Feb 16, 2008

မေမေရဲ့ယုန်ဆိုးလေး

ကျွန်တော်ဟာအနုပညာကိုအရူးအမူးကိုးကွယ်ချင်တဲ့ကောင်ပါမေမေ
မေမေ့ရဲ့သားဟာအရောင်တွေခဏခဏစွန်းပေလွယ်တဲ့ကင်းဗတ်စလေးပါ
ကိုယ့်ကောက်ကြောင်းကိုယ်ဆွဲရင်းအနုပညာနဲ့ဝေးမှန်းမသိဝေးနေရတဲ့ကောင်ပါ
ကျွန်တော်ရဲ့ဘ၀ကကြမ်းတမ်းတယ်လေမေမေ
အခက်အခဲတွေကြားထဲမှာရုန်းကန်နေရင်းနဲ့လမ်းစပျောက်နေရတယ်
သွန်ချစရာတွေများနေတဲ့ကျွန်တော့်ရင်ဘတ်ကြီးကအံကိုတင်းတင်းကြိတ်ရင်း
အချိန်တွေကြာလာတာနဲ့အမျှအေးစက်စက်ထုံပေပေနိုင်လာတယ်
အဲ့ဒီအခါမှာကျွန်တော်ဟာဘာကိုမှမခံစားချင်တော့လောက်အောင်စိတ်ပျက်ငြီးငွေ့နေခဲ့တယ်
ဘ၀တခုလုံးရင်းနှီးပေးနိုင်လောက်အောင်ကျွန်တော်ကသတ္တိမကောင်းခဲ့ဘူး
ခပ်ရှင်းရှင်းပြောရရင်ကျွန်တော်ကမိုက်မဲခြင်းရုးသွပ်ခြင်းနဲ့ကျေးဇူးတရားတွေကြားမှာ
ကိုယ့်ကိုကိုယ်ထိန်းကျောင်းရင်းနဲ့ဝတ္တရားကျေဖို့ကြိုးစားနေတဲ့ကောင်ပါ
ကိုယ့်ခြေကိုယ့်လက်နဲ့ပဲအမြင့်ကြီးကိုတက်ချင်ခဲ့တယ်
မေမေ့ရဲ့သားဟာဝမ်းစာဖြည့်ဖို့အတွက်အခွင့်မသာခဲ့ဘူး
လတ်တလောဆန္ဒတွေရဲ့ကြားမှာအသက်ရှုကျပ်နေရတဲ့ကောင်ပါ
ကိုယ့်ခံစားချက်ကိုယ်ရင်းပြီးမဖြစ်စလောက်ကဗျာတွေပဲရေးဖွဲ့နေရတယ်
ကျွန်တော်စိတ်မကောင်းပါဘူးမေမေ
ကျွန်တော်ကအောင်မြင်ကျော်ကြားမှုကိုလိုချင်နေတဲ့ကောင်တော့မဟုတ်ဘူး
ကျွန်တော့်ရဲ့ခံစားချက်ဖြစ်ရပ်ပုံရိပ်တွေကိုအသက်ဝင်အောင်ဖန်တီးချင်တဲ့ကောင်ပါ
ကျွန်တော့်မှာကျောထောက်နောက်ခံမရှိဘူးရေခံမြေခံကောင်းမရှိဘူး
ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့အကန့်လေးကိုပဲ
ကျွန်တော့်စိတ်ထဲမှာရှိသလောက်ကျွန်တော်ချယ်မှုန်းနေတာပါမေမေ
မေမေ့ရဲ့သားကရိုးသားပါတယ်
သွေးထဲမှာပါတဲ့ဗီဇကတော့ဖျောက်ဖျက်ဖို့ခက်လှပါတယ်
လှော်ရင်းခတ်ရင်းနဲ့ပဲမနစ်မြှုပ်သေးခင်ကာလလေးမှာ
အန်ထုတ်စရာရှိတာလေးတွေကိုတော့အန်ထုတ်ခဲ့မယ်လေမေမေ
ဒါမှကျွန်တော်ဟာမေမေ့ရဲ့သားပီသမှာမဟုတ်လား
ပြီးတော့ကောင်းကင်ဆိုတာကျွန်တော်နဲ့ကသိပ်ပြီးစိမ်းလှတာမဟုတ်ဘူး
လောလောဆယ်မှာတော့ကျွန်တော်တေပေနေဆဲပါမေမေ

အတ္တသားကောင်

ရုန်းထွက်ဖို့ကြိုးစားပေမယ့်
ငါ့စိတ်ရဲ့ကျော့ကွင်းမှာသာယာနေတုန်းပဲ
ငါ့ဘ၀ကတစစနစ်ကျွံကျနေ
ငါ့ကိုယ်ငါဖျားယောင်းရင်းအမှောင်ထုထဲဆီ
တပ်မက်မှုရသတွေငါ့အသွေးအသားထဲ
မှုန်ရီေ၀၀ါးစွာပျော်ဝင်နစ်မျောခဲ့
အသိမှာသတိမကပ်တော့ဘူး
စိတ္တသတ္တိတွေလျော့လျဲနေလေရဲ့
ထိန်းချုပ်နိုင်စွမ်းနည်းလေတော့
အမှားတွေအုံကျင်းဖွဲ့ချဉ်းကပ်
အမှန်ကိုမြင်လည်းလမ်းပျောက်နေရတယ်
ငါ့ကိုယ်ငါသိမြင်နေလည်း
စိတ်အလိုကိုလိုက် မိုက်နေမိတယ်
ငါဘာကောင်လဲ

အနားမှာငါမရှိတော့ရင်

အနားမှာငါမရှိတော့ရင်
မင်းငါ့ကိုသတိရတဲ့အခါ
ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပါ
မင်းငါ့ကိုသတိရတဲ့အခါ
ဟိုတုန်းကအကြောင်းလေးတွေပြန်တွေးပါ
မင်းငါ့ကိုသတိရတဲ့အခါ
ငါ့ဓါတ်ပုံကိုခဏလောက်ကြည့်ပါ
မင်းငါ့ကိုသတိရတဲ့အခါ
ငါရေးထားတဲ့ကဗျာတွေဖတ်ပြီးခံစားပေးပါ
မင်းငါ့ကိုသတိရတဲ့အခါ
တချက်လောက်ဖြစ်ဖြစ်ငါ့အကြောင်းတွေစဉ်းစားပေးပါ
မင်းငါ့ကိုသတိရတဲ့အခါ
ငါကြိုက်တတ်တဲ့သီချင်းတွေနားထောင်ပါ
မင်းငါ့ကိုသတိရတဲ့အခါ
ငါပြောခဲ့တဲ့စကားတေါကြားယောင်လိုက်ပါ
မင်းငါ့ကိုသတိရတဲ့အခါ
ကျေးဇူးပြုပြီးငါ့အတွက်မျက်ရည်မကျပါနဲ့
မင်းငါ့ကိုသတိရတဲ့အခါ
ငါ့ရင်ထဲမှာမင်းအမြဲရှိနေခဲ့တယ်ဆိုတာ
မင်းသေချာယုံကြည်ထားလိုက်ပါ

