွေလွင့်သွားပေမယ့် ငါ့ရဲ့လက်မှာစည်းနှောင်
ထားဆဲပါ။နင်အမြဲပြောတတ်သလို ငါ့ရဲ့အိမ်ကလည်း ကျောင်းပြန်တက်ဖို့ တိုက်တွန်းဆဲပါ။
ငါဆိုတဲ့ နင်ချစ်ခဲ့တဲ့ကောင်ကလည်း အရင်တုန်းကလို စိတ်ထဲရှိတာတွေ လျှောက်လုပ်နေတုန်းပဲ။
နင်မကြိုက်တဲ့ အပြုအမူတွေကို လက်ခံကျင့်သုံးနေဆဲ၊သူငယ်ချင်းအပေါင်းအသင်းတွေနဲ့
ရန်ပွဲတွေမှာ ပါဝင်ဆင်နွဲနေဆဲ၊လူကြီးသူမတွေနဲ့ သဟဇာတဖြစ်အောင် မပေါင်းသင်းတတ် အနေ
အထိုင်မတတ်ဆဲပါ။နင်နဲ့ငါအတူရှိနေတုန်းက ဘာအခွင့်အရေးမှမယူတတ်ခဲ့သလို ငါ့အနားကနင်
ထွက်သွားတော့လည်း မတားမြစ်ရက်ခဲ့သူပါ။နင်တော့သိနိုင်မှာမဟုတ်ပါဘူးလေ။နင်ထွက်သွား
တဲ့အချိန်ကစပြီး အချိန်တိုင်းမှာ နင်ပြန်လာမယ့်နေ့ကို ငါမျှော်လင့်နေဆဲပါ။ငါ့ရင်ထဲမှာ နင့်ကိုချစ်
တဲ့အချစ်တွေက ရှင်သန်ပူနွေးဆဲပါ။ပြောင်းလဲတတ်တဲ့လောကကြီးထဲမှာ ငါဘာကိုမှ မပြောင်းလဲ
သေးဘူးဆိုတာ နင်မြင်နိုင်မလား။ငါ့အနားမှာ နင်မရှိတော့တာကလွဲရင် ငါ့အတွက်ကတော့
အရာရာဟာအရင်လိုပါပဲ။နင်ထားခဲ့တဲ့အတိုင်းပေါ့။ ။

May 17, 2009

ဧ၀သို့

ဘ၀ဟာဘာမှမရေရာဘူးဆိုတာငါသိတယ်
တကယ်လို့ငါတို့ဆုံတွေ့ဖြစ်ရင်
မျှော်လင့်ထားသလိုဖြစ်မလာလည်း
ငါဝမ်းမနည်းပါဘူး
ဘုရားပေးသလောက်ပေါ့ကွာ
ငါဟာမင်းအတွက်သူရဲကောင်းလား
မင်းဟာငါ့အတွက်အလင်းရောင်လား
ဆုံတွေ့ရမယ့်တချိန်ချိန်ကိုမျှော်လင့်တယ်
ကဲ...ငါ့ရဲ့ဘယ်ဘက်ရင်ဘတ်ကနံရိုးလေးရေ
ဘုရားသခင်ကကြင်နာတတ်ခဲ့ရင်
တနေ့တော့ငါတို့ဆုံဆည်းကြတာပေါ့။ ။

nude

ပျော့ပျောင်းတဲ့လိုင်းထူထူတွေက
အတုံးတုံးအတစ်တစ်
အဲ့ဒီဗလာကျင်းတဲ့ခန္ဓာထက်
အမှောင်မှာမ၀ံ့မရဲတိုးတဲ့အလင်း
သူဖြာဆင်းပုံကရင်ခုန်ချင်စရာ
ငါ့စိတ်ကိုငါချောင်းကြည့်လိုက်တော့
ကြက်သီးမျှင်းမျှင်းလေးထသွားတယ်။ ။