ပုရွတ်ဆိတ်တကောင်ရဲ့အကြောင်းကိုဆမ်းမားဆက်မွန်ကဒီလိုပြောခဲ့တယ်

ပုရွတ်ဆိတ်တကောင်ရဲ့အကြောင်းကိုဆမ်းမားဆက်မွန်ကဒီလိုပြောခဲ့တယ်
ဖြစ်ချင်တာနဲ့ဖြစ်သင့်တာတွေဗျာများနေတုန်း
အလိုလိုဖြစ်ဖြစ်သွားရတဲ့ကောင်ပါ
ကြာတော့လည်းဖြစ်သလိုနေတတ်ခဲ့တယ်
တခါတလေတော့လည်းရွှဲ့စောင်းစောင်းနဲ့ပေါ့
ဘ၀ပေးကိုကတရွတ်တိုက် ကန့်လန့်
ရုန်းကန်ခြင်းကိုပြဌာန်းထားတယ်
ဘ၀မှာဘာမှသိပ်ပြီးမထူးဆန်းတော့ဘူး
အသိနဲ့အရှိကိုသတိနဲ့ကပ်တယ်
စိတ်ကိုကိုယ်နဲ့ကပ်တယ်
တချို့လူတွေကလူလူချင်းတွက်ကပ်တယ်
ငါကတော့ကတ်သီးကတ်သတ်တွေးတယ်
အဲ့ဒါကြောင့်နဲ့တူတယ်
ဘ၀ကလည်းခြောက်ကပ်ကပ်နဲ့
အိတ်ကပ်တွေကစုတ်ပြတ်ပိန်ကပ်နေလိုက်တာ
စိတ်ကူးနဲ့လက်တွေ့ကွာဟတဲ့လောကမှာ
ယုံကြည်ချက်တွေကိုခဏထုံးတို့ထားပြီး
လိုအပ်ချက်များစွာကိုလိုက်ဖြည့်ဆည်းနေရတယ်
ဘယ်အရာမှမမြဲဘူးဆိုတာငါသိလည်း
ခြေကုပ်မြဲအောငါတော့အသက်ကိုမှန်မှန်ရှုရတယ်
အလိုလိုကြီးလာတဲ့အသက်ကိုဆင်ခြေပေးမယ်
အူမတောင့်တဲ့အခါသီလစောင့်ပါမယ်
မှောင်နေတဲ့အခါမှောင်နေသလို
လင်းနေတဲ့အခါလင်းနေသလ်ု
လိုနေတဲ့အခါလိုနေသလို
ပိုနေတဲ့အခါပိုနေသလို
ဘာလိုလိုညာလိုလိုပေါ့
မျိုချလို့ရတဲ့ဟာဆိုမျိုချလိုက်ရတယ်
မဟုတ်ရင်ခါးသွားတတ်တယ်
အချိန်ကနှစ်၂၀ကျော်သွားပြီ
အတိုင်းအတာတခုထိငါရင့်ကျက်ရတော့မယ်
ကိုယ့်ကိုကိုယ်ထိန်းသိမ်းမှခက်ခဲမှန်းငါသိလိုက်ရတယ်
ငါ့ရဲ့အရိုးတွေတော်တော်ရင့်နေပြီ
မနက်ဖန်ဟာမဆက်ဆံဘူးသေးတဲ့သူစိမ်းတယောက်လို
အတင်းအဓ္ဓမတိုးဝင်လာတယ်
ငါကရပ်ကြည့်နေဆဲ

တရားတပုဒ်

တောင်ထိပ်တနေရာဝယ်
ရပ်တန့်ရင်းအမောဖြေ
ဟိုဒီငေးမောကြည့်တော့
ရင်သပ်ရှုမောဖွယ်ညနေခင်း
ဆည်းဆာဟာတဖြည်းဖြည်းထွက်ခွါ
အလိုလိုဝမ်းနည်းငိုကြွေး
ခေါ်ထားလို့မရပါလား
ခရီးသွားရဟန်းတပါး
အဖြစ်အပျက်ကိုမေးကာ
ဟက်ဟက်ပက်ပက်ရယ်မော
မင်းရူးများနေသလားတဲ့
ခေါ်ထားလို့မရမှန်းသိလျက်
ခေါ်ထားချင်တဲ့စိတ်ဆန္ဒကြောင့်
သောကမီးတွေကျွမ်းလောင်
ရုပ်ခန္ဓာဟာပူလောင်ရချည်ရဲ့
မဖြစ်နိုင်မှန်းအသိမှာ
ဘာကြောင့်အတင်းဖြစ်ချင်ရလဲ
သဘာဝတရားဟာတားဆီးမရ
အနိစ္စ၊ဒုက္ခ၊အနတ္တ
ဘယ်အရာမှအမြဲမရှိပါဘူးတဲ့
မြွက်ကြားရင်းခရီးဆက်
စိတ်ထဲမှာလင်းသွားတယ်
ဒါဗုဒ္ဓရဲ့တရား။

တခါကအမှတ်တရဟာသ

ဆယ်တန်းရူပဗေဒကျူရှင်တခုတွင်ဖြစ်သည်။ဆရာမ၏အမည်ကဒေါ်ဌေးဌေး
အပျိုကြီး အနေတည်သည် စည်းကမ်းကောင်းသည် စာအသင်အပြအလွန်ကောင်းသည်။
ယနေ့သင်သည့်စာကိုနောက်နေ့ပြန်မေးသည်။အသေးစားစာမေးပွဲလေးတွေကို
မကြာခဏစစ်ဆေးလေ့ရှိသည်။စာမရသောသူ စာမကြိုးစားသောသူများကိုလည်း
လက်သံပြောင်ပြောင်နှင့်ဆုံးမလေ့ရှိသည်။ရူပဗေဒဘာသာရပ်၏ တွက်ချက်ရသော
ပုစ္ဆာရပ်များကို နားလည်သဘောပေါက်အောင် သေချာစွာရှင်းလင်းသင်ကြားပေးပြီး
ပုစ္ဆာများချပေးကာ အပြိုင်အဆိုင်တွက်ခိုင်းလေ့ရှိသည်။အဖြေကို မှန်ကန်စွာနှင့်
အမြန်ဆုံးတွက်နိုင်သူ ၃ဦးအား GOOD 1, GOOD 2, GOOD 3 ဟူ၍ မှတ်ချက်များ
ပေးလေ့ရှိသည်။ထိုမှတ်ချက်များသည် စာသင်သားများမက်မောသော ဆုတခုပင်
ဖြစ်သည်။
ထိုကျူရှင်ရှိကျောင်းသားများအနက် အချို့သည် ၉တန်းနှစ်မှပင်စတင်၍ ဆရာမ
ထံတွင် သင်ယူခဲ့သူများလည်းပါဝင်သည်။ထိုအထဲတွင် ခိုင်မာအောင်လည်းအပါအ၀င်
ဖြစ်သည်။စာတော်သောကျောင်းသားများကိုဆရာများကချစ်လေ့ရှိသည့်အတူ ခိုင်သည်
လည်းဆရာမ၏ အချစ်တော်တယောက်ဖြစ်သည်။ခိုင်သည် လှလည်းလှ စာလည်းတော်
သောကျောင်းသူဖြစ်သည်။ခိုင့်နည်းတူ ဆရာမချစ်သောကျောင်းသားတယောက်မှာ
ညီဇော်ဖြစ်သည်။သူကတော့တမျိုး ဥာဏ်ကောင်းသော်လည်း စာသိပ်မကြိုးစားပေ။
ထို့ကြောင့်ဆရာမ၏ ဆူပူကြိမ်းမောင်းခြင်းကို အမြဲခံရတတ်သူဖြစ်သည်။ညီသည်
ပုစ္ဆာတွက်တွင်တော့ထူးချွန်သူဖြစ်သည်။ထိုကြောင့်အတွက်အချက်ပိုင်းတွင် ခိုင်နှင့်
ပြိုင်ဘက်တယောက်ဖြစ်သည်။ခိုင်နည်းတူ၉တန်းနှစ်ကတည်းကတက်လာသူဖြစ်သော်
လည်း ခိုင်နှင့်ညီသည် သူငယ်ချင်းများမဟုတ်ပေ။ပြိုင်ဘက်လည်း မဖြစ်ပေ။အကြောင်း
မှာ ညီဆိုသည့်ကောင်မှာ ဗရုတ်တကောင်ဖြစ်သောကြောင့်ဖြစ်သည်။
တနေ့ကျူရှင်တွင် သင်ခန်းစာသစ်တခုကိုစတင်ရာ ပုစ္ဆာတွက်ပိုင်းတွင် အစဖြစ်၍
ကျောင်းသားများကလည်ခံနေကြသည်။ထို့ကြောင့် ဆရာမကသေချာစွာရှင်းလင်းပြ
နေရသည်။ထို့နောက်ပုစ္ဆာတပုဒ်အား တွက်ချက်ခိုင်းလေရာ ခိုင်နှင့်ညီမှလွဲ၍ မည်သူ
မှ မှန်ကန်အောင်မတွက်နိုင်ကြပေ။ထို့ကြောင့် ထိုပုစ္ဆာ၏သဘောအား ဆရာမကထပ်
မံရှင်းလင်းပြသလေသည်။ထိုပုစ္ဆာကို ပြန်တွက်ခိုင်းလေရာ တွက်ပြီးသောခိုင်နှင့်ညီသည်
နောက်ထပ်ပုစ္ဆာတပုဒ်အား တွက်ကြည့်ကြသည်။ပြီးသည်နှင့်ဆရာမကိုပြသလေရာ
ခိုင်သည် ညီထက်ဆရာမနှင့်နီးသောကြောင့် အရင်ရောက်လေသည်။ညီကမူ ဟိုတိုး
ဒီတိုးနှင့်နောက်ကျမှရောက်လာလေသည်။ထို့ကြောင့်ခိုင်ကGOOD 1ညီကGOOD 2
ရလေသည်။နောက်တပုဒ်တွင် ခိုင်အရင်ပြီးသော်လည်း မမှန်၍ပြန်တွက်ရလေသည်။
ညီသည်ထိုပုစ္ဆာရော နောက်ပုစ္ဆာတွင်ပါ GOOD 1ရ၍ ခိုင်ကတော့ GOOD 2 နှင့်ပင်
ကျေနပ်လိုက်ရလေသည်။
ထိုအချိန်ထိ အခြားသူများမှာ ပထမဆုံးပုစ္ဆာကိုပင် မမှန်နိုင်ကြသေး။စာသင်ခန်းသည်
လည်းစကားသံများနှင့် တဖြည်းဖြည်းဆူညံလာရာ ဆရာမက ကြိမ်လုံးနှင့်ကျောက်သင်
ပုန်းကို ရိုက်၍လှန့်လေသည်။ထို့နောက်ဆရာမက “ခိုင်နဲ့ညီတောင်ရနေပြီ မင်းတို့
လည်းလုပ်ကြလေ သူများတွေကို အားမကျဘူးလား”ဟူ၍ပြောလိုက်လေသည်။ကျောင်း
သားတယောက်မှ“ရသွားပြီလို့သာပြောတာ ငါတို့ကိုဘာမှလည်း မကျွေးပါလား”ဟု
ဆရာမ မကြားအောင်တီးတိုးပြောလေသည်။နောက်တယောက်ကတော့“ဘာရတာလဲ
ဒုက္ခလား နောင်တလား ဟိဟိ ငါ့အထင်တော့ babyလားမသိဘူး”ဟုနောက်လေရာ
အခန်းထဲတွင် ခပ်အုပ်အုပ်ရယ်သံများထွက်ပေါ်လာလေသည်။ခိုင်ကခေါင်းကိုငုံ၍ ရယ်ကာ
ညီကတော့ပြုံးဖြီးဖြီးနှင့်။ထိုအချိန်ထိ ဆရာမအပျိုကြီးက သဘောမပေါက်။“ဟဲ့ ဘာကို
သဘောကျပြီးရယ်နေရတာတုန်း ဟိုနှစ်ယောက်ကရပြီးလို့စောင့်နေရတယ်လေ မြန်မြန်
လုပ်ကြလေကွာ”ဟုဆိုလိုက်လေရာ တခန်းလုံးတခစ်ခစ်နှင့် သဘောတွေကျနေကြပြီး
ခိုင်နှင့်ညီကို ကွက်ကြည့်ကွက်ကြည့်နှင့်။ခိုင်ကသူ့ကိုစနောက်သောဘေးနားမှသူငယ်ချင်း
တွေကို လိုက်လိမ်ဆွဲနေပြီး ညီကတော့ သူ့သူငယ်ချင်းများအားလက်မောင်းတွေကိုလိုက်
ထိုးလေသည်။ထိုအခါကျမှ ဆရာမလည်းသဘောပေါက်ကာ“မင်းတို့နော် စာကိုကျချက်
ချင်းသဘောမပေါက်ဘူး မဟုတ်တာကျတော့ ချက်ချင်းအထအန ကောက်တတ်ကြတယ်
ကဲကဲမြန်မြန်လုပ်ကြကွာ”ဟုပြော၍သဘောကျပြီးရယ်မောလေသည်။ဟုတ်လည်းဟုတ်ပေ
သည်။ဆရာမက အပျိုကြီးဆိုတော့ ဒီလိုကိစ္စမျိုးကို ဘယ်ပေါက်ပါ့မလဲ။ကြားထဲက ခိုင်နှင့်
ညီ နှစ်ယောက်ကတော့...............။