May 14, 2009

the ant n the grasshopper

ပုရွက်ဆိတ်နှင့်နှံကောင်ပုံပြင်ကိုကြားဖူးကြမှာပေါ့။ကျွန်တော်ငယ်ငယ်ကကျောင်းမှာသင်ခဲ့ရတယ်။ရိုးရှင်းလွန်းတဲ့ပုံ ပြင်လေးပါ။အလုပ်ကြိုးစားတဲ့သူကတနေ့မှာအောင်မြင်ပြီးတော့၊အလုပ်မကြိုးစားတဲ့၊ပျင်းရိငြီးငွေ့တဲ့သူကတနေ့မှာဒုက္ခရောက်တယ်ဆိုပြီးကလေးတွေကိုသင်ခန်းစာပေးဖို့ရည်ရွယ်ထားတဲ့ပုံပြင်လေးပေါ့။
ပုံပြင်ထဲမှာပုရွက်ဆိတ်ကအရမ်းအလုပ်ကြိုးစားတယ်။အစားအစာတွေကိုနေ့တိုင်းစုဆောင်းတယ်။နွေကုန်မိုးရောက်တော့သူ့မှာစားစရာ တွေစုဆောင်းပြီးသားအသင့်ပေါ့။နှံကောင်ကတော့တနွေလုံးဘာမှမလုပ်ပါဘူး။သူကသီချင်းဆိုလိုက်ကလိုက်နဲ့တနွေလုံးပျော်ရွှင်စွာနဲ့ဖြတ်သန်းတယ်။မိုးလည်းကျရောသူ့မှာစားစရာမရှိဖြစ်တော့တာပေါ့။ဒါကြောင့်ပုရွက်ဆိတ်ထံမှစားစရာသွားချေးတာပေါ့။
''တနွေလုံးမင်းဘာလုပ်နေလဲ''ပုရွက်ဆိတ်ကမေးတဲ့အခါ
''ငါသီချင်းတွေဆိုပြီးနေရောင်အောက်မှာကနေတယ်လေ"လို့နှံကောင်ကပြန်ဖြေတယ်
"အေးဒါဆိုအခုလည်းသီချင်းဆိုပြီးသွားကပေတော့"လို့ပြောပြီးပုရွက်ဆိတ်ကမောင်းထုတ်လိုက်တယ်။
ဒီပုံပြင်ကိုကျွန်တော်ခံစားလို့မရဘူး။ကျွန်တော့်ကိုအလုပ်မကြိုးစားစေတဲ့အပြင်ပုရွက်ဆိတ်တွေကိုမုန်းစေတယ်။ပုရွက်ဆိတ်ကရက်စက်
တယ်လို့ကျွန်တော်ထင်တယ်။ဒါကြောင့်ပုရွက်ဆိတ်တွေတွေ့တာနဲ့ခြေနဲ့လိုက်နင်းချေတယ်။အဲ့ဒါကနှံကောင်တွေကိုရက်စက်ဖို့မုန်းဖို့သင်
ပေးတာပဲလို့ကျွန်တော်ထင်တယ်။
ဟိုတလောကတောင်အဲ့ဒီပုံပြင်ကိုသတိရမိသေးတယ်။စားသောက်ဆိုင်တခုမှာနေ့လည်စာသွားစားတုန်းကပေါ့၊သူငယ်ချင်းဂျော့ရမ်ဆီနဲ့
တွေ့တယ်။စားပွဲတလုံးမှာတယောက်တည်းထိုင်နေတယ်။သူ့ကြည့်ရတာလောကကြီးကိုစိတ်ကုန်နေတဲ့ပုံ။
"ဟယ်လိုဂျော့၊နေကောင်းတယ်နော်"
"နေလို့သိပ်မကောင်းပါဘူးကွာ"
"ဘာဖြစ်နေတာလဲပြောဦးလေကွာ"သူ့စားပွဲမှာကျွန်တော်ဝင်ထိုင်လိုက်တယ်။
"ဘာလဲမင်းညီတွမ်ပဲလား၊ဘာဒုက္ခပေးပြန်ပြီလဲ"
"ဒီကောင်ပဲရှိတာကွာ"
တွမ်အကြောင်းနည်းနည်းတော့ပြောဦးမှပဲ။ဆွေကြီးမျိုးကြီးတွေတိုင်းမှာငုပ်ကောင်၊တမိပေါက်တယောက်ထွန်းတွေရှိတတ်ကြတယ်မလား။တွမ်ဆိုတဲ့ကောင်ကအဲ့လိုကောင်စားမျိုး။ပထမတော့အလုပ်လေးဘာလေးလုပ်ပြီးအဆင်ပြေပါတယ်။အိမ်ထောင်ကျပြီးကလေးတောင်နှစ်
ယေက်ရနေပြီ။တရက်ထူးထူးဆန်းဆန်းသူအလုပ်မလုပ်ချင်တော့ဘူးတဲ့။ဘကိုသူပျော်သလိုပဲဖြတ်သန်းသွားချင်တော့တယ်တဲ့။အလုပ်ကထွက်၊သူ့မိသားစုကိုလည်းခဲ့ပြီးဥရောပကိုသူထွက်သွားတယ်။သူ့မှာရှိတဲ့ပိုက်ဆံအနည်းငယ်နဲ့စိတ်ထင်တိုင်းသုံးတော့တာပဲ။အကောင်းဆုံးဟိုတယ်မှာနေတယ်။ဈေးကြီးတဲ့စားသောက်ဆိုင်တွေမှာစားတယ်။ပါတီတကာတက်ပြီးမိန်းမလှလှတွေနဲ့ကဲတယ်။သူကိုသူတော့စိတ်ချမ်းသာအောင်နေတယ်။သူ့အကြောင်းကိုသူ့မိသားစုကကြားတော့စိတ်ပျက်မ်းနည်းကြတာပေါ့။ပိုက်ဆံကုန်ရင်သူဘာလုပ်မှာလဲလို့တွေးပူကြတယ်။
နောက်တော့လည်းပြန်သိကြတယ်။တွမ်ကအကောင်းကြိုက်လေ။ပြီးတော့လူပျော်တယောက်၊အပေါင်းအသင်းကလည်းများတယ်။သူ့မှာ
ပိုက်ဆံပြတ်တာနဲ့သူ့မိတ်ဆွေတွေဆီကချေးတော့တာပဲ။ဒါပေမယ့်များများတော့မချေးဘူး။ဒါကြောင့်လည်းသူ့မိတ်ဆွေတွေကပြန်ပေးဖို့မတောင်းကြဘူး။သူနဲ့ကျွန်တော်မကြာခဏဆုံတတ်တယ်။တွေ့တိုင်းလည်းကျွန်တော့်ဆီကသူပိုက်ဆံချေးတတ်တယ်။သူကလူပျော်တ
ယောက်ဆိုတော့ကျွန်တော်လည်းသူ့ကိုခင်ပါတယ်။တွမ်ကသူ့မိတ်ဆွေတွေဆီကပိုက်ဆံနည်းနည်းနည်းနည်းပဲချေးတတ်ပေမယ့်တကယ့်အရေးအကြောင်းကြုံလာရင်တော့သူ့အကိုဂျော့ဆီကလာချေးတတ်တယ်။
ဂျော့ကတော့လေးစားဖို့ကောင်းတဲ့သူပါ။အလုပ်ကိုကြိုးစားတယ်၊ပိုက်ဆံကိုတန်ဖိုးထားတယ်။သူ့ညီကိုလည်းသူ့လိုလူလေးစားတဲ့သိက္ခာရှိတဲ့သူတယောက်ဖြစ်စေချင်တယ်။ဂျော့ကပိုက်ဆံပေးလိုက်တာနဲ့တွမ်ကသူပြောင်းလဲမှာပါလို့ဂျော့ကိုဂတိပေးတယ်။အခုပဲဘ၀သစ်စမယ်အလုပ်ကိုကြိုးစားမယ်ပေါ့။တခါကလည်းဂျော့ပိုက်ဆံနဲ့ဈေးကြီးကြီးကားဝယ်စီးတယ်။ပြီးတော့ကားရောင်းပြီးပြင်သစ်က
ဟိုတယ်မှာသွားနေတယ်။ဂျော့ကတော့တွမ့်ရဲ့မတည်တဲ့ဂတိတွေကြောင့်တော်တော်စိတ်ညစ်နေရတယ်။ဒါကြောင့်တွမ်ပိုက်ဆံတောင်းတိုင်းသူမပေးတော့ဘူး။တခါတလေတွမ်တယောက်ငွေချေးပြီးပြန်မဆပ်လို့အမှုရင်ဆိုင်ရတဲ့အခါဆိုဂျော့ကပဲစိုက်လျော်ရတယ်။သူလည်းတော်တော်လေးကိုစိတ်ပျက်နေပြီ။တွမ်ကြောင့်သူရောသူတို့အမျိုးပါအရှက်တကွဲအကျိုးနည်းဖြစ်ရပေါင်းများပြီ။
တခေါက်လည်းခရောင်းဆောဆိုတဲ့လူဆီကငွေလိမ်လို့ဆိုပြီးအမှုရင်ဆိုင်ရတယ်။ငွေပမာဏကတော်တော်လေးကိုများတယ်။တွမ်လည်းအချုပ်တွေဘာတွေကျလို့။အဲ့ဒါနဲ့ဂျော့ကပဲခရောင်းရှောကိုပေါင်၅၀၀လျော်ပေးလိုက်ရတယ်။ဂျော့လျော်ပေးပြီးတာနဲ့ခရောင်းရှောနဲ့တွမ်
်မွန်တီကာလိုကိုသွားတယ်။မွန်တီကာလိုမှာသူတို့နှစ်ယောက်တတွဲတွဲနဲ့ဂျော့ရဲ့ပိုက်ဆံတွေကိုအတူတူသုံးပြီးပျော်နေကြတယ်။အဲ့ဒီတုန်းကဂျော့တော်တော်စိတ်ဆိုးတာပေါ့။ဒါပေမယ့်သူဘယ်တော့မှစိတ်နာလောက်တဲ့အထိတော့မဖြစ်ဘူး။
နှစ်ပေါင်း၂၀လုံးလုံးတွမ်ဘ၀ဟာပျော်စရာအတိချည်းပဲ။နှစ်ပေါင်း၂၀လုံးလုံးအကောင်းဆုံးဆိုတဲ့ဟိုတယ်တွေမှာနေ
၊အကောင်းဆုံးဆိုတဲ့စားသောက်ဆိုင်တွေမှာစား၊မိန်းမလှလေးတွေနဲ့တွဲပြီးဘ၀ကိုပျော်သလိုဖြတ်သန်းတယ်။သူ့အသက်က၄၆နှစ်ဆိုပေမယ့်သူ့ကြည့်ရတာအသက်၄၀တောင်ရှိတယ်မထင်ရဘူး။အပေါင်းအသင်းတွေလည်းများမှများ။