ငါ့ကိုယ်ငါရှင်သန်ခြင်း

ဘ၀ဆိုတာဘာလဲ
ထုံပေပေနဲ့ရုန်းကန်နေရတာလား
ငါ့ကိုယ်ငါမသိချင်တော့ဘူး
အချစ်ဆိုတာဘာလဲ
မျှော်လင့်ချက်တွေနဲ့ရူးသွပ်နေရတာလား
ငါ့ကိုယ်ငါမသိချင်တော့ဘူး
ဘာကိုမှငါစိတ်မ၀င်စားချင်တော့ဘူး
ငါကငါ့ကိုယ်ငါပဲကိုးကွယ်နေချင်တယ်
ငါ့ကိုယ်ငါမေ့ထားချင်တယ်
ငါ့ကိုယ်ငါလွင့်မျောနေချင်တယ်
ငါ့စိတ်ရဲ့ဟိုးအနက်ဆုံးထိ
ငါ့ကိုယ်ငါရှာဖွေတွေ့ရှိဖို့အတွက်
ငါ့ကိုယ်ငါရင်းနှီးသုံးစွဲထားတယ်
ငါ့ရဲ့စိတ်ထဲမှာတော့ဒဏ်ရာတွေအပြည့်
ငါ့ရဲ့ရင်ဘတ်ကဟင်းလင်း
ငါ့ခြေထောက်ပေါ်ငါလျှောက်ရင်း
ငါ့အသက်ကိုငါမှန်မှန်ရှု
ငါ့ကိုယ်ငါကျောင်းနေရတယ်
ငါ့အသက်က၂၀ကျော်ပြီ

Feb 10, 2008

-----

သေဆုံးသွားတဲ့ငါ့ရဲ့လူငယ်ဘဝ
ငါနာကျင်လည်းခရီးဆက်ဆဲ
အသေအချာမပျော်ရတာအိပ်မက်ထဲထိ
ပြောပါ...ငါ့ကိုရူးနေတယ်လို့
ငါကငြီးငွေ့နေရတယ်
ငါမသိတဲ့စိတ်ရဲ့ဆာလောင်ခြင်း
အမှောင်တွေဝိုင်းပတ်ကခုန်
မျက်စိမှိတ်ပြီးခုန်ချလိုက်ရင်
.............။
ကျေးဇူးပြုပြီး စွန့်စားခန်းမပါတဲ့
လတ်လတ်ဆတ်ဆတ်ပုံပြင်တွေပြောပါ
ကြေကွဲသီချင်းတွေငါနားခါးနေပြီ
မင်းတို့ရဲ့အိုဗာအိုက်တင်တွေငါမုန်းတယ်
ခံစားချက်မရှိသလို သိသိနေရတဲ့စိတ်
တခါတခါတွေ့ရတဲ့(မှန်ထဲမှာ)ခပ်ကျကျမျက်နှာ
အပ်ကြောင်းထပ်နေတဲ့ဆုံးမစာတွေ
ငါခြောက်ခြားလာပြီ။
ပြောပါ...ငါ့ကိုအရူးတယောက်လို့
အရူးတယောက်ရဲ့ကောင်းကင်
ရင်ထဲမှာရေးထားတဲ့ဒိုင်ယာရီ
ငါမြင်နေရတဲ့လောကတောင်မှမှုန်ဝါးဝါးနဲ့
မျက်လုံးတွေ၊နှုတ်ခမ်းတွေ
မျက်လုံးတွေ၊နှုတ်ခမ်းတွေ
ငါကရူးသွပ်နေ
အလင်း..........