ဂျော့ကတော့ဘ၀တလျှောက်လုံးအလုပ်ကိုကြိုးစားလုပ်တယ်။ရုံးကို၉နာရီထိုးတာနဲ့ရောက်ပြီးညနေဆို၆နာရီကျော်တဲ့အထိအလုပ်လုပ်တယ်။ပိုက်ဆံကိုစုပြီးမိသားစုကိုကောင်းကောင်းစောင့်ရှောက်တယ်။
သူ့မှာပျော်ရွှင်ဖို့အချိန်ဆိုတာမရှိသလောက်ပဲ။သူ့အသက်က၄၇နှစ်ပေမယ့်သူ့ကြည့်ရတာ၆၀လောက်ထင်ရတယ်။ဂျော့ကသူအိုဇာတာကိုပဲဂုဏ်ယူနေတဲ့သူ။
"တွမ်တယောက်လည်းအိုဇာနေမှာပဲနော်"လို့ကျွန်တော်ကိုသူတခါပြောတယ်။
"ငယ်တုန်းမှာတော့အဖော်အပေါင်းရှာရလွယ်တာပေါ့"
"နောက်၎၊၅နှစ်ဆိုတွမ့်အသက်၅၀ပြည့်မှာ၊အဲ့ဒီကျရင်သူဘာလုပ်မှာလဲ"
"ငါ့အသက်၅၀ဆိုငါ့မှာပေါင်၃၀၀၀၀စုပြီးဖြစ်နေပြီ၊တွမ့်မှာတော့လက်ဖ၀ါးခြေဖ၀ါးပဲ"
"အလုပ်ကြိုးစားတာနဲ့အပျော်အပါးလိုက်စားတာဘယ်ဟာပိုကောင်းတယ်ဆိုတာနောက်တော့မှသိလိမ့်မယ်"
တရက်ဂျော့နဲ့ဆုံတော့သူ့ရဲ့ငြှိုးငယ်နေတဲ့ပုံကိုကြည့်ရင်းကျွန်တော်သူ့ကိုတော်တော်သနားမိတယ်။
"ဘာတွေဖြစ်ပြန်ပြီလဲဂျော့"တွမ်တော့ပြဿနာတက်ပြန်ပြီလားမသိဘူး။အမှုတွေဘာတွေဖြစ်ပြီးအဖမ်းခံနေရလားမသိဘူး။
"ငါ့ဘ၀တလျှောက်လုံးအလုပ်ကိုကြိုးစားခဲ့ပါတယ်ကွာ"
"ဟုတ်တယ်လေ၊ဘာဖြစ်လို့လဲ"
"မင်းသိပါတယ်၊တွမ်ဆိုတဲ့ကောင်ကအနှစ်၂၀လုံးဘာမှလုပ်ခဲ့တာမဟုတ်ဘူး။ဘ၀တလျှောက်လုံးသက်တောင့်သက်သာနဲ့နေလာတဲ့ကောင်"
"ဟုတ်တယ်လေ၊ဘာဖြစ်လို့လဲ"
ဂျော့ရဲ့မျက်နှာကြီးကရဲတွတ်ပြီး၊ဒေါသတော်တော်ထွက်နေတယ်။ဒေါသကြီးလွန်းတော့စကားတောင်မပြောနိုင်တော့ဘူး။
"ပြီးခဲ့တဲ့အပါတ်ကတွမ်အဘွားကြီးတယောက်နဲ့ယူလိုက်တယ်၊သားအမိလောက်တောင်အသက်ကွာတယ်၊ခုအဲ့ဒီအဘွားကြီးဆုံးပြီ၊
အဘွားကြီးဆုံးတော့သူပိုင်သမျှတွမ်ရလိုက်တာပေါ့၊အဘွားကြီးကပေါင်သန်းချီပြီးထားခဲ့တာ၊ပြီးတော့လန်ဒန်မှာအိမ်ကြီးတလုံး
၊ငါတို့နိုင်ငံထဲမှာအကြီးဆုံးအိမ်ကွ"
ပြောလည်းပြောပြီးခုံကိုတဒုံးဒုံးနဲ့ထုပြီးဂျော့တယောက်ဒေါသတွေထွက်လို့။သူ့ကိုကြည့်ပြီးကျွန်တော်ရယ်ချင်စိတ်ကိုထိန်းမရတော့
အတောမသတ်ရယ်မိတယ်။ကျွန်တော်ကြားဖူးသမျှထဲမှာတော့ဒီအဖြစ်ဟာရယ်စရာအကောင်းဆုံးပဲ။
နှံကောင်ကပုရွက်ဆိတ်ကိုရိုက်ချသွားတာလေ။
အဲ့လိုရယ်တာနဲ့ပတ်သက်ပြီးဂျော့ကကျွန်တော့်ကိုစိတ်ဆိုးတယ်။သူ့ကိုလှောင်တယ်ထင်ပြီးဘယ်လိုမှတောင်းပန်မရဘူး။
တွမ်ကတော့ကျွန်တော့်ကိုသူ့အိမ်မှာညစာလာစားဖို့အမြဲဖိတ်တယ်။လန်ဒန်တမြို့လုံးမှာအကြီးဆုံးအိမ်ကြီးမှာပေါ့။ဒါပေမယ့်
သူဘာမှမပြောင်းလဲပါဘူး။ကျွန်တော်နဲ့တွေ့တိုင်းအရင်တုန်းကလိုသူပိုက်ဆံချေးမြဲပါပဲ။ ။