-------

ချိန်ခါမသင့်ပဲရွာတဲ့နိုဝင်ဘာမိုးလို
ဘ၀ကခဏခဏမေးငေါ့ခံရ
သူတို့တွေကပြောကြတယ်
ကျွန်တော်ကဆိုးရွားတဲ့သိုးမည်း
ဘုန်းကြီးတစ္ဆေလိုနှာခေါင်းရှူံ့ကြ
ကျွန်တော်ကနောင်တတွေရမြဲရတယ်
ငြီးတွားဖို့ရာစကားလုံးတွေ
မရှိတော့တဲ့လောကကြီးကို
ကျွန်တော်မွန်းကျပ်တယ်
ပြီးတော့မုန်းတယ်
ဖြစ်နိုင်ရင်ကျွန်တော်က
ဟိုးအဝေးကြီးကိုသွားချင်တယ်
ဘာရယ်မသိဘဲလွ့င်မျောချင်တယ်
အခြေအနေအချိန်အခါသင့်တဲ့တနေ့
ကျွန်တော်အိမ်ပြန်မယ်
ကျွန်တော့်ကိုယ်ကျွန်တော်သန့်စင်ပြိး
ကျန်တဲ့လှေကားတွေဆက်လျှောက်မယ်
တကယ်တော့ကောင်းကင်ဆိုတာ
ကျွန်တော်နဲ့မစိမ်းပါဘုူး
ကံကြမ္မာကမစိမ်းရင်ပေါ့

" ------"

စိတ်ကူ့းနဲ့ဈေးဝယ်ထွက်သလိုပါပဲ
ဘ၀ကအသေအချာမပျော်ခဲ့ရ
အိပ်မက်မှန်းသိလိုက်လို့လန်.နိုးသလိုမျိုး
ကိုယ့်ကိုကိုယ်သံသယတွေဖြစ်
အဲ့ဒီ့မတင်မကျစိတ်တွေနဲ့
လက်ပွန်းတတီးဖြစ်နေတာကြာပြီ
ခေါင်းစဉ်တပ်စရာအကြောင်းပြချက်
ရေရေရာရာဘာလဲငါမသိ
ငါကငါ့ကိုယ်ငါလိုက်ရှာနေရင်း
စိတ်နဲ့ကိုယ်နေသားတကျမရှိတာခက်တယ်
ဖြစ်ချင်တာတွေများကပြီး
ဘာမှဖြစ်မလာတဲ့ဘ၀မှာ
ဘာဖြစ်သင့်သလဲငါမသိတော့ပဲ
ဖြစ်နေရတဲ့ဘ၀ကိုမုန်းလာတယ်
နာရီတွေကိုငါငြီးငွေ့တယ်
သူတို့ရဲ့ရိုးသားမှူကကျိန်စာတပုဒ်
ဒါကိုမတွေးပဲရူးတဲ့လူကိုငါမုန်းတယ်
စိတ်ကိုသော့ခတ်ထားလို့မရဘူးဆိုတာ
ခင်ဗျားတို့ကိုသိစေချင်တယ်
ပြီးတော့ကိုယ့်ကိုကိုယ်ဒေါသထွက်တယ်
အတိတ်ဆိုတာကိုယ်တိုင်ရေးခဲခြစ်ပုံတူ
အနာဂါတ်ဆိုတာမဆွဲရသေးတဲ့ပန်ချီကား
အချိုးချလိုက်တဲ့အခါသွေးဆူတယ်
တကယ်ဆိုရင်အိပ်နေရင်အကောင်းသား
ငါကိုယ်တိုင်ကခေါင်းစားမိတာ
မနက်ဖန်ကကောသေချာရဲ့လား။

novemberမိုး

ရွာနေတဲ့မိုးတွေကြားထဲ
လွတ်လပ်မှုရဲ့ကချေသည်
သူပျော်ရာအပြုံးများနဲ့ငါ့ရဲ့စိတ်တွေရွှဲသွားတယ်
ရေစိုပန်းချီကားလေးအတွက်မိုးတွေသည်းပေးပါ
နက်မှောင်နေတဲ့လမ်းမတွေထက်အရိုင်းဂီတတွေကြဲချလိုက်ပါ
လွင့်မျောနေသောအပိုင်းအစများခပ်မှိန်မှိန်လျှပ်စီးလက်ပါ
ငါတို့ရဲ့ခြေရာတွေမစွန်းထင်းဘူး
သန့်စင်တဲ့မိုးရေစက်တွေကြားမှာ
ရိုးသားတဲ့ဆုံဆည်းမှုတွေ
မာယာမပါတဲ့ကောက်ကြောင်း
ငါကိုယ်တိုင်ကအဆိပ်မဲ့သစ်သီး
အဆုံးအစမေ့ မျော...မျော..မျော
လမ်းခွဲသွားရလဲဘာအရေးလည်း
ငါတို့ကတထပ်တည်းကျခဲ့
မိုးတွေသည်းသည်းရွာတဲ့ညနေခင်းမှာ
ငါတို့ကအခါသင့်ခဲ့ကြတယ်
ကြုံတောင့်ကြုံခဲပဲ

လွတ်မြောက်ခြင်း

''ညီညီ''ဇဝေဇ၀ါပါပဲ ရင်းနှီးခဲ့တဲ့အသံ၊မဖြစ်နိုင်ဘူးဆိုတဲ့အသိနဲ့ နောက်ကိုလှည့်အကြည့်
''သြော်...နန္ဒာ" စိတ်ကအဝေးကြီးကိုပြန်ရောက်သွားတယ် မှုန်မှုန်မှိုင်းမှိုင်းနဲ့ပေါ့
"မတွေ့ရတာကြာပြီနော်၊နင်အဆင်ပြေရဲ့လား" ကြားတချက်မကြားတချက် အသိကိစုစည်း
"အင်း" ယောင်ယမ်းပြီး ခေါင်းညိမ့်ပြလိုက်မိတယ် အိပ်မက်မဟုတ်တာတော့သေချာတယ်
"ငါနင်နဲ့စကားပြောချင်တယ်ညီညီ၊ နင်ငါ့ကိုသူငယ်ချင်းလိုသဘောထားသေးရင်ပေါ့"
အေးစက်မှုတစုံတရာကကျွန်တော့်ကိုလွှမ်းခြုံထားတယ် ရင်ထဲမှာတော့မငြိမ်သေးတဲ့မီး
"ရပါတယ်ကိုကျော်စိုးဝေရောမပါဘူးလား" ဘေးဘီကိုအကြောင်းမဲ့လိုက်ငေးမိတယ်
"မပါဘူးညီညီ၊ငါတယောက်တည်းပဲ"
" ရှေ့နားကကော်ဖီဆိုင်ကိုသွားရအောင်၊လူကြားထဲမှာမတ်တတ်ကြီးနဲ့”
"ကောင်းသားပဲညီညီ၊သွားကြတာပေါ့"
ကော်ဖီဆိုင်ကတိတ်ဆိတ်လိုက်တာလူကလည်းရှင်းလို့ဟယ်လိုဒါလင်ဆိုတဲ့သီချင်းသံသဲ့သဲ့လေးပျံ့လွင့်နေတယ်၊ကျေးဇူးပြုပြီးသီချင်းကိုပိတ်ပေးကြပါ၊စိတ်ထဲကနေအော်နေမိတယ်ခေါင်းကလည်းတဆစ်ဆစ်ကိုက်နေပြီ၊ဘယ်အချိန်ကမှာလိုက်မှန်းမသိတဲ့ကော်ဖီခွက်တွေရောက်တော့သူကအရင်လိုပဲနို့နည်းနည်း၊သိကြားနည်းနည်းနဲ့ကျွန်တော့်အကြိုက်ဖျော်နေတယ်နေနေမလိုဘူး၊ ဘာမှမလုပ်ပေးနဲ့လို့စိတ်ထဲကနေပြောနေမိတယ်၊သေချာတာက ကျွန်တော်ဖျားနေပြီ။
"ညီ သောက်လိုက်ပါဦး''သူနည်းနည်းပိုရဲလာတဲ့ပုံပဲအယောင်ယောင်အမှားမှားနဲ့ သောက်ချလိုက်မိတယ်၊သိပ်မပူပေမယ့် ကျွန်တော်သီးသွားတယ်
"ညီ ရော့သုတ်လိုက်ပါဦး"
လက်ထဲကိုလက်ကိုင်ပုဝါလေးရောက်လာတယ်
လိပ်ပြာရုပ်လေးတွေနဲ့သူမပြောင်းလဲသေးဘူး၊အရင်လိုပဲ၊မှတ်မိနေတဲ့ကိုယ့်ကိုကိုယ်တောင်စိတ်နာနေမိပြီ။ "ညီ နေကောင်းရဲ့လား၊နင့်ကိုကြည့်ရတာ မလန်းသလိုပဲ"
"ကောင်းပါတယ်၊ဒီလိုပါပဲ ဘာမှမဖြစ်ပါဘူး"
"နင့်ဆီ ငါလာသေးတယ်ညီ"
"ငါမသိဘူး"
"ဟုတ်တယ် အဲ့ဒီအချိန်မှာနင်မရှိတော့ဘူး"
စကားစပြတ်သွားတဲ့ အခိုက်အတန့်ကိုတောင်သိပ်ကြာလှပြီထင်မိတယ်
"ငါပြန်ရောက်တာ တလလောက်ရှိပြီ"
"နင်ပြန်သွားမှာလား၊ဘာလုပ်မယ်စိတ်ကူးလဲ"
"အခြေအနေအရပါပဲ၊ဒါနဲ့နင်ကလေးရပြီလား"
"မရသေးပါဘူး၊ဒီလိုပါပဲ"သူငယ်ချင်းတွေအကြောင်းပြောလိုက်၊ဟိုဟိုဒီဒီပြောလိုက်နဲ့နှစ်နာရီလောက် စကားလက်ဆုံကြခဲ့တယ်သူ့ဖုန်းနံပါတ်နဲ့လိပ်စာပေးသွားတယ်၊ နင်လာလည်ပါတဲ့၊အဲ့ဒီနေ့က အိမ်အပြန်မိုးမိတယ်အိမ်ရောက်တော့ကျွန်တော်ဖျားတယ၊်ခေါင်းကိုက်တာလည်းတအားပဲ ဘယ်လိုအိပ်ပျော်သွားလဲမသိလိုက်ဘူး မနက် အမေ့ကို သူနဲ့တွေ့တဲ့အကြောင်း ပြောမိတယ်၊အမေကပြောတယ် သားရင့်ကျက်သင့်ပြီတဲ့ဘာကိုရည်ရွယ်ပြီးပြောရတာလည်း အမေ၊ကျွန်တော်ရင့်ကျက်နေပါပြီ၊
23နှစ်ဆိုတဲ့အတိုင်းအတာမှာထိုက်သင့်သလောက်တော့ရင့်ကျက်နေပါပြီ၊ရေခြားမြေခြားမှာလည်း ဘ၀ကိုရုန်းကန်ခဲ့ဘူးတယ်၊အမေဘာကိုပြောချင်တာလည်း၊စိတ်ကိုပင်ပန်း စေတဲ့အတွေးတွေနဲ့ အခန်းထဲမှာကျွန်တော်တယောက်တည်း။ ညနေကိုမျိုးရောက်လာတယ်၊သူနဲ့ကျွန်တော်ကမလေးရှားမှာအလုပ်အတူတူလုပ်ခဲ့ကြတယ်ညီအကိုလို ရင်းနှီးတယ်ဆိုပါတော့၊သူက ကျွန်တော့်ထက် ၅နှစ်လောက်တော့ကြီးတယ်။
"ညီ..ငါတို့ပြန်ရောက်တာတလလောက်ရှိပြီ၊ မင်းဘာဆက်လုပ်မယ်စိတ်ကူးလဲ"
"အခြေအနေအရပေါ့ကိုမျိုး၊နားတာကလည်းခုမှအရှိန်ရနေတာ"
"အတိုင်းအတာတခုထိ နားပြီးပြီလေ၊ရှေ့ဆက်အလုပ်လုပ်ဖို့ရှိသေးတယ်"
"ကိုမျိုးရောဘာတွေစဉ်းစားထားလဲ:
"စင်္ကာပူသွားဖို့အဆက်အသွယ်ရှိတယ်၊အလုပ်၊လစာကောင်းတယ်၊ မင်းစိတ်ဝင်စားရင်လုပ်"
"စိတ်ဝင်စားတယ်၊ဘာတွေလိုမလဲ"
ပြန်ထွက်ဖို့စာရွက်စာတန်းတွေမင်းအဆင်သင့်ပြင်ထား၊ မနက်အေးဂျင့်နဲ့သွားတွေ့ကြမယ်"
အမေကိုပြောတော့အမေကသဘောတူတယ်၊ဟုတ်တယ်ကျွန်တော်ကြိုးစားရမယ်၊ကျွန်တော့်မှာညီလေးနဲ့ညီမလေးရှိတယ်၊သူတို့အတွက်ကျွန်တော်ကြိုးစားရမယ်။ နောက်နေ့ကစပြီး လိုအပ်တဲ့ကိစ္စတွေလိုက်လုပ်တယ်မြို့ထဲနေ့တိုင်းရောက်ဖြစ်တယ်ဆိုပါတော့တရက်သူနဲ့ထပ်တွေ့တယ်၊ပထမတခေါက်လောက်စိတ်မလှုပ်ရှားတော့ဘူး၊သူငယ်ချင်းတွေတုန်းကလိုစလိုက်နောက်လိုက်ရယ်ရယ်မောမောနဲ့၊အဲ့ဒီနေ့ကသူဈေးသွားတာလိုက်ပို့ပေးတယ်၊
လွန်ခဲ့တဲ့၃နှစ်ကျော်ပြန်ရောက်သွားကြတယ်၊ကိုကျော်စိုးကေသူ့ထက်၇နှစ်ကြီးတယ်တဲ့၊
သင်္ဘောလိုင်းတလိုင်းမှာအရာရှိတဲ့၊သင်္ဘောတက်သွားတာမကြာသေးဘူးတဲ့အိမ်မှာတယောက်တည်းနေရတာပျင်းလို့သူကသင်တန်းတွေလျှောက်တက်နေတယ်တဲ့၊နောက်ပိုင်းသူနဲ့ကျွန်တော် အမြဲတွေ့ဖြစ်ကြတယ်၊အဲ့ဒီလိုကနေ......... တခါတလေအိမ်ကိုသူလာလည်တယ်၊ညနေဆိုအင်းလျားမှာလမ်းလျှောက်ကြတယ်၊
သူဈေးသွားတိုင်းကျွန်တော်လိုက်ပို့တယ်ရုပ်ရှင်အတူတူကြည့်ဖြစ်တယ်ဘုရားလည်းရောက်တယ်၊ကစားကွင်းတွေရောက်တယ်
အဆိုးအကောင်းကျွန်တော်မသိဘူး၊မှန်တယ်မှားတယ်မဝေခွဲတတ်တော့ဘူး၊ သူနဲ့တွေ့ရင်ပျော်တယ်၊သူလည်းအဲ့ဒီအတိုင်းပဲတဲ့၊ ပြီးတော့ မောင်လို့သူကကျွန်တော်ကိုပြန်ခေါ်တယ်။ သွားဖို့လာဖို့ကလည်းအဆင်သင့်ဖြစ်နေပြီ၊ခေါ်စာရောက်ရင်သွားရုံပဲ မသွားချင်တော့တာတော့အမှန်ပဲ၊စိတ်တွေရှုပ်လာတယ်၊တရက်သူ့ကို ကျွန်တော်နမ်းမိတယ်၊သူကပြောတယ်