Written by W.SOMERSET MAUGHAM
Translated from Heinemann Guided Readers

ဒီဝတ္ထုတိုလေးကိုဖတ်ဖူးတာတော်တော်ကြာပါပြီ။ကျွန်တော့်စိတ်ထင်၁၀နှစ်နီးပါးရှိလိမ့်မယ်။
ကျွန်တော့်အကိုရဲ့စာအုပ်လေးပါ။အလုပ်နဲ့အချိန်ုကုန်နေတာနဲ့နိုင်ငံခြားမှာ၅နှစ်လောက်သောင်တင်နေတာနဲ့
ဒီစာအုပ်လေးကိုပြန်မဖတ်ဖြစ်ဘူး။အလုပ်ထဲမှာအဆင်မပြေတိုင်း၊မိဘလုပ်စာထိုင်စားနေတဲ့ကောင်တွေ၊
နိုင်ငံခြားမှာကျောင်းတက်နေတဲ့ကောင်တွေကိုမြင်ပြီးမနာလိုတိုင်းဒီစာအုပ်လေးကိုသတိအမြဲရမိတယ်။
ကျွန်တော်လည်းပုရွက်ဆိတ်တကောင်/ဂျော့လိုခံစားရမိတယ်။ဘယ်လိုပဲဖြစ်ဖြစ်ပါ။သေချာတာကတော့"မွန်"ဟာဒီဝတ္ထုလေးကိုalternative vision/thought နဲ့ လောကကြီးကိုသရော်ထားတာပါ။
နားလည်သလိုတော့ဘာသာပြန်လိုက်တယ်။အဆင်မှပြေပါ့မလားမသိဘူး။အဆင်မပြေရင်တော့မူရင်းကိုရှာဖတ်ကြပါတော့။
ဥာဏ်လင်းထူး@နော်မာန်