'မောင်ငါတို့စွန့်စားရအောင်"တဲ့ အိမ်မှာအမေကကျွန်တော်ကိုသိပ်စကားမပြောတော့ဘူး၊ကျွန်တော်ရင်တွေ အရမ်းပူတယ်၊ကိုကျော်စိုးဝေဆုံးသွားတယ်လို့ အိပ်မက်ခဏခဏမက်တယ်၊တကယ်လည်းတွေးတွေးနေမိတယ်၊ကျွန်တော်ဘာလုပ်ရမလဲ၊ညီလေးနဲ့ညီမလေးက ကျွန်တော့်ကိုအားကိုးတကြီး ကြည့်ကြည့်နေကြတယ်၊အဖေမရှိတဲ့နောက် ကျွန်တော်ကအကိုကြီးအဖအရာ။ တရက်စိတ်ရှုပ်ရှုပ်နဲ့ အိမ်ထဲအောင်းနေတုန်း
"ညီညီ..မင်းကိုမေမေမေးစရာရှိတယ်"
"ဟုတ်ကဲ့မေမေ မေးပါ"
"သားနဲ့နန္ဒာက ဘာတွေလည်း၊မေမေသိပ်သဘောမကျဘူး"
"အမှန်အတိုင်းပြောရရင် သူနဲ့သားချစ်သူတွေပြန်ဖြစ်နေပြီ"
ဘာ...မိုက်လိုက်တာညီညီရယ်၊ကလေးမလေးကအိမ်ထောင်နဲ့လေ၊ မင်းဘာမှမစဉ်းဘူးလား၊မေ့သားအဲ့ဒီလောက်ထိမိုက်လိမ့်မယ်လို့ မေမေမထင်ထားဘူး၊မင်းကွယ်..."
အမေငိုနေတယ်၊ကျွန်တော့်ရင်ထဲနင့်ကနဲဖြစ်သွားတယ်။
"မငိုပါနဲ့မေမေရယ်...သားကိုချစ်ရင်မငိုပါနဲ့ပြောရင်းနဲ့ မျက်ရည်အလိုလိုကျမိတယ်"
"မင်းကိုချစ်လို့ပေါ့သားရယ်၊ခုဟာကလူကြားလို့မှမတော်" အမေ့ရဲ့မျက်ရည် တွေ ကျွန်တော်မကြည့်ရက်ဘူး။
"မင်းဘာဆက်လုပ်မလဲညီညီ၊မင်းရှေ့ကိုဘာတွေရည်ရွယ်ထားလဲ"
မျက်ရည် တွေသုတ်ပြီးအမေကျွန်တော့်ကိုမေးတယ်
"သားဘာမှမဆုံးဖြတ်ရသေးဘူးမေမေ၊ဘာလုပ်ရမှန်းမသိဖြစ်နေတယ်
"သားရယ်မင်းကမရင့်ကျက်သေးပဲကိုး၊သားကိုမေမေပြောဘူးခဲ့တယ်လေ" ကျွန်တော်ဘာပြောရမှန်းမသိတော့ဘူး
"ကိုယ်ချင်းစာကြည့်ပေါ့ကွယ်၊ပတ်ဝန်းကျင်ကလည်းဘာပြောမလဲ၊လူငယ် တွေ ကိုယ့်ကိုကိုယ်ထိန်းသိမ်းမှုအားနည်းလိုက်တာ၊အေးလေနီးစပ်မှု၊ လွတ်လပ်မှုကရှိနေတာကိုး၊မေမေဘယ်သူ့ကိုမှ၊ဘာမှမပြောချင်ဘူး ၊မင်းလည်းအရွယ်ရောက်နေပြီ၊မင်းခြေထောက်ပေါ်မင်းရပ်တည်နေပြီပဲ၊ ဒါပေမယ့် သားစဉ်းစားပါ၊မင်းစိတ်ချမ်းသာရဲ့လား၊ တပါးသူရော စိတ်ချမ်းသာပါ့မလား၊ဘာသာတရားအရလည်းမလျော်ကန်ဘူးနော်"
ကျွန်တော့်ရင်ထဲ တခုခုဆို့နင့်နေတယ်၊အနှေးဆွဲပြကွက်များ ကျွန်တော့်အတွေးထဲဖြတ်စီးတယ်၊ကျွန်တော်ခေါင်းတွေချာချာလည်နေပြီ။
"ညီညီဦး...သားကြီးတယောက်အနေနဲ့ မင်းကဒီလိုဖြစ်နေရင် အငယ်တွေကိုမင်းဘယ်လိုဦးဆောင်မလဲ၊ဘယ်လိုလမ်းညွှန်မလဲ၊ ဘယ်လိုဆုံးမမလဲ၊သူတို့နားလည်တတ်တဲ့အရွယ်ရောက်နေပြီ၊မင်းကြောင့် ပတ်ဝန်းကျင်မှာ မျက်နှာငယ်စေချင်တာလား၊မင်းရဲ့စိတ်ခံစားမှုတခုတည်းနဲ့ မေမေတို့မိသားစုကို မင်းရက်စက်မယ်ဆိုလည်း မင်းသဘောပဲ"
"သားနားလည်ပါပြီမေမေ၊သားဘာလုပ်သင့်သလဲ သားသိပါပြီ"
ရေမိုးချိုး၊ထမင်းစား၊စိတ်ကိုရှင်းရှင်းထားပြီး ကိုမျိုးဆီသွားတယ်၊ဘာအကြောင်းထူးသလဲပေါ့
"ဟာညီလာငါခုပဲမင်းဆီလာမလို့၊အေးဂျင့်ဆီရောက်တယ်၊ခေါ်စာကျပြီတဲ့၊ ရှေ့လဆန်းလောက်သွားရမယ်၊မင်းဝမ်းမသာဘူးလား"
"၀မ်းသာတာပေါ့ ကိုမျိုးရယ်"ပြောတဲ့စကားအားမရှိတာကျွန်တော်ပဲသိတယ်၊ အိမ်ပြန်တော့ကိုမျိုးက ပြင်ဆင်စရာတွေ ပြင်ဆင်ထားဖို့ မှာလေရဲ့။ ဒီလိုနဲ့ လုပ်စရာရှိတဲ့အလုပ်တွေလုပ်၊၀ယ်စရာတွေဝယ်နဲ့ ကျွန်တော်ပြင်ဆင်နေတယ်၊စိတ်ထဲမှာတက်တက်ကြွကြွတော့ သိပ်မရှိဘူး၊ညညသိပ်မအိပ်ဖြစ်ဘူး၊စဉ်းစားနေတာများတော့ ခေါင်းတွေပူလှပြီ၊နန္ဒာနဲ့သွားတွေ့ရဦးမယ်အခြေအနေအားလုံးကို နားလည်ပေးဖို့နဲ့ မအိပ်ပဲမက်ခဲ့တဲ့ ကျွန်တော်တို့ရဲ့အိပ်မက်ကလေးကို မေ့ပျောက်ပေးဖို့ တောင်းပန်ရမယ်။
"နန္ဒာ...မောင်ပြောစရာရှိတယ်"အသံတွေမတုန်အောင် မနည်းသတိထားပြောရတယ်
"ဘာလဲမောင်...နင်ဘာတွေလုပ်နေသလဲ၊မတွေ့တာ ၄၊၅ရက်ရှိပြီ"
"ငါတို့ရှေ့မဆက်ကြရင်ကောင်းမယ်"
"ဘာလည်းမောင် နင်သတ္တိမရှိတော့ဘူးလား"
"မဟုတ်ဘူး ငါပြောတာသေချာနားထောင်ပါဦး၊
ပြီးမှ နင်ကြိုက်သလိုဆုံးဖြတ်ပါ၊တကယ်ဆိုငါတို့နှစ်ယောက်လုံးမှားတယ်၊ဒါပေမယ့် ဒီအတိုင်းဆက်မှားနေလို့ဖြစ်ဘူး၊ငဲ့ကွက်စရာတွေရှိတယ်''
"ဘာလဲမောင် နင်ငါ့ကိုချိုးနေတာလား''
"ကိုကျော်စိုးဝေကိုသနားတယ်၊ပြီးတော့ ပတ်ဝန်းကျင်မှာ နင်မျက်နှာငယ်ရလိမ့်မယ်"
"ဒါတွေငါဂရုမစိုက်ဘူးမောင်၊နင့်ကိုငါချစ်တယ် နင်ငါ့ကိုချစ်နေမယ်ဆိုပြီးပြီ၊ဘာမှမလိုဘူး"
"အကောင်းဆုံးကို ငါစဉ်းစားပြီးပြီ၊ဆက်မက်လို့မသင့်တော်တဲ့ အိပ်မက်ကိုမေ့လိုက်ပါတော့ဟာ၊ငါ့ကိုလည်းမေ့လိုက်ပါတော့၊ပြီးတော့ သန်ဘက်ခါကြရင် ငါခရီးသွားတော့မယ်"
"ငါသိပြီမောင်၊နင်ငါ့ကိုလက်စားချေလိုက်တာပေါ့၊နင်တော်တော်ကြောက်ဖို့ကောင်းပါလား၊နင့်မာယာမှာ ငါမျောမိသွားတယ်"ချာကနဲသူလှည့်ထွက်သွား မျက်ရည်စက်တွေကျွန်တော့်ရင်ကိုစင်တယ်၊သက်ပြင်းမျှင်းမျှင်းလေးချမိတယ်၊တနေ့သူနားလည်မှာပါ။ နှုတ်မဆက်တဲ့လမ်းခွဲမှုအပြီး၊ကျွန်တော်ဘုရားသွားတယ်၊စိတ်ရဲ့ငြိမ်းချမ်းမှုရအောင်ပါ၊နောက်နောင်ဒီလိုအဖြစ်မျိုး မကြုံပါရစေနဲ့လို့တော့ ဆုတောင်းမိတယ်၊အိမ်ရောက်တော့ နန္ဒာ့ကိုအကျိုးအကြောင်းရှင်းပြတဲ့စာရေးတယ်၊ပြီးတော့စာတိုက်ကနေပဲ သူ့အိမ်ကိုထည့်လိုက်တယ်၊နောက်တရက်လုံးကျွန်တော်ကောင်းကောင်း အနားယူတယ်၊သွားမယ့်မနက်အမေ့ကိုကန်တော့တယ်၊ညီလေးနဲ့ညီမလေးကိုလိမ်လိမ်မာမာနေဖို့မှာတယ်၊ကျွန်တော့်စိတ်လည်းဗလာဖြစ်နေပြီ၊ အားလုံးကိုအတည်ငြိမ်ဆုံး နှုတ်ဆက်ကျွန်တော်သွားတော့မယ်၊ နန္ဒာရေ နင်ငြိမ်းချမ်းပါစေလို့ ငါဆုတောင်းလိုက်ပါတယ်။

something

အနာဂါတ်ကိုမျှော်ကြည့်နေရတာကိုကငါပင်ပန်းတယ်
ဘယ်ဘ၀ကအငြှိုးနဲ့များရွာရသလဲမိုးရယ်
ငါကတစုံတခုကိုပျောက်ရှနေသလိုမျိုး
အာသာမပြေနိုင်တဲ့ဆန္ဒတွေနဲ့ရာသီစက်ဝိုင်းတွေကို ငြီးငွေ့မိပါရဲ့
ငါ့စိတ်နဲ့နှောင်တည်းထားတဲ့ဘ၀ရဲ့အပိုင်းအစတွေက
ငါယုံကြည်ထားတဲ့အမှန်တရားအမြဲလို ၀တ္တရားကြေရမယ်
ငါမြတ်နိုးတဲ့ လွတ်လပ်မှုမှာစွန်းထင်းခဲ့တဲ့ခြေလှမ်းတွေအတွက်
ငါသဘောထားကြီးလိုက်ပြီ
ဘ၀ဆိုတာအလျော်အစားကြီးတယ်တဲ့
ပြင်ဆင်ဖို့လိုနေတာကိုသိရက်နဲ့
မပြောင်းလဲနိုင်တဲ့ငါ့ကိုယ်ငါပေးဆပ်နေရတဲ့ဒုက္ခကမသေးတော့ဘူး
ဝဋ်ကြွေးတွေကြေပါစေတော့လို့ငါဆုမတောင်းတော့ဘူး
အမှားအယွင်းကင်းအောင်ကြိုးစားမယ်
ဘာကိုမှလည်းမမျှော်လင့်ချင်တော့ဘူး
ပေးဆပ်နေရတာကိုက ကျေနပ်ချင်စရာ
တချက်တချက်ရိုင်းချင်တတ်တဲ့ငါ့ရဲစိတ်ကိုလျော့
ပြီးတော့ငြိမ်းသက်လိုက်မယ်
မနက်ဖန်ဆိုတာစိန်ခေါ်ချက်တခုပဲ

ညှို့သော

မျက်ဝန်းတွေက ညှို့လိုက်တာ
အိပ်မက်ထဲထိ ရုန်းမရတော့ဘူး
ငြိတွယ်မိပြီလားလည်း ဝေခွဲမရတော့ဘူး
မျက်ဝန်းတွေထဲကတစုံတရာကိုငါသိတယ်
ဒါပေမယ့်ခင်မင်မှုတွေအစပျိုးပြီး
သက်ဆိုင်သူကရှိနေခဲ့တော့
နောက်ကျတတ်တဲ့ ကံကြမ္မာကိုပဲမချိတင်ကဲ ငြီးတွားရင်း
အရိပ်လေးတခုအဖြစ်နဲ့ခံစားချက်တွေကို သိုဝှက်
မျက်ဝန်းလေးနဲ့အဆုံမှာရင်ခုန်သံရူးသွပ်ခွင့်ကို
ုတိတ်တိတ်လေးကျေနပ်နေတော့မယ်
ဒိုင်ယာရီထဲကရွှေမင်းသမီးရေ
စိတ်ကူးယဉ်အိပ်မက်လေးတွေထဲကငါ့ရဲ့ပျော်ရွှင်ခွင့်တွေအတွက်
နင့်နင့်နဲနဲ ကြေကွဲရမယ်ဆိုလည်း
ကျေးဇူးပဲကွယ်
တခါတုန်းကရေးခဲ့ဘူးတဲ့ တပိုင်းတစ သီချင်းလေးပါ မန္တလေးသူတယောက်ကိုပေါ့

ကျွန်တော်ကြိုက်တဲ့ တရုတ်မင်းသမီးပါ

ငါရေးတဲ့ငါ့အကြောင်း

ငါကရင်ဘတ်ထဲကဝေဒနာတွေကို
စကားလုံးအဖြစ်ပြောင်းလဲနေတဲ့ကောင်
ငါ့နှလုံးသားကထိရှလွယ်တယ်
ဒါပေမယ့်အသည်းမာတယ်
လိုအပ်မယ်ထင်ရင်လက်သီးပြင်တယ်
ငါ့မှာမှတ်တမ်းမှတ်ရာမရှိဘူး
အမာရွတ်တွေကိုမလွမ်းဆွေးတတ်ဘူး
ချော်လိုက်လဲလိုက်နဲ့ငါ့လမ်းငါလျှောက်တယ်
ဘယ်သူကြိုက်ကြိုက်မကြိုက်ကြိုက် ကဗျာတွေရေးတယ်
ပြီးတော့ငါက ကံကြမ္မာကိုမယုံကြည်တဲ့ကောင်
လောကကြီးကိုမကျေမနပ်ဖြစ်ဖြစ်နေတဲ့ကောင်
ငါ့ရဲ့စိတ်ကသူပုန်စိတ်
ဘာကိုမှယုံကြည်ချက်မထားချင်ဘူး
မျှော်လင့်နေရတာကိုငြီးငွေ့နေပြီ
ကိုယ်လုပ်မှကိုယ်စားရတဲ့ဘ၀ထဲ
နည်းနည်းတော့လက်ကြောတင်းတယ်
ဒါပေမယ့်ငါကစိတ်ကူးယဉ်တတ်တယ်
အိပ်မက်မက်ရတာဝါသနာထုံတယ်
တကယ်တော့ ငါဟာဘာကောင်မှမဟုတ်ဘူး
ငါကရင်ဘတ်ထဲကဝေဒနာတွေကို
စကားလုံးအဖြစ်ပြောင်းလဲနေတဲ့ကောင်
ကမ္ဘာကြီးကိုချစ်တဲ့ သူပုန်
ငြိမ်းချမ်းရေးကိုတန်ဖိုးထားတယ်
ကလေးသူငယ်တွေရဲ့အနာဂါတ်ကိုလေးစားတယ်