May 6, 2009

PUNK






ကျွန်တော်တို့ဆီကpunkတွေပါ။googleမှာရှာထားတာတွေလေ။

May 4, 2009

ရင်ဘတ်

လွတ်လပ်ခြင်းအနုပညာ
ခံစားမှုကအသက်
ယုံကြည်ချက်သက်သက်နဲ့
ငါ့ကိုယ်ငါခင်းကျင်းလိုက်တယ်။
မျက်လုံးပေါင်းများစွာ
နှုတ်ခမ်းပေါင်းများစွာ
တခါထပ်ပြီးပြောရရင်
နှလုံးသားပေါင်းများစွာ
ဘာတခုကိုအတွက်မှ
ငါမရည်ရွယ်ဘူး။
ငါ့ဘာသာခင်းပြီး
ငါ့တကိုယ်သာလင်းတဲ့
ငါ့ရဲ့ပြခန်းလေးပါ။
စကားလုံးတွေ
အလင်းအမှောင်တွေ
အကွေ့အ၀ိုက်တွေ
နတ္ထိ
ရုပ်နဲ့နာမ်မှာငြိတွယ်မှုတွေပဲဖြစ်တယ်။ ။

ကားစီးခြင်း

အပေါ်လမ်း၊အပေါ်လမ်း
(နိဗ္ဗာန်ကို၊နိဗ္ဗာန်ကို)
အောက်လမ်း၊အောက်လမ်း
(ငရဲပြည်ကို၊ငရဲပြည်ကို)
ကိုယ့်အတွေးနဲ့ကိုယ်လိပ်ပြာမလုံတော့
အိမ်ကိုလမ်းလျှောက်ပြန်ရပေါင်းများပြီ
ငယ်ငယ်ကပုံစံဆိုလိုက်အော်မိလေမလားပဲ
အဲ့ဒီတုန်းကလိုလူတွေရဲ့မနှစ်မြို့တဲ့အကြည့်တွေကို
မလိုချင်တော့ဘူးဆိုတာတော့သေချာပါတယ်
OKနှုတ်ခမ်းလေးပဲလှုပ်လိုက်တော့မယ်လေ
အပေါ်လမ်း၊အပေါ်လမ်း
(နိဗ္ဗာန်ကို၊နိဗ္ဗာန်ကို)
အောက်လမ်း၊အောက်လမ်း
(ငရဲပြည်ကို၊ငရဲပြည်ကို)
ပြီးတော့
မြို့ပတ်ပြိုင်ကားဖြစ်တဲ့၁၀၅ကားကိုပဲ
ကျွန်တော်XXXXXတွယ်စီးခဲ့တယ်။ ။

May 2, 2009

အမြင်

လက်ဖမိုးနဲ့လက်ဖ၀ါး
အမြင်တွေကမတူညီကြဘူး
ဒီဘက်ကကြည့်ရင်
ဒီလိုမြင်ရသလို
ဟိုဘက်ကကြည့်တော့
ဟိုလိုမြင်ရတယ်
ဘယ်လိုကြည့်လို့ဘယ်လိုမြင်မြင်
သေချာတာတခုကတော့
ဒါဟာလက်တခုပါပဲ။ ။

to god

အဖြေမရှာချင်တဲ့အမေး
မလိုချင်ပဲတွေးမိတဲ့အတွေး
ဟောဒီဘ၀တိုတိုလေးမှာ
ကိုယ့်ကိုကိုယ်မချုပ်နှောင်ချင်တော့ဘူး
အို...ဘုရားသခင်
ကျွန်ုပ်အားတွေဝေခြင်းမှ
ကင်းလွတ်ခွင့်ပြုပါ။ ။

current feeling

မြင်သမျှကိုပြောဖို့ရာအတွက်
စကားတွေကဆွံအ
ခံစားချက်အတိမ်အနက်
ဟောဒီရင်ဘတ်ကောကောထဲမှာ
ဘာကိုမှမပျိုးချင်တော့
ငါဟာငြီးငွေ့ခြင်းအကြောင်းတရားတွေထဲမှာ
မွန်းကျပ်...
ဘ၀ဟာသံချေးတက်နေခဲ့တယ်။ ။