တံတား

တံတားဟာမြစ်ကမ်းနဖူးတွေပေါ်ကိုမေးတင်ထားတယ် သူ့ရဲ့ခြေဆံလက်ဆံတွေကမြေသားတနေရာဆီကိုအခန့်သားကုပ်တွယ်ထားတယ် စီးနေတဲ့ရေအလျဉ်ကသူ့ကိုပွတ်တိုက်ရင်းကျီစယ်သွားတယ် များသောအားဖြင့်သူမသိချင်ယောင်ဆောင်နေတတ်တယ်
သူ့အပေါ်မှာဝန်အပြည့်နဲ့ယာဉ်တွေ အကြောင်းကြောင်းနဲ့လူတွေဥဒဟို ခါးနာလှချည်ရဲ့လို့သူမငြီးငြူမငြူစူခဲ့ပါဘူး
စည်းကမ်းမဲ့တဲ့လူတွေရဲ့ကွမ်းတံတွေးတွေ
အငွေ့မသေသေးတဲ့ဆေးလိပ်တိုတွေနဲ့
ကြွပ်ကြွပ်အိပ်တွေကိုသာသူစိတ်ပျက်တာပါ
သူဟာအဆင့်အတန်းမခွဲခြားတတ်ဘူး
ငါးအစခွေးအလယ်ငှက်အဆုံးသူထိတွေ့တယ်
သဘာဝတရားကြီးကိုသူကောင်းကောင်းလက်ခံတယ်
သူ့မှာငြင်းဆန်ပိုင်ခွင့်ရွေးချယ်ပိုင်ခွင့်မရှိသလို
အများထင်သလိုလည်းသူဟာမာနမကြီးတတ်ဘူး နွေဆိုခြောက်သွေ့မိုးဆိုရွဲစိုဆောင်းတွေမှာခိုက်ခိုက်တုန်ခဲ့ဘူးတယ်
အချိန်တွေကကြာလှပြီပေါ့
သည်ဘက်ကမ်းကသွားရင်ဟိုဘက်ကမ်းရောက်တယ်
ဟိုဘက်ကမ်းကသွားရင်သည်ဘက်ကမ်းရောက်တယ်
တံတားကတော့ဘယ်မှမရောက်ဘူး တခါကကျီစယ်သွားတဲ့ရေတွေတောင်မိုးတွေအဖြစ်နဲ့သူ့ကိုထပ်ကျီစယ်တယ် မှောက်လျက်လားပက်လက်လားတော့မသိ
သူကတော့မြစ်အပေါ်မှာကန့်လန့်ကြီး
ဘယ်ကိုမှသူမသွားဘူး သူကဒီဇာတိဖွား
သူရှင်သန်ရာဒီရေမြေကိုပဲသူချစ်တယ်တဲ့
ခင်ဗျားတို့ကြားတတ်ရင် ရင်ဘတ်တွေဖွင့်ထားလိုက်ပါ။
အတ္တ္တ+ မာန +မျှော်လင့်ချက်+ အတွေးအခေါ်+ အိပ်မက်+ သူပုန်+ --- --- =ကျွန်တော်

လိုချင်တပ်မက်ခြင်း +နိုင်လိုမင်းထက်မှု +--- ---=အတ္တ

ကိုယ့်ကိုကိုယ်အထင်ကြီးခြင်း +မဟုတ်မခံခြင်း +--- ---=မာန

စိတ်ကူးယဉ်ခြင်း+ နယ်ကျွံခြင်း +--- ---=မျှော်လင့်ချက်

မူမှန်စိတ် +emotion+ ပြန်လည်ရှုမြင်ချက် +--- ---=အတွေးအခေါ်

မသိစိတ် +စွဲလန်းမှု +--- ---=အိပ်မက်

တော်လှန်ခြင်း +အသစ် +နာကြည်းချက် +--- ---=သူပုန်

---+ ---+ --- +---+ ---+ --- =ပါတ်ဝန်းကျင်



အတ္တ+မာန=မျှော်လင့်ချက်

မျှော်လင့်ချက် +အတွေးအခေါ်=အိပ်မက်

အတွေးအခေါ်+ အိပ်မက်=သူပုန်

သူပုန် +--- --- =explosion



သံသယတွေနဲ့အလိုမကျ

အပြောင်းလဲမြန်မြန်ပျင်းရိ

မျက်မှန်တလက်နဲ့စီးကရက်

ဘောင်းဘီတိုနဲ့လမ်းလျှောက်

အသိစိတ်ကလား မသိစိတ်နဲ့လား

ပြင်းရှရှလေးပဲကြိုက်တယ်

ကဲ...ခုန်ချလိုက်မယ်



ဘ၀...........

အမည်မပေးရသေးပါ

အလကားနေအလကားပါပဲဆိုပြီး
ငါအားအားယားယားလျှောက်တွေးနေမိတယ်
အစီမစဉ်မကျတဲ့ပေါက်တတ်ကရအတွေးတွေနဲ့
နေရင်းထိုင်ရင်းငါမျက်မှောင်ကြုတ်ထားတယ်
ငါရှိနေလို့ငါတွေးတာလား၊ငါတွေးနေလို့ငါရှိတာကိုသိတာလား
အသက်ကိုစရှုတာလား၊ထွက်သက်ကစတာလား
လမ်းလျှောက်ရင်ဘယ်ခြေညာခြေဘာက်ုစလှမ်းမိခဲ့လဲ
အိုးအလွတ်ထဲကိုလက်ဖက်ခြောက်ထည့်
ပြီးမှအပေါ်ကဆူနေတဲ့ရေကိုလောင်းချ
ဒါကိုရေနွေးကြမ်းလို့ခေါ်တာလား
ဒါမှမဟုတ်ဆူနေတဲံရေထဲကိုလက်ဖက်ခြောက်ခတ်လိုက်တာလား
ဘယ်ဟာကပိုအရသာရှိမလဲ
လူကိုဘုရားသခင်ကဖန်ဆင်းခဲ့တာလား
ဘုရားသခင်ကိုရောဘယ်သူကဖန်ဆင်းခဲ့တာလဲ
ဗြမ်ဟာကြီးလေးဦးဟာမုတ်ဆိတ်မွှေးတွေနဲ့ကုလားကြီးတွေလား
ရှေးတုန်းဘုရင်တွေကဘာလို့မိန်းမတွေအများကြီးယူကြတာလဲ
ယောက်ခမတွေအများကြီးရှိတော့စိတ်မညစ်ရဘူးလား
ူလူဆိုတာမျောက်ကနေဆင်းသက်လာခဲ့ရင်
မျောက်ဆိုတာကရောဘယ်ကလာတာလဲ
ပြီးတော့လူကနေပြီးဘာကိုဆက်ဆင်းသက်ဦးမှာလဲ
................................................................
................................................................
................................................................
ငါကဘာလို့ဆေးလုံးလေးတွေသောက်သောက်နေရတာလဲ
ဒီနေရာကိုငါဘယ်တုန်းကဘယ်လိုရောက်နေခဲ့ရတာလဲ
သူတို့တွေကဘာလို့မေးခွန်းတွေအများကြီးထုတ်ရတာလဲ
ဒီအဆောင်ရဲ့နံပါတ်က၆များဖြစ်နေမလားမသိဘူး
တွေးနေရတာနဲ့ခေါင်းတွေရှုပ်ပြီးစိတ်တွေမသိုးမသန့်ဖြစ်လာတယ်
ပဲကြီးလှော်ခါးခါးလေးတွေစားရဦးမယ်

မပျံနိုင်တဲ့ငှက်

တယောက်ပြီးတော့တယောက်
ရောက်လာကြတယ်ချန်ထားခဲ့ကြတယ်
နှုတ်ဆက်ထွက်သွားကြပေါ့
တချို့ကရင်ဘတ်ချင်းထိကပ်ပြီး
တချို့ကပခုံးကိုသိုင်းဖက်ပြီး
တချို့ကလက်ကိုတင်းတင်းဆုပ်ကိုင်ပြီး
သူတို့ကနှုတ်ဆက်ကြ
တချိန်ကြရင်ပြန်ဆုံကြမယ်တဲ့
လမ်းတွေကိုသူတို့လျှောက်သွား
အိမ်ပြန်ချိန်ရဲ့ညနေခင်းဟာ
ငါ့အတွက်မပါတဲ့စာရင်းတခုလို
စိတ်မပါသလိုငါကစောင့်ကြည့်
ငါ့ရင်ထဲမှာကြေကွဲနေတာဘယ်သူသိမလဲ
ချန်ထားခဲ့ကြငါ့ကိုတယောက်တည်း
ပြီးတော့တဖြည်းဖြည်းမှုန်ဝါးပျောက်ကွယ်
ငါဆိုတဲ့ကောင်ကမေ့လွယ်ပျောက်လွယ်ပါတယ်
လာတုန်းကလည်းတယောက်တည်း
ပြန်ချိန်တန်ရင်လည်းတယောက်တည်းပါပဲ
အထီးကျန်တယ်ဆိုတာငါ့အတွက်တော့
လူကြားကောင်းအောင်ပြောသလောက်ပဲရှိတယ်
ဘာမှသိပ်ပြီးမထူးဆန်းတော့ဘူး
ခံစားချက်တွေကထုံသွားပြီ၊၊